Saturday, August 27, 2011

ပျက်အစဉ် ပြင်ခဏ

လွန်ခဲ့တဲ့ နှစ်များတုန်းက တချို့ လူကြီးတွေ ဂုဏ်ယူစွာ ပြော ပြောနေတဲ့ စကားတခွန်းကြားဖူးတယ်။
ဟေ့ ငါတို့ ဗမာပြည်မှာ ထမင်းငတ်ပြီး သေတဲ့ မသာ မရှိဘူး တဲ့...

အများအားဖြင့် ပီတိကိုစား နာသုံးနာဖြင့် အသက်မွေးနေသော ကျောင်းဆရာများ ပြောတတ်တယ်။ တခြားသော ဌာနက လူကြီးတွေလဲ ပြောနေကြတာလဲ ကြားဖူးပါတယ်။
ရိုးရိုးတွေးရင်တော့ ဆန်စပါးပေါကြွယ်တဲ့ နိုင်ငံမှာ ထမင်းငတ်ပြီး မသေလောက်ပါဘူးလို့ ထင်စရာပေါ့။ ဒါဗေမဲ့ ဒီစကားရဲ့နောက်ကွယ်မှာ အဓိပ္ပါယ်တခုတော့ ရှိတာ သေချာတယ်။


တချိန်က ထိုသူများ ပြောလိုက်ရတဲ့အကြောင်းအရင်းက မြိုနယ်ကောင်စီ ဥက္ကဌ နေရာများကို တပ်မတော်မှ အငြိမ်းစားယူတဲ့ ဗိုလ်မှူးအဆင့်တွေကို ဗိုလ်ချုပ်ကြီးနေ၀င်းရဲ့ အစီအစဉ်တခုမှ လဒ်စားသော အရာထမ်းများ အကျင့်သီလ နည်းပါးမှုကို ထောက်ပြ ပြောဆိုတာကို မှတ်ယူပါ။ ဒါလည်း တိုင်းပြည်ကောင်းကျိုး ဆောင်ရွက်ရန်ထက် လက်ဝေခံ ဆရာတပည့် ဝေစားမျှစား သံယောဇဉ်ဖြင့် လက်သပ်ထိုး ချပေးတဲ့ စနစ်တခု ဖြစ်၏။ တာဝန်ကျရာ မြို့များသို့ ရောက်ရှိပြီး များမကြာမှီ ထို အရာထမ်းများသည် တနှစ်ခြင်း တနှစ်ညခြင်း ( နေ့ခြင်း>တနှစ် ) ကြီးပွား ချမ်းသာလာကြ၏။ ဘိုးဘိုးအောင် မစရင်တောင် ဒီလောက် မြန်မယ်မထင်း)၊ အထူးသဖြင့် နယ်စပ်ဒေသများတွင်း မှောင်ခို လုပ်ငန်းဖြင့် အသက်မွေးကျသော မြို့များတွင် အများဆုံး တွေ့ရတတ်သည်။


သူငယ်ချင်းတယောက်က ငါတို့ အဖေက အဲဒီခေတ်မှာ ဂဠာန်စီမံချက်မှာ လူကြီးတယောက်ဖြစ်တယ်ပေါ့၊ သူ့အဖေ ဘော်ဒီဂါတ်တောင် သူတို့မြို့မှာ ဆိုင်ကားအစီး ၁၀၀ လောက် ပိုင်ဆိုင်တဲ့ အုံနာတယောက် ဖြစ်ခဲ့တယ်၊ ကျန်တဲ့ လက်အောက် အရာထမ်းတွေဆို မပြောနဲ့တော့တဲ့ မြို့မျက်နှာဖုံးအသွင်ဆောင်လာကြတယ်လို့ ပြောဖူးခဲ့တယ်။ ဆက်လက်ပြီး ငါ့အဖေက အမြဲပြောတယ်.. ငါ့အတွက်နဲ့ ငါ့သာသမီးတွေ သူများ ပါးစပ်ဖျားမှာ မဆုံးစေချင်ဘူး။ မချမ်းသာခြင်နေ ကိုယ်ကျင့်တရားတော့ မစွန်းခံနိုင်ဘူးလို့ ကျွန်နော် သူငယ်ချင်းက ထပ်ပြောပြတယ်။ ဒီနေရာက ကျွန်နော်အတွေးတခု ထပ်ရလိုက်တာက ကိုယ်ကျင့်တရား ပဲ ။

ဂဠာန်စီမံချက်ဆိုတာက ပြည်တွင်းပြည်ပ ထွက်ကုန်များ တရားမ၀င် ရောင်းဝယ်ဖေါက်ကားခြင်းမှ ကာကွယ်တားဆီးရေး လို့ ယေဘုယျ မှတ်ပါ။

အများအကျိုးအတွက် လုပ်ဆောင်ကြပြီဆိုရာဝယ် ထို အများအကျိုး ပြည်သူ့အကျိုး တိုင်းပြည်အကျိုးလို့ ဘန်းပြပြီး ကိုယ့်ကျိုးဖြင့် အသက်မွေးပြီး အသက်ရှင်ခဲ့လျှင် ထိုသူသည် သန့်ရှင်းသော အစားတလုပ်အတွက် အသက်ဆက်နိုင်ဖို့ အရည်အချင်း မရှိသည့်ကြောင့် အသက်ရှင်လျှက်နဲ့ ဘ၀ သေနေတဲ့သူတယောက်လို့ မှတ်ယူရမည်။ ထိုသို့သော အာဏာပိုင်များသည် ထမင်းငတ်ပြီး မသေနိုင်ဘူး ဆိုတဲ့ စကားနဲ့ လားလားမှ မအပ်စပ်သဖြင့် ထမင်းငတ်ပြီး သေတတ်ဖို့ ကြောက်သူများဟု ထင်စရာ ဖြစ်လာ၏။



ကိုယ့် ထမင်းတလုပ် ဒါမဟုတ် ထမင်းတနပ်အတွက် သူတပါး အငြိုအငြင်၊ မသမာတဲ့နည်းလမ်းများစွာဖြင့် ရယူ စားသုံးတာလား၊ သို့တည်းမဟုတ် ကြည်ဖြူစွာ ရယူခြင်းဖြင့် စားသုံးတာလား အပေါ် စဉ်းစားဖို့လိုလိမ့်မယ်။


စဉ်းစားတယ်ဆိုတာက ....
ဗမာပြည်မှာ ထမင်းငတ်ပြီး သေနိုင်တဲ့ မသာ အပေါ်ပေါ့း)၊

(၁) တကယ့် ကိုယ်ကျိုးစွန့် အနှစ်နာခံ လုပ်ဆောင်သွားတဲ့သူတွေဟာ လူသာသေသွားဗေမဲ့ နာမည် မသေဘူးဆိုတဲ့ စကားတခွန်း ဖတ်မှတ်ကြားသိခဲ့ရတယ်။
(၂) ဆန့်ကျင်ဘက်ကတော့ တိုင်းပြည် အကျိုးကိုတော့ ဆောင်ရွက်ပါလျှက်နဲ့ အနှစ်နာမခံပဲ လစ်ရင် လစ်သလို မိမိစားသုံးရမဲ့ ထမင်းတလုပ်အတွက် ၀ိုက်စား ကြ၏။


ထို နှစ်မျိုးထဲက တခုခုကို ဟဲ့ကောင်လေး ဘယ်အမျိုးက ထမင်ငတ်ပြီး သေတာလဲလို့ မေးလာလျှင် ဒုတိယ အမျိုးစားကို ရွေးချယ်မိမှာပဲ။

ယနေ့ မြန်မာပြည်မှာ ထမင်းငတ်ပြီး သေတဲ့ မသာ မရှိဘူးဆိုတဲ့ စကားအသုံးအနှုံး ကြားဖူးသလားမသိ။ အင်း.. ဗမာပြည်ရယ်လို့ မခေါ်ဝေါ် မသုံးစွဲခဲ့တော့ ဗမာပြည်မှာ ထမင်းငတ်ပြီး သေတဲ့ မသာမရှိဘူးဆိုတာထက် မြန်မာပြည်မှာ ထမင်းငတ်ပြီး သေတဲ့ မသာ ရှိတယ်လို့ ပြောရမလို ဖြစ်နေ၏။ နာမည်ကြီး ဆရာတော်တပါးက မြန်မာပြည်မှာ သူခိုးနဲ့ ခွာသေးသေး သူတောင်းစားတွေ များလာတယ် လို့ တရားဟောတာ ကြားဖူးခဲ့တယ်။



