Saturday, November 27, 2010

သံဝေဂရစရာ လူဆိုးများ


စစ်ထောက်လှမ်းရေး ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်ခင်ညွှန့်ရဲ့ ပုံကိုကြည့်ပြီး၊ လူတွေသံဝေဂရခဲ့ကြတယ်။ တခါတုံးက၊ ဇာတ်မင်း သားလေးလို ကြော့ကြော့လေးနေပြီး မီဒီယာရှေ့မှာ၊ ကလေးတွေကို နမ်းနမ်းပြလေ့ရှိတဲ့၊ ဗိုလ်ချုပ်ခင်ညွှန့်တယောက် အခုလိုမျိုး အထီးကျန်ဆန်စွာ ဇာတ်သိမ်းခဲ့ရလိမ့်မယ်လို့ တွေးထင်ပုံမရခဲ့ဘူး။
(၁)
ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားတွေက ဗိုလ်ချုပ်ခင်ညွှန့်ကို အနည်းဆုံး (၃)ကြိမ်နည်းပါးလောက် အနီးကပ် ဆုံဆည်းခဲ့ကြ ဘူးတယ်။ ပထမအကြိမ်က ဘုန်းမော်အရေးအခင်း ဖြစ်ပွားနေချိန်၊ မတ်လ (၁၅) ရက်နေ့မှာ စစ်ဝါဒီတွေက ရန်ကုန်စက်မှု တက္ကသိုလ်ကျောင်းကို သူပုန်စခန်းတခုလို ဝင်သိမ်းပြီး၊ ကျောင်းသားတွေကို၊ မျက်ရည်ယိုဗုံးနံ့ တွေဝေနေတဲ့ ပင်မအဆောက်အဦးရှေ့မှာ စုထိုင်ခိုင်းတယ်။ ပြည်ထဲရေးဝန်ကြီး ဦးမင်းဂေါင်နဲ့ပညာရေးဝန်ကြီး၊ ပါမောက္ခတွေလာတဲ့အခါ ကိုတင်ထွန်းအောင် ( တတိယနှစ်၊ ဓါတု) က“ ခင်ဗျားတို့ အသုံးမကျလို့ ကျောင်းသားတွေသေကုန်ပြီ” ဆိုပြီး ဒေါသတကြီးထချဲတယ်။“ ဟာ-- ဒီကျောင်းသားလေးက ကျော်ဟိန်း အတိုင်းပါလား။ ကဲ-ကဲ-သူ့ကို ရုပ်ရှင်ရိုက်ပေးလိုက်ကြပါအုံး” ကိုတင်ထွန်းအောင်ရဲ့မျက်နှာရှေ့မှာ ကင်မရာတွေဝဲလာတယ်။ မှတ်တမ်းတင်တဲ့သူကတင်၊ဓါတ်ပုံရိုက်တဲ့သူတွေကလည်း တဖြတ်ဖြတ်ရိုက်၊ အဲ့ဒီအရာရှိနဲ့သူ့ရဲ့လူ နှစ်ယောက်က၊ စာအိပ်ထူကြီးထဲက ဓါတ်ပုံတွေကို တခုခြင်းထုတ်ပြီး ကျောင်းသားတွေရဲ့ မျက်နှာတွေနဲ့တိုက်ကြည့်တယ်။ ကျောင်းသားတွေကို တယောက်ပြီး တယောက်ဆွဲထုတ်ပြီး အဆင့်ဆင့်ခွဲထားတဲ့၊အချုပ်ကားကြီးတွေပေါ်ကို ဖမ်းတင်လိုက်ကြတယ်။ ကျောင်းသားတွေရဲ့ရင်ထဲမှာ၊ အဲ့သလို မိန်းမလိုမိန်းမရပြောတတ်တဲ့ ဗီလိန် ဝင်းညွှန့် လို မျက်နှာနဲ့လူကို မှတ်မိနေဖြစ်ခဲ့ကြတယ်။

စစ်အာဏာသိမ်းပြီး နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ကို အသက်သွင်းလိုက်ပြီး၊ မြန်မာ့ရုပ်သံမှာ သူ့ကိုပြန်တွေ့လိုက်ရတော့မှ….. “ အော် ဗိုလ်ချုပ်ခင်ညွှန့်ဆိုတာ ဒီသူတောင်းစား ကိုး----” လို့ သဘောပေါက်လိုက်မိတယ်။

ဘယ်လိုလုပ်မေ့လို့ရမှာလဲ။ ယမ်းနံ့တွေကြားမှာ အရာအားလုံးက သွေးပျက်ဘွယ်။ နာကျင်စိတ်နဲ့ အံကြိတ်လက်သီးဆုပ်ယုံကလွဲလို့ ဘာမှမတတ်နိုင်တဲ့အချိန်မှာ သူတို့က ဓါတ်ပုံတွေ တခုပြီးတခုထုတ်၊ ကျောင်းသားတွေရဲ့ မျက်နှာတွေကို တရားခံရှာသလို စေ့စေ့စပ်စပ်လိုက်ကြည့်၊ ရိသလိုလို၊ထေ့သလိုလိုမျက်နှာပေးနဲ့--- စိတ်ကူးထဲမှာ အကြိမ်ကြိမ်ဖနှောင့်နဲ့ထပေါက်ခဲ့တဲ့မျက်နှာတခု

