Sunday, November 14, 2010

ဒေါ်အောင်ဆန်းစုကြည် ယနေ့ လူထုကို မိန့်ခွန်းပြောမည်



ဒေါ်အောင်ဆန်းစုကြည် သည် ယနေ့ နံနက် ၁၁ နာရီ ခန့်၌ နိုင်ငံတကာ သံတမန်များနှင့် တွေ့ဆုံမည်ဖြစ်ပြီး ၁၂ နာရီတွင် NLD ရုံး ချုပ် ၌ လူထုကို ပထမဆုံး မိန့်ခွန်း စပြောမည်ဖြစ်သည်။ ထို့နောက် ပြည်တွင်းပြည်ပ သတင်းစာဆရာများနှင့် သတင်းစာ ရှင်းလင်းပွဲလုပ်မည်ဟု သတင်းရသည်။ ထို့အပြင် ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သည့် NDFပါတီအပါအ၀င် တခြားပါတီများ တသီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်းများနှင့် တွေ့ဆုံမည်ဖြစ်သည်။ ယခုအခါ NLD ရုံးချုပ်ရှေ့တွင် လူထု စတင်ရောက်ရှိ နေပြီဟု သိရသည်။


ဒေါ်အောင်ဆန်းစုကြည်ကို “ We Love Suu” စာတန်းများကိုင်၍ ကြိုဆို

ဒေါ်အောင်ဆန်းစုကြည် ပြောကြားမည့် မိန့်ခွန်းကို နားထောင်ရန်အတွက် NLDရုံးချုပ်ရှေ့တွင် လူ တထောင် ခန့် လာရောက် စုဝေးနေပြီး “ We Love Su” ဆိုသည့် စာတန်းများကို ကိုင်ဆောင်၍ ကြိုဆိုနေကြကြောင်း၊ ပူပြင်းသည့် နေရောင်အောက်တွင် မြို့နယ်အသီးသီးမှ ထောက်ခံသူများက မိသားစုလိုက်၊ အုပ်စုလိုက် ရောက်ရှိနေပြီဖြစ်ကြောင်း သတင်းရသည်။

NLD ရုံးချုပ်သို့ ဒေါ်အောင်ဆန်းစုကြည် ရောက်

ဒေါ်အောင်ဆန်းစုကြည် NLD ရုံးချုပ်သို့ ရောက်ရှိလာပြီး လူထုကြီးက “ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ” ဟု ကြွေးကြော်၍ လက်ခုပ်တီး ကြိုဆိုကြသည်။ လူထုကြီးမှာ များပြားသည့် အတွက် ရွှေဂုံတိုင် လမ်းမကြီးတလျောက် ကားအသွားအလာ ရပ်ဆိုင်းထားရပြီး NLD အဖွဲ့ဝင်များက လူထုကို နောက်သို့ဆုတ်ပေးရန် မေတ္တာရပ်ခံနေသည်။
ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်း နားထောင်ရန် လူထုစောင့်ဆိုင်း
ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံရန်လာသည့် လူအုပ်ကြီးနှင့် ကားများမှာ အလွန်များပြားပြီး အုတ်လမ်း၊ လင့်ခ်လမ်းထိပ်အထိ ရောက်ရှိနေကြောင်း၊ လူများသည် ပူပြင်းသည့် နေရောင်အောက် လမ်းမပေါ်တွင် ထီးမဆောင်းဘဲ ငြိမ်သက်စွာ စောင့်ဆိုင်းနေကြောင်း သတင်းရသည်။
ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေး အထူးသတိထားရန်လို

၂၀၀၃ ခုနှစ်က ဖြစ်ပွားခဲ့သည့် ဒီပဲယင်း လူသတ်ပွဲကြောင့် ယခုအခါ ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကို ပိုမိုပြီး အထူး သတိ ထား ရမည်ဖြစ်ကြောင်း NLD ခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင်က ဧရာဝတီကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် လူထု ကွန်ရက်ဖွဲ့စည်းမည်
ယမန်နေ့ညက ပြန်လည်လွတ်မြောက်လာပြီးနောက် NLD ဗဟို အလုပ်အမှုဆောင် အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည် က ပထမဆုံး လူထု အသံကို နားထောင်ပြီး လူထုကွန်ရက်တခုဖြစ်ရန် ဖွဲ့စည်းမည်ဖြစ်ကြောင်း၊ တိုင်းရင်းသား အရေးနှင့် ပတ်သက်၍ ဒုတိယ ပင်လုံညီလာခံ ပုံစံမျိုး ညီလာခံတခုဖြစ်လာစေရန် ကြိုးစားမည်ဖြစ်ကြောင်း၊ တပ်မတော် ခေါင်းဆောင်များနှင့် လည်း ဆွေးနွေး သွားမည်ဖြစ်ကြောင်း၊ ပြီးခဲ့သည့် ရွေးကောက်ပွဲကာလ မဲလိမ်၊ မဲခိုး၊ မဲ မသမာမှု များကိုလည်း ဖော်ထုတ်သွားမည်ဟုပြောဆိုကြောင်းသိရသည်။