ကျွန်နော်တို့ ငယ်ငယ်က ရပ်ကွက်အဆင့် ကျေးရွာအဆင့် ဥကဌ အတွင်းရေးမှူး စတဲ့ အရာထမ်းများဟာ စေတနာ့ဝန်ထမ်းများအဖြစ် လစာ မရ။ အကောင်ကြီးကြီးတွေ တိုင်းခမ်းလှည့်လည်လို့ ယောင်မှားပြီး ထိုရွာသို့ ရောက်လာလျှင် မိမိစရိတ်နှင့် ပြုစုဧည်ခံရ။ ဌာနာဆိုင်ရာက အရာရှိတွေ လာရင်လည်း ကိုယ့်မှာ ရှိတာတွေ ချကြွေး။ ကိုယ်ပိုင် အသက်မွေးဝမ်းကြောင်း လုပ်ငန်းလဲ အချိန်မရလို့ မလုပ်နိုင်သောကြောင့် စီးပွားလျှော့ရဲလာ၏။ ထိုကြောင့် မည်သူမှလည်း ဒီအလုပ်ကို မလုပ်ချင်၊ တဖက်ကလဲ ရပ်ရွာမှာ လူကြီးမရှိရင် မဖြစ်၊ ဓမ္မာရုံသို့ခေါ် လူစုပြီး ဒီမိုကရေစီကျကျ ရွေးကောက်တက်မြောက်ကြခဲ့သည်။ အများဆန္ဒအရသာ တာဝန်ကို ယူလိုက်ရသော်ငြားလည်း တင်မြောက်ခံရတဲ့သူဟာ ဗြဟ္မာဦးခေါင်းကြီးကို ကိုင်ရသလို ခံစားလိုက်ရ၏။ ထိုခေတ်များတုန်းက ရပ်ကွက် ကျေးရွာအဆင့်များတွင် ရပ်ရွာအကျိုး ဆောင်ရွက်နေသူများသည် လစာ အဖိုးအခအဖြစ် သတ်သတ်မှတ်မှတ်မဟုတ်ပဲ ဖြူစင်သော စေတနာအရင်းခံအတိုင်း ဆောင်ရွက်ခဲ့ကြသည်။


ယနေ့ခေတ်မူကား ရပ်ရွာဥကဌ ရာထူးကို ငမ်းငမ်းတက် လိုချင်သူများ ပေါလှပါ၏။ တချို့က ဒီတာဝန်ကို လာဒ်ထိုးပြီး ရယူသတဲ့....
ဟိုခေတ်များနှင့် နှိုင်းယှဉ်လိုက်ရင် ဒီရာထူးဟာ မက်လောက်စရာ မဖြစ်လောက်ပါ။
ခက်ရပါ၏။...

အထက်ပါ အကြောင်းအရာမှ တဆင့် ပုံသဏ္ဍာန် ကွဲပြာသော်ငြားလည်း မြို့၊ တိုင်းဒေသ အသီးသီးတွင် တာဝန်ယူထမ်းဆောင်နေသော အရာထမ်းများ အားလုံးဟာ တိုင်းပြည်အပေါ် ရိုးသားစွာ တာဝန်ယူနိုင်ခဲ့လျှင် မြန်မာပြည်တွင် ထမင်းငတ်ပြီး သေတဲ့သူ မရှိဟု ကြွေးကြော်နိုင်လိမ့်မည်။

ခေတ်မှီတိုးတက်သော ကွန်မြူနစ်စနစ်ကို ချီတက်နေသော တရုတ်တို့ဟာ လဒ်ပေး လဒ်ယူစနစ်ကို သေဒဏ်အဖြစ် သတ်မှတ် နှိပ်ကွပ်တယ်။ ဒါမှလဲ ကိုယ်ကျင့်တရား မြင့်တက်လာ၍ ကမ္ဘာအရပ်ရပ်က လူမျိုးပေါင်းစုံနှင့် ကူးလူးဆက်ဆံနိုင်ပြီး တဦးနှင့်တဦး ယုံကြည်စွာ ရောင်းဝယ် ဖောက်ကားခြင်းဖြင့် တိုင်းပြည် ချောင်လည်လာသည်ဟု ယုံကြည်မိပါသည်။


ခေတ်မှီတိုးတက်သော နိုင်ငံတခုကို ဖောင်ဆောင်ရာဝယ် မြန်မာလူမျိုးတို့ဟာ လဒ်ပေး လဒ်ယူစနစ်ကို တိုက်ဖျက်ရန်အတွက်... ပြစ်မှုကြူးလွန်ခဲ့သော တစုံတယောက်အား
(တပည့်သားမြေးဖြစ်သဖြင့် လျှော့ပေါ့ပေးလိုက်သည်၊) ပုံစံနှင့် ပေါ့တိပေါ့တန် လျှော့တိလျှော့ရဲ တရားရေးစနစ်တခုနှင့် ဆက်သွားနေမည်ဆိုလျှင် နောက်မျိုးဆက်များတွင်လည်း ထမင်းငတ်ပြီး သေသူများ ပေါ်ပေါက်လာ မလွဲဧကန်......


စာကြွင်း ။ ။ ထိုစာကို ရေးခြင်းသည် လက်ရှိအစိုးရအား ထောက်ခံအားပေး၍ အကြံပေးရေးသားနေခြင့်မဟုတ်၊ တိုင်းပြည်အပေါ်ထားရှိသော စေတနာဖြင့်သာ ရေးသားခဲ့သည်။



လူလ

ရွှင်လန်းချမ်းမြေ့ပါစေ....

Friday, August 19, 2011

နိုင်ငံတော် သမ်မဒကျီး မှ ပေးစာ “သမ်မဒကျီး ”