(၂)

ဒုတိယကြိမ်တွေ့ဘူးခဲ့တာက မန္တလေးမြို့ မျက်စိနားနှာခေါင်းဆေးရုံမှာဖြစ်တယ်။ အကျဉ်းထောင်ထဲမှာ ကျန်းမာရေးမကောင်းတဲ့ သူငယ်ချင်းတယောက်၊ မျက်စိဆေးရုံမှာ တက်နေတယ်ဆိုတဲ့အတွက် သတင်းသွားမေးနေချိန်။ ဗိုလ်ချုပ်ခင်ညွှန့်လာမယ်ဆိုတော့၊ လူနာလာမေးတဲ့သူတွေကို အကုန်ထွက်ခိုင်းတယ်။ ခင်မင်နီးစပ်တဲ့ သူနာပြုဆရာမလေးကြောင့် ကျနော်တို့တတွေကတော့ ဆေးရုံထဲက အခန်းတခုမှာဆက်လက်နေထိုင်ခွင့်ရခဲ့တယ်။

ခွဲစိတ်ခန်းတွေထဲကိုဝင်ကြည့်ပြီးသိတ်မကြာပါဘူး။ ဗိုလ်ချုပ်ခင်ညွှန့်တို့တတွေ ပြန်သွားခဲ့ကြတယ်။ သူပြန်သွားတော့ ထုံးစံအတိုင်း အတင်းတွေတိုးတိုးတိုးတိုး ကျန်နေခဲ့တယ်။ စစ်အုပ်စုနဲ့နီးစပ်တဲ့ ဆရာမလေးတွေကတော့ “ဟယ် လက်ကလေးတွေကို နုနေတာပဲ” လို့ ဆိုကြသလို၊ စစ်အာဏာရှင်တွေကို ဆန့်ကျင်တဲ့ဆရာဝန်တွေ၊ ဆရာမတွေကတော့“ အောင်မလေး၊ သူတို့အလှည့်ကျတော့ ကြောက်တတ်လိုက်ကြတာ။ ခွဲခန်းထဲဝင်တာတောင် ဆေးရုံကပေးတဲ့ Mask တွေကိုမသုံးရဲဘူး” တဲ့။ တကယ်တော့ ပြည်သူတွေကို သူတို့မယုံပါဘူး။ ပြည်သူတွေက၊ သူတို့ကို မုန်းတီးနေတယ်ဆိုတာကို သဘောပေါက်နေသလို၊ အချိန်မရွေး လုပ်ကြံခံရနိုင်တယ်ဆိုတာကိုလည်း နားလည်နေပုံရတယ်။

(၃) တတိယအကြိမ်ကတော့ တကယ့်ကိုမှတ်မှတ်ရရပါ။ ၁၉၉၅ ဒီဇင်ဘာလထဲမှာ ရန်ကုန်တက္ကသိုလ် စိန်ရတုသဘင်ကျင်းပတော့၊ ကျနော်တို့တတွေ ပင်းယဆောင်နဲ့ ပဲခူးဆောင်က သူငယ်ချင်းတွေဆီမှာ၊ ညပေါင်းများစွာအိပ်ဖြစ်ခဲ့ကြတယ်။ အဆောင်အသီးသီးမှာ တီးဝိုင်းတိုက်နေကြတယ်။ စစ်အာဏာရှင်တွေကို ဆန့်ကျင်နေကြပေမဲ့ ကံ့ကော်ရနံ့သီချင်းသံတွေ၊ လတ်ဆတ်မှုနဲ့ ရင်ခုန်ခြင်းအိပ်မက်တွေကြားမှာ ကျောင်းသားတွေ နုပျိုတက်ကြွနေကြတယ်။ ဒါပေမဲ့ ရုတ်ချည်းဆိုသလိုပဲ တက္ကသိုလ်ဆောင်တွေပေါ်ကို ကျီးကန်းအုပ်တွေနဲ့ ငှက်ဆိုးတွေ ပျံဝဲလာခဲ့တယ်။ ဗိုလ်ချုပ်ခင်ညွှန့်က “မျိုးဆက်ဟောင်း မျိုးဆက်သစ်တွေရဲ့ညနေစာ စားပွဲတွေကိုကျင်းပပြီး လက်ရှိကျောင်းတက်နေတဲ့ ကျောင်းသူကျောင်းသားတွေနဲ့ ညနေစာလာစားလေ့ရှိတယ်။ သူက စစ်ကိုင်းဆောင်ကျောင်းသားဟောင်းလို့ဆိုတယ်။ ဟုတ်သလားမသိပါဘူး။ သူတို့မှာ လံကြုတ်ဇာတ်လမ်းတွေကလည်းအများသားဆိုတော့ မြစ်ထဲရေရှိတယ်ပြောရင်တောင်မှ ပြေးကြည့်ရအုံးမှာ။ ကားပေါ်ကနေ ဆင်းလာတဲ့သူ့ရဲ့ပုံ ကို ကြည့်ရတာ၊ ကိုယ့်ဘာသာ ယုံကြည်မှုအပြည့်ရှိနေတဲ့ပုံပဲ။ ကျောင်းသားတွေက သူ့ကို မျက်စောင်းထိုးကြည့်နေလည်း၊ သူကပြုံးပြီးလက်ပြနှုတ်ဆက်တယ်။ (သတင်းမှတ်တမ်း ကင်မရာတွေက ရိုက်နေတော့ သေချာလုပ်တာနေမှာပေါ့လေ) သူတို့ကလည်းသေချာပေါက်တွက်ထားပုံရတယ်။ ဒီမျိုးဆက်ပြီးရင်၊ တက္ကသိုလ်ကျောင်းသားတွေကို သူတို့ပြန်ထိန်းချုပ်လို့ရပြီလို့။ ထင်နေတယ်။မကြာဘူး။ ၁၉၉၆ ကျောင်းသားလှုပ်ရှားမှုထဖြစ်တော့တယ်။ ၁၉၉၆ ဒီဇင်ဘာ (၃၁) သတင်းစာရှင်းလင်းပွဲမှာ မျက်နှာတခုလုံးမဲပြီး စိတ်ပျက်ဒေါသထွက်နေတဲ့သူ့ပုံကိုကြည့်ပြီး ကျောင်းသားတွေသဘောကျခဲ့ကြတယ်။