တိုးပေါက်မလွယ်တဲ့ လူအုပ်ကြီး

၇ နှစ်အကြာမှာ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး နေအိမ်အပြင်ဘက်ထွက် လူထုစကားပြောမှုကို လာရောက်နားထောင်သူဟာ အနည်းဆုံး ၄ သောင်းကျော်မယ်လို့ သွားရောက် နားထောင်နေတဲ့ မဇ္ဈိမသတင်းထောက်တွေက ခန့်မှန်းထားကြပါတယ်။

လူအုပ်ကြီးက “တိုးပေါက်လို့မလွယ်အောင် ပြည့်ညှပ်ကြပ်နေတယ်” လို့ သတင်းထောက် တယောက်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ၁၂ နာရီမှာ လူထုဟောပြောပွဲ လုပ်မယ်

တားမြစ် ကန့်သတ်ချက်တွေ မပါဘဲ နေအိမ်အချုပ်ကနေ လွတ်မြောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ယနေ့ မွန်းတည့် ၁၂ နာရီ မှာ လူထုမိန့်ခွန်း ဟောပြောမှုကို ရန်ကုန်မြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။
ဟောပြောမှု ပြီးသွားတဲ့နောက် မွန်းလွဲ ၂ နာရီမှာ ပါတီ အတွင်းရေးမှူး ဦးလွင်၏ ဇနီး ဒေါ်တင်တင်မလေးရဲ့ ဈာပနကို လိုက်ပါ ပို့ဆောင်မှာလည်း ဖြစ်ပါတယ်။

တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ကနေ မနက် ၁ဝ နာရီခွဲမှာ ထွက်မှာဖြစ်ပြီး ဟောပြောမှု မတိုင်ခင် ရွှေဂုံတိုင်လမ်း ရုံးချုပ်မှာ နိုင်ငံခြား သံတမန်များနဲ့ တွေ့ဆုံမှု လုပ်မှာဖြစ်ပါတယ်။

သူမကိုတွေ့ဖို့ ရုံးချုပ်မှာ လာစောင့်နေသူကတော့ အခုကိုပဲ ၂ဝဝ ကျော်သွားပြီလို့ ပါတီ ဗဟိုဦးစီးအဖွဲ့ဝင် မဖြူဖြူသင်းက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ပြောနေတဲ့ မိန်းခွန်းထဲက ကောက်နှုတ်ချက်တချို့

“ လူတွေရဲ့စိတ်ထဲမှာ ဘာတွေဖြစ်နေသလဲဆိုတာ မသိသေးဘူး။ နားထောင်ရဦးမယ်။ လူထုအသံကို နားထောင်ချင်တယ်။ တယောက်တည်း ထပြီးပြောနေတာ အဆင်မပြေဘူး။ တယောက်တည်းက ပြောနေတာကို ကျန်တဲ့လူတွေက နားထောင်နေရတာက ဒီမိုကရေစီ မကျဘူး။"
“ ပြည်သူ့လုပ်အားတဲ့ အလုပ်လုပ်ချင်တယ်။ ကျမတယောက်ထဲ အလုပ်လုပ်မလုပ်ချင်ဘူး။ တယောက်ထဲ လုပ်တာ ဒီမိုကရေစီ မဟုတ်ဘူး။ ကြင်နာမှုရှိတဲ့ ကမ္ဘာသူ ကမ္ဘာသားတွေရှိနေတယ်။”

ဒေါ်အောင်ဆန်းစုကြည်ဟာ အခုဆိုရင် အန်အယ်ဒီရုံးချုပ် လူထုမိန့်ခွန်းဟောပြောမှု ပြုလုပ်နေပါတယ်။

သူမဟောပြောတဲ့အထဲက ကောက်နှုတ်ချက်တချို့ကို တင်ပြရရင် “ ပြည်သူတွေမပါဘဲနဲ့ ဘာကိစ္စမှ မအောင်မြင်ဘူး၊ ဘာမှ လုပ်လို့ မရဘူး။ ကျမတို့ အလုပ်ကို လုပ်ကြရမယ်။ ကျမတို့က ကံ ကံလို့ ပြောတယ်။ ကျမတို့ အလုပ်ကို လုပ်ကြရမယ့် တာဝန်ကို မကြောက်ဘူး၊ တာဝန်မကျေမှာကို ကြောက်တယ်”

0 comments:

Share & Enjoy

Twitter Delicious Facebook Digg Stumbleupon Favorites More