ပြည်ပရောက် နိုင်ငံရေးအင်အားစုများ ၀မ်းမြောက်ဖွယ်

ပြည်ပရောက် မြန်မာနိုင်ငံရေး တက်ကြွသူ၊ နိုးကြားသူ၊ လှုပ်ရှားသူ၊ လုပ်စားသူ၊ အဖွဲ့အစည်းများ လူပုတ်ဂိုလ်များကို ကျန်းမာရွှင်လန်း စေကြောင်း ဦးစွာ နှုတ်ခွန်းဆက်လိုက်ပါတယ်။
လွန်ခဲ့တဲ့ သြဂုတ်လ (၁၇)ရက်နေ့က နေပူတော်မှာ ကျနော် တွေ့ဆုံပြောကြားလိုက်တဲ့ မိန်းခွန်းမှာ ပြည်ပရောက် မြန်မာနိုင်ငံသားများအရေးနဲ့ ပတ်သက်ပြီး ပြန်လာနိုင်ဖို့ ကျနော်တို့ စဉ်းစားပေးရမှာ ဖြစ်တဲ့အကြောင်း ပြောခဲ့ပါတယ်။ ပြန်လာခဲ့ပါလို့ ဖိတ်ခေါ်တာတောင် မဟုတ်ပဲ စဉ်းစားပေးရမှာ ဖြစ်ပါတယ်လို့ ပြောကြားလိုက်ရုံနဲ့ ပြည်ပရောက် မြန်မာနိုင်ငံရေး သမားတွေ အဖွဲ့အစည်းတွေကြား “ ပြန်မယ်.. မပြန်ဘူး.. စောင့်ကြည့်မယ်.. စဉ်းစားဦးမယ်.. တိုင်ပင်ဦးမယ်.. ယုံကြည်တယ်.. မယုံကြည်ဘူး ” စသဖြင့် သဘောထား အမျိုးမျိုးကွဲပြားခဲ့သလို တဦးအပေါ်တဦး အယုံအကြည်တွေကင်းမဲ့ကြ… နားလည်မှုတွေလွဲကြ..နဲ့ အတော်လေးကို အားရဖွယ် တွေ့မြင်ရပါတယ်။
            ပွင့်ပွင့်လင်းလင်းပြောရရင် ဒီတချက်တည်းနဲ့တင် ကျနော်တို့ လုပ်ရပ်အတော်လေး အောင်မြင်တာမို့ ၀မ်းမြောက်မိပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ဘာမှ လုပ်ပေးတာ မဟုတ်သေးပဲနဲ့တောင် အတော်ကြီးကို သွေးကွဲကုန်လို့ ဖြစ်ပါတယ်။ ဒုတိယ အဆင့်အနေနဲ့ ကျနော်တို့ သဘောထားကြီးပါတယ်ဆိုပြီး နိုင်ငံတကာကို ပြသနိုင်တာမို့ ထပ်ဆင့်ကျေနပ်မိပါတယ်။
            ကျနော် ဒီစကားပြောတဲ့အခါ ပစ်မှတ်က အများကြီးကို ထိပါတယ်။ ကျနော်တို့က “စေတနာကောင်းနဲ့ ခွင့်လွှတ်နိုင်တာတွေကို ခွင့်လွှတ်ပေးမယ် ပြန်လာခဲ့ပါ” ဆိုရဲ့သားနဲ့ မပြန်လာရင်လည်း ကျနော်တို့ သဘောထားကြီးတာကို ပြနိုင်တာမို့ အောင်မြင်ပါတယ်။ အဲ.. ကျနော်ပြောတာ အဟုတ်ထင်ပြီး ပြန်လာရင်တော့.. “ကိုယ့်ထိုက်နဲ့ကိုယ့်ကံ” “အမိုက်နင့်ပြင် ရှိဦးမလား”လို့သာ သဘောထားခဲ့ကြဖို့ လိုပါတယ်။
            ဘာပဲဖြစ်ဖြစ် ကျနော်ပြောလိုက်တဲ့စကားကြောင့် ၀မ်းမြောက်ဝမ်းသာ ပြန်လာမယ့်သူများအတွက် ပိုပြီးဝမ်းသာနိုင်အောင် ကျနော်တို့ စီစဉ်ဆောင်ရွက်ပေးမယ့်အစီအစဉ်များကိုလည်း တဆက်တည်း ပြောကြားပေးပါ့မယ်။ ပြည်ပက ပြန်လာသူတွေအတွက် ကျနော်တို့ ထောင်တွေကို တိုးချဲ့ဆောက်လုပ်ပေးပါ့မယ်။ ယခင်က အင်းစိန်ထောင်၊ သာယာဝတီထောင်၊ မြစ်ကြီးနားထောင်၊ စစ်တွေထောင်၊ သရက်ထောင် စသဖြင့် နိုင်ငံအနှံ့ ထောင်တွေပဲ ရှိခဲ့ပါတယ်။ ယခု နိုင်ငံတကာထောင်တွေအဖြစ် အမေရိကန်ပြန်များအတွက် “အမေရိကန် ထောင်”၊ သြစတေးလျပြန်များအတွက် “သြစတေးလျထောင်” ၊ ဂျပန်က ပြန်လာသူတွေအတွက် “ဂျပန်ထောင်”၊ ထိုင်းက ပြန်လာသူတွေအတွက် “ယိုးဒယားထောင်”..ကိုးရီးယားထောင်၊ မလေးရှားထောင် စသဖြင့် သီးသီးသန့်သန့် စီစဉ်ပေးမှာဖြစ်ပါတယ်။
            ဒါတင်ပဲလား သမ်မဒကျီးရယ် ဆိုရင်တော့.. ရှိပါသေးတယ်။ ထောင်ထဲမှာ နိုင်ငံအလိုက် အထူးအစီအစဉ်ရှိပါတယ်။ ဥပမာ မလေးရှား အတွက် အဖွဲ့ဝင်တွေ ဖေါဖေါသီသီထုတ်ခွင့်ပေးပါ့မယ်။ ဂျပန်က သံရုံးရှေ့နေ့စဉ်လာအော်သူတွေ ၀ါသနာမပျက် အဆင်ပြေစေဖို့ နေ့စဉ် မိနစ် ၃၀ စိတ်တိုင်းကျ အော်ခွင့်အစီအစဉ်၊ အမေရိကန်က လူတွေအတွက် ဖိနပ်ပေါက် အားကစားကွင်း၊ ယိုးဒယားပြန်တွေအတွက် အရက်ဆိုင်နဲ့ လက်ဝှေ့ကွင်း စသဖြင့် ထောင်တွင်းမှာ စီစဉ်ပေးမှာဖြစ်ပါတယ်။
            ဒါတင်ပဲလား သမ်မဒကျီးရယ် ဆိုရင်တော့.. ရှိပါသေးတယ်။ ဂျာနယ်ထုတ်တာ ၀ါသနာပါတဲ့သူတွေအတွက် ထောင်တွင်း ဂျာနယ်၊ ထောင်တွင်းနံရံကပ်စာစောင်တွေနဲ့ ထောင်တွင်း မီဒီယာသမားများ၊ ထောင်တွင်းဘလော့ကာများ၊ ထောင်တွင်းစီဘောက်သမားများ၊  ကိုယ့်ဘက်တော်သားအချင်းချင်း အားပါးတရ အပြင်းအထန် ပြစ်ပြစ် နှစ်နှစ်၊ ပိုးဆိုးပက်ဆက် သွားပုတ်လေလွင့် ရေးသား နိုင်မှာဖြစ်ပါတယ်။
            ဒါတင်ပဲလား သမ်မဒကျီးရယ် ဆိုရင်တော့.. ရှိပါသေးတယ်။ ထောင်တွင်းမှာ အမ်ဂျီအိုတွေ မအိုတအိုတွေလည်း ထားပေးမှာဖြစ်ပါ တယ်။ ငွေကြေးလည်း အလှူခံခွင့်၊ ပရောဂျက်ရေးခွင့်၊ ပရိုပိုဇယ်ရေးခွင့်တွေပေးပြီး အန်ဂျီ မအိုတအိုတွေထံ တင်ပြခွင့်ပေးထားမှာ ဖြစ်ပါတယ်။ အန်ဂျီအိုတွေ ရှိခြင်းအားဖြင့်၊ ငွေကြေးတွေ ကိုင်တွယ်အသုံးပြုခြင်းအားဖြင့် သူတို့အချင်းချင်း ဘာမှလုပ်စရာမလိုပဲ ကွဲကြ ပြကြ ဆော်ကြ နှက်ကြနဲ့ အလွန်ကို ပျော်စရာကောင်းလှတာကို ကျနော်တို့ အမြဲမြင်တွေ့ခဲ့ရလို့ ဖြစ်ပါတယ်။ ငွေစာရင်းတွေကို ရှင်းမရ။ ငွေစာရင်း ရှင်းတမ်းတောင်းရင် မာန်ဖီကြ၊ “အလှူငွေကောက်ရင် ငါတို့အဖွဲ့နဲ့ ငါနဲ့တော့မထည့်နိုင်ပေမယ့် အဖွဲ့ဝင်သစ်လေးတွေဆီက ကောင်ပေးမယ်”ဆိုပြီး ထမိန်ရည်ပူလွှဲကြာတာမျိုးလည်း အင်မတန်မှ ကြည်နူးစရာကောင်းလှတာကိုးခင်ဗျ။
ဒါတင်ပဲလား သမ်မဒကျီးရယ် ဆိုရင်တော့.. ရှိပါသေးတယ်။ ပြည်ပက ပြန်လာသူတွေကို ရံပုံငွေပွဲတွေ လုပ်ခွင့်လည်း ပြုမှာဖြစ်ပါတယ်။ ဒါလည်း ဆိုခဲ့သလို ကွဲစေပြဲစေတဲ့နည်းလမ်းတခုကိုးခင်ဗျ။ အနှစ် ၂၀ကျော် ကျနော်တို့ကို ပြည်ပက ဘာမှ ထိထိရောက်ရောက်မလုပ်နိုင်တာ ဒီလို အချက်တွေလည်းပါတာမို့ ပြည်တွင်းမှာလည်း သူတို့ကို ဒါတွေ ဆက်လုပ်ခွင့်ပြုမှာဖြစ်ပါတယ်။
ဒါတင်ပဲလား သမ်မဒကျီးရယ် ဆိုရင်တော့.. ရှိပါသေးတယ်။ အစားအသောက်နဲ့ပတ်သက်ပြီး နံနက်စာ၊ နေ့လည်စာတွေအပြင် ညစာကိုလည်း အရက်ဝိုင်းတွေဘာတွေ ဖန်တီးပေးထားမှာဖြစ်ပါတယ်။ထောင်တွင်း သက်သာဆိုင်၊ ထောင်တွင်းကာရာအိုကေ အနှိပ်ခန်း စသဖြင့် ထားရှိပေးမှာဖြစ်ပါတယ်။ ကိုယ့်ငွေနဲ့ကိုယ် စိတ်တိုင်းကျ မူးယစ်ပျော်ပါးပြီး နိုင်ငံရေးဆွေးနွေး ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။
ဒါတင်ပဲလား သမ်မဒကျီးရယ် ဆိုရင်တော့.. ရှိပါသေးတယ်။ ကျနော်တို့ အစိုးရသစ်ရဲ့ စေတနာတွေပေါ့ခင်ဗျာ။ အပြင်ကနေ တိုင်းပြည်ကောင်းအောင် ဘာလုပ်မယ် ညာလုပ်မယ်ပြောနေမယ့်အစား လက်တွေ့ကျကျ လုပ်နိုင်အောင် ပြည်ပက ပြန်လာသူတွေကို လမ်းတံတားဆောက်တာတွေ၊ အုတ်သယ်ခဲသယ် ခွင့်တွေကို ပြည့်ပြည့်၀၀ပေးပြီး နိုင်ငံတော်သစ်ကို တည်ဆောက်စေမှာဖြစ်ပါတယ်။
ဒါတင်ပဲလား သမ်မဒကျီးရယ် ဆိုရင်တော့.. ရှိပါသေးတယ်။ တိုက်ပွဲပျော်များအတွက်ကတော့ ပြန်လာရင် တပ်မတော်အတွက် ပေါ်တာလိုက်ခွင့်၊ အသေခံ လူသားမိုင်းရှင်းသမားအဖြစ် မိုင်းနင်းခွင့်လည်း ပေးမှာဖြစ်ပါတယ်။
ယခု ပြောနေတာတွေက ကျနော် တကယ်ကို စေတနာထားပြီး ဆောင်ရွက်ပေးမှာတွေဖြစ်ပါတယ်။ ဒါကြောင့် ပြန်လာမယ်ဆိုရင် အားမနာတမ်း အသက်ကို ဖတ်နဲ့ထုပ်ပြီး ပြန်လာနိုင်ပါပြီဆိုတဲ့အကြောင်း သတင်းကောင်းပါးအပ်ပါတယ်ခင်ဗျား။