အော်---ခုတော့လည်း ရွာကဘုရားဖူးလာတဲ့အဘ အပူရှပ်ပြီး ရှောင်တခင်ခင်ဖြစ်နေတုံး အာဏာပိုင်တွေက ခေါ်ယူမေးမြန်းခံရတဲ့အဖြစ်လို ဖြစ်နေတော့တယ်။ ( ဖြစ်နိုင်တာကတော့ အတိုက်အခံတွေအပေါ် ဘယ်လိုမာယာသုံးပြီး ဖြိုခွဲသင့်သလဲ သွားမေးတာနဲ့တူပါတယ်။ ဗိုလ်ချုပ်ခင်ညွှန့် ကို မာယာညွှန့်အဖြစ်လူသိများတာမို့လား)

ဗိုလ်ချုပ်ကြီးခင်ညွန့် အာဏာရှိစဉ်က ဗိုလ်ချုပ်ကြီး စောဗိုလ်မြတို့တွေ့ဆုံစဉ်က ဗွီဒီယိုပါ( အပြောကတော့ ဇတ်မင်းသားဘဲ)
ဗမာပြည်မှာ၊ ညအချိန်မတော် ငှက်ဆိုးထိုးသံလိုရောက်လာပြီး ခြိမ်းခြောက်နှိပ်စက်ခံရမှုမျိုးစုံနဲ့ မိသားစုတွေဖရိုဖရဲ ဘဝပျက်ခဲ့ကြတယ်။ စစ်ကြောရေးစခန်းတွေမှာ လူမဆန်တဲ့ နှိပ်စက်နည်းပေါင်းစုံနဲ့ နိုင်ငံရေးလုပ်သူတွေကို ဘဝတွေကျိုးကြေစုတ်ပြတ်သွားအောင်၊အဓိက ကျူးလွန်ခဲ့သူတွေက စစ်ထောက်လှမ်းရေးတွေပါပဲ။ သူတို့ကို ခွင့်လွှတ်စိတ်နဲ့ တွေးကြည့်ဖို့ဆိုတာတော်တော်လေးကို ခက်တဲ့ကိစ္စပဲ။ တခုတော့ရှိတယ်။ အာဏာပြိုင်ဆိုင်မှုမှာ ရှုံးနိမ့်ထွက်ပြေးခဲ့ရတဲ့ စစ်ထောက်လှမ်းရေးဟောင်းတွေက ဗိုလ်ချုပ်သန်းရွှေနဲ့ အမာခံလူတွေကို လုပ်ကြံသတ်ဖြတ်ပြနိုင်မယ်ဆိုရင်တော့ ပြည်သူတွေက နားလည်ခွင့်လွှတ်ပေးနိုင်ပါတယ်။ ကဲ စစ်ထောက်လှမ်းရေးဟောင်းများ ဘယ်လိုလဲ။တချိန်တုံးက လျှမ်းလျှမ်းတောက်ခဲ့တဲ့ ခေါင်းဆောင်တယောက်အတွက် ပြန်လည်ခံစားမှုသီချင်းတွေအောက်မေ့ရင်း ဘဝသစ်တခုကို လိပ်ပြာသန့်သန့် တွယ်ဖက်စေချင်ပါတယ်။

အောင်မိုးဝင်း

0 comments:

Share & Enjoy

Twitter Delicious Facebook Digg Stumbleupon Favorites More