ချစ်ခင်စွာဖြင့်
ဒါတင်ပဲလား သမ်မဒကျီး

သတ်ပုံများကို ရေးထားသည့်အတိုင်းဖတ်ကြပေးကြပါရန်။

Saturday, January 22, 2011

ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် မြန်မာသံဃာတော်အချို့ ဖမ်းဆီးပြန်ပို့ခံရသည့်ကိစ္စနှင့် ပတ်သက်ပြီး ကိုယ်တွေ့ကြုံခဲ့ရသည့် သံဃာတော် အရှင် ဦးသူရိယ၏ ပြန်လည်ပြောကြားအကြံပြုချက်

ဇန်န၀ါရီလ ၂၀ ရက်နေ့ အာရုဏ်ဆွမ်း ဆွမ်းခံနေချိန် နံနက် ၆ နာရီလောက်မှာ ဦးဇင်းအပါအင် မြန်မာသံဃာတော် ၁၀ ပါး လောက်ကို နေထိုင်ခွင့်လက်မှတ်မရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းခံရတယ်။ မြို့လယ်က ၀ပ်ချန်ဖုန်း ဆိုတဲ့ ဘုန်းကြီး ကျောင်းကို ကားနဲ့ တင်ခေါ်သွားတယ်။ ကျန်တဲ့ သံဃာတော်တွေက သူ့တို့ ကျောင်းတွေက လာပြန်ရွေးသွားလို့ ပြန်လွှတ်ပေး လိုက်ပေမယ့် ဦးဇင်းအပါအ၀င် သံဃာ ၅ ပါးကိုတော့ လက်မှတ်မရှိဘူးဆိုတဲ့ အကြောင်းပြချက်တခုတည်းနဲ့ ချက်ခြင်း သိက္ခာချ လူဝတ်လဲဖို့ လုပ်တယ်။ အာဏာပိုင်အဖွဲ့အစည်းလား (လ၀က ထင်တယ်) အဲဒီလူတွေက အတင်း သင်္ကန်း တွေ အတင်းဆွဲ ချွတ်ကြတယ်။   ဦးဇင်းကတော့ သိက္ခာချတာကို ရိပ်မိလို့ လိုက်လည်း မဆိုသလို လူဝတ်လည်း အလဲ မခံတော့ နောက်ဆုံး သင်္ကန်းဝတ်နဲ့ပဲ ကျန်တဲ့ လူဝတ်လဲခံရတဲ့ (၄)ပါးနဲ့အတူ အဲဒီမနက်ပိုင်းမှာပဲ မြန်မာထိုင်း နယ်စပ်တံတားနားက လ၀က ရုံးကို ပို့လိုက်တယ်။

လ၀က ရုံးရောက်တော့ ဦးဇင်းကို သင်္ကန်းအတင်းချွတ်ပြီး ကျန်တဲ့ ကိုယ်တော်တွေနဲ့အတူ အချုပ်ခန်းထဲ ထည့်လိုက်တယ်။ ညနေ ၅ နာရီ အထိ နေခဲ့ရသမျှ ဘာ အစားအစာ၊ ရေတောင် အကပ်မခံရဘူး။ နားလည်မှုရှိတဲ့ ကိုအောင်ထွန်းမြင့်ဆိုတဲ့ တကာတယောက်က ဆွမ်းလာကပ်လို့သာ ဆွမ်းမငတ်ခဲ့ရတာပေါ့။
ညနေ ၅ နာရီလောက်ကျတော့ မြန်မာဖက်ခြမ်းကို အပို့ခံရတယ်။ အားလုံး ယောင်္ကျား၊ မိန်းမ လူစုံ အယောက် ၅၀ လောက် ရှိမယ်။ တဖက်ကမ်းက နယ်ခြားစောင့်ခေါ်မလား၊ ဒီကေဘီအေလား ဘာလား အဲဒီလက်ထဲအပ်တယ်။ ဗိုလ်ချစ်သူတို့ အဖွဲ့လား ဘာလား သေချာတော့ ဦးဇင်းမသိဘူး။
အဲဒီဖက်ရောက်တော့ တာဝန်ယူလက်ခံတဲ့သူက အမျိုးသမီး။ လူကြီးကတော်လားဘာလားတော့ မသိဘူး။ သြဇာ အာဏာတော့ ရှိတယ်။ သူက လူဝတ်လဲခံထားရတဲ့ သံဃာတော်တွေ ပါလာမှန်းလည်းသိတယ်။ ဒါပေမယ့် ဘာသာရေးအရ အရိုအသေတွေ မရှိသလို ဘာအကူအညီမှ မရတဲ့အပြင် လူမျိုးအလိုက် ခွဲပြီး ခေါ်ထုတ်တယ်။ ကရင်က သပ်သပ်၊ မွန်ကသပ်သပ်၊ ဗမာက သပ်သပ်ပေါ့။ ဦးဇင်းလည်း ကရင်လူမျိုးပါ။ ဒါပေမယ့် ကရင်စကားမတတ်တော့ ဗမာအုပ်စုတွေနဲ့ အတူ နေရပြီး အများနည်းတူ နေခဲ့ရတယ်။ ဦးဇင်းငယ် ၂ ပါးကတော့ ဘယ်လိုအခြေအနေကြောင့်မသိဘူး။ ခေါ်ထုတ်သွားတယ်။ နောက်တပါးကိုလည်း သူ့ တကာတချို့က လာရွေးသွားလို့ ဦးဇင်းတို့ ၂ ပါးပဲ ည ၉ နာရီအထိ ဒုက္ခခံနေရတယ်။
မဲဆောက်ကျောင်းကြီးကျောင်းက ဦးပညာသီဟနဲ့ တကာကိုအောင်ထွန်းမြင့်တို့က ဒီအကြောင်းသိတော့ မဲဆောက်ကနေ မြ၀တီဂိတ်အထိလာပြီး ဦးဇင်းနဲ့ ဦးဇင်း မိတ်ဆွေ နောက်တပါးကို ည၉ နာရီလောက်မှာ ငွေပေးပြီး လာရွေးတော့မှပဲ ပြန်လွှတ်ပေးလိုက်တယ်။ လာရွေးတဲ့သူက သင်္ကန်း ၂ စုံပါ ယူခဲ့ပေးတာကြောင့် ဦးဇင်းတို့ သင်္ကန်းပြန်ဝတ်ပြီး မြ၀တီက ဘုန်းကြီးကျောင်းမှာ သွားတည်းခဲ့ရတယ်။ အဖြစ်အပျက်က တော့ ဒါပဲ..။

ဒီအဖြစ်အပျက်အပေါ် ဦးဇင်းအဓိက ပြောချင်တဲ့အချက် တချို့ရှိတယ်။ ပထမ တချက်က ထိုင်းဖက်က ကိုင်တွယ်ဖြေရှင်းမှု ပေါ့။ တကယ်ဆိုရင် ဆွမ်းခံထွက်နေတဲ့ အခါမျိုးမှာ ဒါမျိုး ပြုမူဖို့ မသင့်ဘူး။ ဖမ်းဆီးခံရတော့လည်း တကယ်ဆို ဘာသာရေးအရ တာဝန်ရှိတဲ့ သံဃာတော်တွေပဲ သေချာမေးမြန်းစစ်ဆေးပြီးမှ ဆောင်ရွက်သင့်တယ်။ အခုတော့ ထိုင်းသံဃာတော်ကလည်း ဘာမှ သေချာ စုံစမ်းမေးမြန်းတာမရှိပဲ အတင်းလူဝတ်လဲစေတယ်။ ဒါမျိုးဟာ ဖြစ်သင့်မသင့်ကို ဆင်ခြင်စေချင်တယ်။ ဒုတိယအချက်ကတော့ မြန်မာဖက်ပိုင်းက တာဝန်ယူ ဆောင်ရွက်သူတွေဟာ ဗုဒ္ဓဘာသာအဖြစ် ခံယူထားသူတွေ၊ ဗုဒ္ဓဘာသာ အမည်ခံထားတဲ့ အဖွဲ့အစည်းဖြစ်ပေမယ့် လူဝတ်လဲ ခံထားရတဲ့ ဗုဒ္ဓဘာသာဝင် သံဃာတော်တွေပါလားလိ တစက်ကလေးမှ ငဲ့ကွက်မှု၊ အလေးဂရုဓမ ပြုမှု မရှိတဲ့အပြင် ဘာသာတရားအရ ရှိသင့်တဲ့ စိတ်ဓါတ်မျိုး လုံးလုံးမတွေ့ရတာ အတော်လေး စိတ်မကောင်းစရာဖြစ်ပါတယ်။
နောက်.. ဦးဇင်းတို့ဟာ တခြား ဘာဥပဒေမှ ချိုးဖေါက်တာမရှိသလို ရာဇ၀တ်မှု ကျူးလွန်တဲ့သူတွေ မဟုတ်ပါဘူး။ သာသနာရေး ကိစ္စ၊ ဘာသာရေးကိစ္စ ဆောင်ရွက်နေသူတွေဖြစ်ပါတယ်။ ထိုင်းတာဝန်ရှိသူ အာဏာပိုင်တွေအနေနဲ့  အမှန်တကယ် ဘာသာသာသနာအတွက် ဆောင်ရွက်နေသူတွေ၊ ထိုင်းနိုင်ငံမှာ နေထိုင်ပြီး ၀ါဆို ၀ါကပ်တော်မူကြတဲ့ သံဃာတော်တွေကို စိစစ်ပြီး သင့်တော်တဲ့ နေထိုင်ခွင့်တခုခု ဖန်တီးပေးစေချင်တယ်။ ထိုင်းဘာသာအရေးအပြော သင်တန်း ပေးပြီး သာသနာပြုခွင့် ရှိစေချင်တယ်။ အခုလို ငွေပေးလိုက် ပြန်လွှတ်လိုက် သံသရာလည်တာမျိုး မဖြစ်သင့်ဘူးလို့ ယူဆပါတယ်။
မြန်မာ ဒကာ ဒကာမတွေအတွက် ပြောရရင်လည်း သူတို့ဟာ ရာဇ၀တ်မှု ကျူးလွန်ဖို့ လာကြသူတွေမဟုတ်ပဲ ကိုယ့်နိုင်ငံ အခြေအနေအရ ရေကြည်ရာ မြက်နုရာမှာ လာရောက်ပြီး ကောင်းရောင်းကောင်းဝယ် လုပ်ကိုင်စားကြရရှာတာမို့ ထိုင်း လူမျိုးတွေအနေနဲ့ နိုင်ငံကြီးသားပီပီ ကိုယ့်အရိပ်ကို လာခိုသူတွေကို မေတ္တာရှေ့ထား ဖေမပြီး သင့်တော်တဲ့ အကူအညီတွေ ပေးစေချင်ပါတယ်။
 ဦးဇင်းပြောချင်တာက အခုအဖြစ်အပျက်ဟာ ကျောင်းကျိုးတရားတွေပဲလို့ ဦးဇင်းတို့ နှလုံးသွင်းပါတယ်။ ဘယ်သူ့ကိုမှ လည်း အပြစ်တင်လို၊ နစ်နာစေလိုတဲ့သဘော မရှိပါဘူး။ ဒါပေမယ့် နောက်နောင်လည်း ဒီလို ပြဿနာ အဖြစ်အပျက်တွေ ရှိလာနိုင်တာ မို့ ဆင်ခြင်နှလုံးသွင်း ဖြေရှင်းဆောင်ရွက်နိုင်ကြစေဖို့ပဲ ရည်ရွယ်ပါတယ်။

ဦးသူရိယ

Saturday, December 11, 2010

လူတစ်ယောက်ယောက်ကိုလက်သီးနဲ့ထိုးဖို့ဆိုတာ ကိုယ့်မှာမေးရိုးရှိရတယ်



Photobucket

လူတစ်ယောက်ယောက်ကိုလက်သီးနဲ့ထိုးဖို့ဆိုတာ
ကိုယ့်မှာမေးရိုးရှိရတယ်တဲ့၊
ငါ့လက်သီးတွေက
မင်းဆီသက်ရောက်ဖို့ ၊ ငါ့မှာမေးရိုးရှိတယ်။
ခုတော့မင်းမှာမေးရိုးမရှိပဲ မင်းလက်သီးတွေ ငါ့အပေါ် လာလာသက်ရောက်နေတာ
အမှန်တရားရေ မင်းတရားလွန်လွန်းပြီ၊
                              ( ကဗျာဆရာ-မောင်ချောနွယ် )
အန်တီစု နေအိမ်အကျယ်ချုပ်က လွတ်လာတော့ ကြားလိုက်ရတဲ့စကားတွေက ကြက်သီးမွေးညှင်း ထလောက်စရာ၊ “ ကျမကို ထိန်းသိမ်းထားတဲ့သူတွေကို ကျမအာဃာတမထားပါဘူး ”တဲ့ ၊ ကိုယ့်အပေါ် ရက်ရက်စက်စက်လုပ်ထားတဲ့ သူတွေအပေါ် ကျနော်တို့သာဆိုရင် ဒီလိုစကားမျိုးပြောထွက်နိုင်ပါ့မလား စဉ်းစားကြည့်မိတယ်။ သေချာတယ်။ ကျနော်ပြောမထွက်ဘူး ဘာဖြစ်လို့လည်းဆိုတော့ ကျနော် အန်တီစုလောက် စိတ်ထားမကြီးကျယ် မမြင့်မြတ်လို့ဆိုတာ သေချာတယ်၊ အာဃာတ မဟုတ်ရင်တောင်မှ မကျေနပ်မှုလောက်တော့ ရင်ထဲကျန်နေဆဲပဲ။ စိတ်ရဲ့ဖြစ်စဉ်တွေမှာ အာဃာတတို့၊ ပျော်ရွှင်ခြင်း၊ ၀မ်းနည်းခြင်း၊ ကြောက်ရွှံ့ခြင်းဆိုတာတွေဟာ ဒေါသစိတ်တွေပဲလို့ မှတ်သားဘူးတယ်။ ဒေါသကြီးလေ အကြောက်တရားကြီးလေပဲတဲ့.. ထို့နည်းတူ အကြောက်ကြီးလေ.. ဒေါသကြီးလေပဲတဲ့။
    ဒီလိုခံနိုင်ရည်နဲ့ မိမိရဲ့ အာဃာတ တရားတွေကိုပယ်ဖျောက်ပြီး မိမိကိုရက်စက်ခဲ့တဲ့ သူတွေကိုတောင်မှ အကောင်းမွန်ဆုံး ပြန်လည်ဆက်ဆံတတ်တဲ့ လူတွေထဲမှာတောင် ကိုးရီးယားနိုင်ငံမှာ သမ္မတဖြစ်ခဲ့တဲ့ ကင်ဒေးဂျုံရယ် အန်တီစုရယ်ကိုတော့ ကျနော့်ဘ၀မှာ အလေးစားဆုံးနဲ့ စံနမူနာအယူ ထိုက်ဆုံးသူများအဖြစ် မှတ်တမ်းတင်ထားပါတယ်။ ကင်ဒေးဂျုံဆိုတာ တောင်ကိုးရီးယားနိုင်ငံမှာ တချိန်က အတိုက်ခံခေါင်းဆောင်တစ်ယောက်ပါ ( အခု အန်တီစုလိုပေါ့ )။ အဲဒီအချိန်မှာ ဗိုလ်ချုပ်ကြီးပတ်ချုံဟီးဆိုတာ တောင်ကိုးရီးယားနိုင်ငံရဲ့ရှန်းရှန်းတောက် စစ်အာဏာရှင်ကြီး ( အခု ဗိုလ်ချုပ်မှုးကြီးသန်းရွှေလို)၊ ပတ်ချုံဟီး အာဏာရှိနေစဉ်မှာ အတိုက်အခံတွေကို ရက်ရက်စက်စက် နှိပ်ကွပ်ခဲ့တာ၊ ဒီအထဲမှာ ကင်ဒေးဂျုံဆို ဘယ်လောက်ခံရသလည်းဆိုတော့ သူ့ကိုအလုံပိတ်သေတ္တာထဲကြိုး တွေနဲ့တုတ်ထဲ့ပြီး ပင်လယ်ထဲကိုတောင် မြုတ်သတ်ခါနီးဆဲဆဲ အမေရိကံ ထောက်လှမ်းရေး စီအိုင်အေ ကတဆင့် အမေရိကံအစိုးရကသိသွားတယ်။ ချက်ခြင်းပဲ လှမ်းပြီး အကြောင်းကြားလိုက်တယ် ကင်ဒေးဂျုံကိုသာ သတ်ဖြတ်ခဲ့မယ်ဆိုရင် အမေရိကံနဲ့ တောင်ကိုရီးယားရဲ့ ဆက်ဆံရေးဟာထိခိုက်နိုင် စရာရှိပါတယ်ဆိုမှ မသတ်တော့ပဲ နေအိမ်အကျယ်ချုပ်နဲ့ ပြန်ထည့်ထားလိုက်တယ်။ နောက်ဒီထက်ဆိုးတဲ့ အဖြစ်တခုကတော့ ကင်ဒေးဂျုံကို ကားနဲ့တိုက်သတ်တာ၊ ဒါလည်းမသေဘူး ဒါပေမဲ့ ခြေထောက်ပြင်းပြင်းထံထံ ကျိုးသွားတယ်။ သမ္မတဖြစ်တဲ့အချိန်မှာ သူလမ်းလျှောက်တာ သတိထားကြည့်မိတော့ နည်းနည်းထော့နင်းထော့နင်းဖြစ်နေတယ်။ အဲဒါစစ်အာဏာရှင်ကြီး ဗိုလ်ချုပ်ကြီးပတ်ချုံဟီး လက်ချက် တွေပေါ့၊ ဘယ်လောက်ရက်စက်ခဲ့သလည်း စဉ်းစားသာကြည့်ကြပါ၊ ကြောက်စရာကောင်းလောက် အောင်ကို ရက်စက်ခဲ့တာပါ၊ ပတ်ချုံဟီးလည်း သူပြုသမျှသူခံဆိုသလို သူ့လက်အောက်ကအားအကိုးရ ဆုံး အရင်းနှီးဆုံး  ထောက်လှမ်းရေးမှုးချုပ်က ဧည့်ခံပွဲမှာ သေနပ်နဲ့ ပစ်သတ်ပစ်လိုက်တယ်၊ အဲဒီမှာတင် တောင်ကိုရီးယားနိုင်ငံရဲ့ စစ်အာဏာရှင်ကြီး ဗိုလ်ချုပ်ကြီးပတ်ချုံဟီးဘ၀ နိဌိတံအဆုံးသတ် သွားတော့တာပါပဲ။ 
                                 စစ်အာဏာရှင်ကြီး ဗိုလ်ချုပ်ကြီးပတ်ချုံဟီး
ကင်ဒေးဂျုံနိုင်ငံရေးဘ၀ စာမျက်နှာတွေမှာ သေဒဏ်အထြိ ပြင်းထံတဲ့ပြစ်ဒဏ်တွေ၊ တခြားနိုင်ငံထိ သွားရောက်နေထိုင်နေရတဲ့ ပြည်နှင်ဒဏ်တွေ၊ လုပ်ကြံသတ်ဖြတ်ခံရမှု့တွေ၊ အနိမ့်ဆုံးအိမ် တွင်း နေအိမ်အကျယ်ချုပ် ဘ၀တွေနဲ့ ခါးသီးဖွယ်ရာ ကျော်ဖြတ်လာခဲ့ရတာပါ၊
    သို့သော် ကင်ဒေးဂျုံဟာ တောင်ကိုးရီးယားနိုင်ငံရဲ့ သမ္မတကြီးဖြစ်လာတဲ့အချိန် တနေ့မှာ ပတ်ချုံဟီးရဲ့ ဂူဗိမာန်ကို သွားရောက်ဂါရ၀ပြုတယ်၊ ဗိုလ်ချုပ်ကြီးပတ်ချုံဟီးရဲ့ တိုင်းပြည်အပေါ် စွမ်းဆောင်ချက်တွေထဲက ကောင်းတဲ့အချက်တွေကို ထုတ်နှုတ်ချီးမွန်းခဲ့တယ်၊ သူဟာ အဆက်ဆက်သော တောင်ကိုးရီးယား ခေါင်းဆောင်တွေရဲ့တိုင်းပြည်အပေါ်တိုးတက်အောင် လုပ်ဆောင်ထားချက်များကို လက်ဆင့်ကမ်း ဆောင်ရွှက်နေသူတစ်ယောက်ပါတဲ့၊                                                    (စစ်အာဏာရှင်တွေရဲ့ရက်ရက်စက်စက် သတ်ဖြတ်ညှင်းစဲမှု့တွေကို တလုံးတပါဒမျှ ဖွင့်ဟမသွားခဲ့ဘူး)၊ ပြီးတော့ အလေးပြုတယ်၊ ပတ်ချုံဟီးရဲ့ ဂူဗိမာန် လိုအပ်ချက်အတွက် အလှုငွေထဲ့ဝင်ပေးခဲ့တယ်၊ ပြန်အထွက် သတင်းထောက်တွေက သူ့ကိုမေးတဲ့အခါ…………..
“ သမ္မတကြီးခင်ဗျား.. သမ္မတကြီးကို အခုလိုရက်ရက်စက်စက်နှိပ်ကွပ်ခဲ့သူတစ်ယောက်အပေါ် ကလဲ့စားချေခြင်စိတ်၊ အဃာတ တရားတွေမရှိပဲ သဘောထားနိုင်တာဟာ ဘာ့ကြောင့်ပါလဲ” ဆိုတော့
ကျနော် နိုင်ငံရေးလုပ်တာ.. ကလဲ့စားချေဘို့ နိုင်ငံရေးလုပ်တာမဟုတ်ဘူး… တိုင်းပြည်တိုးတက်ဘို့်လုပ်တာ ကလဲ့စားအပြန်အလှန် ချေမှုန်းနေခြင်းဖြင့် တိုင်းပြည်တိုးတက်မလာဘူး.. ဆုတ်ယုတ်သွားဘို့ပဲရှိတယ်. နောက်ပြီး .. ဒီကိစ္စတွေဟာ ဘယ်တော့မှ ပြီးဆုံးသွားမှာမဟုတ်ဘူး သံသရာလည်နေမှာပဲ ” 
                                            သမ္မတကြီးကင်ဒေးဂျုံ
ဆိုပြီးပြောအပြီးမှာတော့ သမ္မတကြီးကင်ဒေးဂျုံဟာ ခြေထောက်ထော့နင်းထော့နင်းနဲ့ ပရိတ်သတ်ကြီးကို နှုတ်ဆက်ပြီး ထွက်ခွာသွားခဲ့တယ်။ ကျန်ရစ်ခဲ့တဲ့ ပရိတ်သတ်တွေအထဲမှာ ပတ်ချုံဟီးရဲ့ ဆွေတော်မျိုးတော်များ ပါရှိတယ်၊ အားလုံး အားလုံးဟာ တိုင်ပင်မထားပဲ မျက်ရည်တွေ ပါးပြင်ပေါ် စီးကျလာကြတယ်၊ ပရိတ်သတ်ကြီးလည်း ထိုနည်းတူစွာပါပဲ။ ချက်ခြင်းဆိုသလို အဲဒီသတင်းကို ထုတ်လွှင့်လိုက်တော့ တနိုင်ငံလုံးမှာရှိတဲ့ပြည်သူတွေဟာ သမ္မတကြီးအပေါ် ကရုဏာတွေသက်ဝင်သွားပြီး ပြည်သူတယောက်ကဆိုရင် “ ကျမ သမ္မတကြီးကို အရင်ကထက်ကိုပိုလို့ လေးစားသွားပါပြီရှင် သူဟာကျမတို့တောင်ကိုရီးယားနိုင်ငံကြီး တိုးတက်ဘို့ကလွဲလို့ ကျန်တဲ့မကောင်းစိတ်ဆိုတာ လုံးလုံးကိုမရှိတဲ့ သူတစ်ယောက်လို့ ပြောခြင်ပါတယ်.. အငြိုးတွေ၊ အာဃာတတွေနဲ့ တန်ပြန်နေမယ်ဆိုရင်.. အဆိုးသံသရာကြီးထဲက ကျမတို့ဘယ်လို ရုန်းထွက်ကြတော့မှာလည်း ”
    ဒါ့ကြောင့် ထူးခြားတဲ့ခေါင်းဆောင်တွေမှာ ထူးခြားတဲ့ အမူအကျင့်တွေရှိတယ်၊ သာမာန် လူပုဂ္ဂိုတို့ကျင့်နိုင်ခဲတဲ့ ကိစ္စတွေပါ။ အန်တီစုဆို ကျနော်တို့နိုင်ငံသားအားလုံးသိကြတဲ့အတိုင်း အမျိုးမျိုးလုပ်ကြံမှု့တွေနဲ့ သေမင်းထံက အခေါက်ခေါက်ပြန်လာခဲ့ရပြီ၊ ( မပြောကောင်းမဆိုကောင်း ) နောက်ရောဘယ်လိုများကြုံတွေ့ရပါဦးမလည်း၊ စိုးရိမ်စရာပါ၊ လက်ရှိ စစ်ခေါင်းဆောင်အပါဝင် တော်တော်များများရဲ့စိတ်ကဆတ်ဆတ်ထိမခံ၊ ကိုယ်စိတ်နှလုံးနဲ့ အကြမ်းဖက်တုန့်ပြန်မှူကို စန်မလေးတတ်ကြသူတွေပါ၊ ကျနော်ကြုံခဲ့ရတာ လေးဖောက်သည်ချခြင်သေးတယ်…. ဒီလိုပါ…………
    ကျနော် နိုင်ငံရေး အကျဉ်းသားဘ၀နဲ့ ထောင်တထောင်မှာနေနေရတဲ့ အချိန်၊ စစ်တပ်က အရာရှိကြီး တချို့ထောင်ကျလာတယ်။ သူတို့ကို သာမာန် ရာဇ၀တ်သားတွေထားတဲ့နေရာမှာလည်း ထားလို့ကမရ ( အရာရှိကြီးကြောင့်ဆိုပြီးတော့ တော့မဟုတ်ပါဘူး ရာဇ၀တ်သားများက ရိုက်သတ်ပစ်မှာဆိုးလို့ပါ ) အဲဒါ ကျနော်တို့ နိုင်ငံရေးအကျဉ်းသားများထားရာနေရာမှာလာထားတယ်။ ထောင်ကလည်းအရမ်းသေးဆိုတော့ တခြားနေရာလည်း သွားထားစရာက မရှိဘူးလေ၊ ကျနော်တို့ဆီလာထားပေမဲ့ ကျနော်တို့ကမဖွယ်မရာ မဆက်ဆံပါဘူး တယောက်နဲ့တယောက် အပြန်အလှန်လေးစားမှု့တွေနဲ့ ဆက်ဆံကြပါတယ်။ တနေ့ ထောင်ပိုင်လှည့်လည် စစ်ဆေးတော့ အရာရှိကြီးတယောက်ကို ထောင်ပိုင်က ပြောတယ်…
“ ခင်ဗျားတို့ ဒီနေရာ နယ်နမိတ်ကနေကျော်ပြီး အပြင်မထွက်ပါနဲ့.. အန္တရာယ်ရှိလို့ပါတဲ့ ” ပြောသွားတာဒါလေးပါပဲ၊ တကယ်တော့ ထောင်ပိုင်အနေနဲ့ ပြောသင့်တဲ့စကားပါ ဘာလို့လည်းဆိုတော့ သူတို့က ကျနော်တို့နေရတဲ့ ပရ၀ဏ် အပြင်ဘက်ကိုထွက်ထွက်ပြီး စကားတွေပြော၊ ပစ္စည်းအပေးယူတွေလုပ်နဲ့ဆိုတော့ ၊ သူတို့ကို မုန်းတဲ့သူတယောက်ယောက်က တခုခုလုပ်လိုက်ရင် ထောင်ပိုင်မှာပါ လာပြသနာတက်မှာလေ…… ထောင်ပိုင်ပြောသွားတာကလည်း လူကြီးလူကောင်းဆန်ဆန် ယဉ်ယဉ်ကျေးကျေးပြောသွားတာပါ.. ထောင်ပိုင်လည်းပြန်သွားရော..
“ ဒီကောင်လူပါးဝါးတယ်… ငါတို့ ဘာရာထူးအာဏာမှမရှိတော့လို့ စော်ကားတာ.. တွေ့မယ်..ငါတို့မှာရာထူးအာဏာမရှိတော့ပေမဲ့လို့.. အစွယ်တော့ကျန်သေးတယ်..တွေ့မယ် ” အသားတွေတောင်တဆတ်ဆတ်တုန်လို့.. ကြိမ်းလိုက်ဝါးလိုက်တာ နေ့စဉ် အစားသောက်တောင်မစားနိုင်လောက်အောင်ကိုဖြစ်သွားတာ.. တော်တော်စိတ်ထိခိုက်သွားပုံရတယ်။ မတော်ဆို ကျနော်တို့လာပြောကြည့်ပါ့လား.. မသွားနဲ့ဆို မသွားဘူးပေါ့ ဒါစည်းကမ်းပဲ၊ ထောင်ပိုင်ပြန်မသွားခင်တောင် သူပြောတာ သတိရမှာမဟုတ်တော့ဘူး.. စိတ်ထဲကပျောက်သွားမှာ အသေအချာပဲ၊ ဘာမှခံစားနေရမယ့် အရာလည်းမဟုတ်ပါဘူး၊ ဒါမျိုးအဖြစ်ပျက်က ဒီတစ်ကြိမ်းလားဆိုတော့  မဟုတ်ဘူး ခဏခဏကိုတွေ့ဘူးတာ အပြင်လောကရောက်ပြန်တော့လည်း တွေ့ဘူးတာပဲ၊ သူတို့က သူတို့ အလှည့်ရောက်ရင် မခံနိုင်ဘူး အားလုံးက ပုံစံခွက်ထဲက ထုတ်လိုက်တဲ့ ကုန်ပစ္စည်းများလို.. အတူတူပဲ၊ သူတို့ရဲ့စိတ်တွေက အရမ်းထိခိုက်ရှနာလွယ်တယ်၊ စောစောကပြောခဲ့တဲ့ အရာရှိကြီးဆို သူတာဝန်ခဲ့ယူခဲ့တဲ့ အချိန်က လူတွေအပေါ်တော်တော်ကို အနိုင်ကျင့်ခဲ့တယ်ဆိုတယ့် အသံတွေလည်းပြန်ကြားရပါတယ်။
    ဒေါသကြီးရင်.. အကြောက်လည်းသိပ်ကြီးတယ်တဲ့.. စိုးရိမ်စိတ်လည်းသိပ်ကြီးတယ်၊ ဒီလိုလူတွေက စိတ်အတက်အကျလည်းသိပ်မြန်တတ်တယ်၊
                                 ရွှေထီးဆောင်းခဲ့စဉ်က ဗိုလ်ချုပ်ကြီးခင်ညွန့်

    တခါ တလောက ဖေ့ဘွတ်ကနေတဆင့် အုတ်အုတ်ကြွက်ကြွက်ဖြစ်သွားတဲ့ ဗိုလ်ချုပ်ခင်ညွန့်ရဲ့ဗွီဒီယိုခွေ ပြန့်နှံ့သွားတော့ ကျနော်ကြည့်လိုက်ပါတယ်။ အားလုံးတော်တော်များများလည်း သိနေပြီးသားပါ၊ သူ့ပုံက စိတ်ကျဝေဒနာခံစားနေရတဲ့ လက္ခဏာသွယ်ပြင်ပုံသဏ္ဍန်တွေတွေ့နေရပါတယ်။ တချိန်က ကျနော်တို့ကို သူ့ညွှန်ကြားချက်နဲ့ နှိပ်စက်ခိုင်းခဲ့ပါတယ်ဆိုတဲ့ အာဃာတရားကို ဘေးဖယ်ပြီး လူသားတစ်ယောက်အမြင်နဲ့ ကြည့်မယ်ဆိုရင် တော်တော်သနားစရာကောင်းတဲ့ မြင်ကွင်းပါ၊ တခြားဟာသနားတာထက် စိတ်ကျဝေဒနာ ခံစားနေရတဲ့ သူ့ပုံစံကိုပါ၊ တဘက်ကိုလှည့်ကြည့်ရအောင် အန်တီစုလည်း သူ့လို နေအိမ်အကျယ်ချုပ်နဲ့ နေနေရတာ သက်တမ်းအားဖြင့် သူ့ထက်ကြာပါတယ်၊ နေအိမ်အကျယ်ချုပ်ခြင်း အတူတူ ဘာဖြစ်လို့ ဒီလိုကွာခြားသွားတာပါလိမ့် စဉ်းစားကြည့်ရအောင်…. စေတနာနဲ့ ယုံကြည်ချက်တွေ၊ စွန့်လွှတ်အနစ်နာခံမှုတွေက ကွာသွားလို့ပါ၊ အရာရာကို ပေးဆပ်ဘို့ဆုံးဖြတ်ထားတဲ့ အန်တီစုအနေနဲ့က စွန့်လွှတ်ရတယ်ဆိုတာ သေးဖွဲတဲ့ကိစ္စဖြစ်သွားပါပြီလေ၊ စိတ်ဖြစ်စဉ်နဲ့သုံးသပ်မယ်ဆိုရင်ကိုက… လောဘနည်းသွားပြီ… လောဘနဲတော့ ဒေါသလည်းနဲသွားပြီ..အဲဒီဆင့်ကဲဖြစ်စဉ်တွေအရ စိတ်ဓါတ်ကျဆင်းခြင်းတွေ၊၀မ်းနည်းခြင်းတွေ၊ပူဆွေးခြင်းတွေ၊ အာဃာတ အမုန်းတရားတွေဆိုတာ နဲသွားတာ သေချာသလောက်ရှိသွားပြီပေါ့ဗျာ၊
    ဒီပဲယင်းခရီးစဉ်မှာ မလိုသူတွေက ၀ိုင်းရိုက်ကြတော့ အန်တီက ပြန်တုန့်ပြန်ဘို့ ညွန်ကြားခဲ့တာမှမဟုတ်တာ၊လုပ်သမျှခါးစည်းခံဘို့ပဲပြောခဲ့တယ်၊အဲဒါအကြမ်းမဖက်လမ်းစဉ်ပေါ့၊ အကြမ်းမဖက်လမ်းစဉ်ဆိုတာ ခရီးရှည်ကောင်းရှည်နိုင်တယ် ဒါပေမဲ့ တိုင်းပြည်အထိနည်းတယ်၊ ကမ္ဘာနဲ့လူထုကထောက်ခံတယ်၊အကြမ်းမဖက်လမ်းစဉ်ကျင့်သုံးဘို့ဆိုတာတော်ရုံလွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး၊
    တလောက ငါးမင်းဆွေဆိုတဲ့ပုဂ္ဂိုက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးကိုလာရောက်ပြီး အန်တီစုကို စွပ်ဆွဲတာ တော်တော်များများသိပြီးသားကိစ္စတခုပါ၊ နိုင်ငံတကာက မြန်မာနိုင်ငံအပေါ် စီးပွားပိတ်စို့မှု့ လုပ်တဲ့ အရာပေါ်မှာ အကြမ်းဖက်မှု့လို့သူက တဘက်သတ်ပြောဆိုထားတယ်၊ ကျနော့်အမြင်လေးတခုတင်ပြခြင်တယ်၊ sanction ဆိုတာ အရေးယူပိတ်ဆို့ဆောင်ရွက်မှု့လို့ အကြမ်းအားဖြင့်မှတ်ထားလို့ရပါတယ် ( sanction ) ကိုအမှန်တကယ်ရုတ်သိမ်းလိုတယ်ဆိုရင် နှစ်ဘက်လုံးကတပြိုင်နက်ထဲလုပ်မှတရားမျှတမှာပေါ့နော၊sanctionကိုတဘက်သတ်ရုတ်သိမ်းခိုင်း မယ်ဆိုရင်တော့ ဘယ်တရားမျှတပါ့မလည်း၊ 
တကယ်တော့ sanction ကို စစ်အာဏာရှင်များကလည်း အတိုက်အခံအင်အားစုနဲ့ပြည်သူလူထုအပေါ်ချမှတ်ထားတာပါပဲ။ပြည်သူတွေကိုနိုင်ငံရေးနဲ့ကင်းရှင်းခိုင်းတာတို့၊နိုင်ငံရေးနဲ့ဆက်နွယ်နေသူများကိုအရေးယူတာတို့၊အဘက်ဘက်ကဖိအားပေးဆောင်ရွှက်တာတို့ဆိုတာတွေဟာ စစ်အာဏာရှင်အစိုးရက ပြည်သူတွေအပေါ်ချမှတ်ထားတဲ့sanctionတွေမဟုတ်ဘူးလား ၊ ပမာပြောရရင် အန်တီစု အင်တာနက်လျှောက်တာကိုတောင်မှ ပိတ်ဆို့ထားတာဟာ အဲဒါ sanction ပေါ့ ဗျာ၊ အဲဒီတော့ တိုးတက်တဲ့ဖွံဖြိုးတဲ့ နိုင်ငံတခုဆီကို ဦးတည်မယ်ဆိုရင် sanction ကိုတဘက်သတ် မဟုတ်ပဲ နအဖ စစ်အာဏာရှင်တွေဘက်ကရော ဖွင့်ပေးဘို့လိုလိမ့်လေ၊ အဲဒါကို အတိုက်အခံဘက်က လိုက်မလုပ်ဘူးဆိုရင်တော့ အတိုက်အခံဘက်က အဆိုးပေါ့၊ တဘက်သတ်ကြီးကတော့ မသင့်တော်ပါ ဘူး၊ ဒီလိုလုပ်ဆောင်ခြင်းဟာ တရားမျှတတဲ့ ကိစ္စတခုပါ ဒါအကြမ်းဖက်မှု့လည်းမဟုတ်ဘူး၊ သူများကိုကြ လက်သီးနဲ့ထိုးခြင်ပြီး မိမိကိုယ်တိုင်ကြ မေးရိုးမဲ့ဖြစ်နေတာ လောကဓမ္မတာနဲ့ကြည့်ရင်.. မသင့်တော်ပါဘူး၊
    ကျနော်ပြောနိုင်တာတခုရှိပါတယ်၊ မြန်မာလူထုရဲ့ စိတ်ဓါတ်တွေဟာ ရုတ်ရင်းကြမ်းတမ်းခပ်ထန်တတ်တဲ့ လူမျိုးတွေမဟုတ်ဘူးဆိုတာ သေချာပါတယ်။ ခွင့်လွတ်သီးခံ၊ စိတ်ရှည်တတ်တဲ့သူတွေဖြစ်တယ်၊ တကယ်လို့ ဗိုလ်ချုပ်ကြီးများကလည်း တိုင်းပြည်မျက်နှာကိုကြည့်ပြီး အန်တီစုနဲ့အမှန်တကယ် လက်တွဲဆောင်ရွက်သွားဘို့ အချိန်လေးက သာသာယာယာရှိနေဆဲပါ၊ လူထုကရောနိုင်ငံတကာကရော မျှော်လင့်နေဆဲပါ၊ အဲသလိုမဟုတ်ပဲ မုန်တိုင်းထန်တဲ့ အချိန်ရောက်မှဆိုလျှင်တော့ မဖြစ်သင့်တာတွေဖြစ် ကုန်မှာ အမှန်ပဲ ဘယ်သူကမှလည်း အပြန်အလှန်ခွင့်လွှတ်ခြင်တော့မှာ မဟုတ်ဘူးကျနော်တို့ လူထုက လည်းနားလည်ပါတယ်။ ဒီအချိန်မှာ အာဏာကိုလက်ဆုတ်လက်ကိုင် ယူထားတာ ဗိုလ်ချုပ်ကြီးများပါ၊ တချို့အခွင့်အလမ်းများက တပြိုင်နက်ထဲ တောင်းဆိုလို့ ယူလို့မရတာရှိတယ်        ( ဆရာအောင်သင်း အဆိုအမိန့်ပေါ့ ) ဥပမာ.. ကော်ဖီသောက်မလား မုန့်စားမလားဆိုရင် ကော်ဖီလည်းသောက်မယ် မုန့်လည်းစားမယ် နှစ်ခုလုံးသုံးလို့ရတယ်၊ လူတစ်ယောက်ရဲ့ အိုခြင်းနဲ့ ရှင်သန်ခြင်းတစ်ခုခုကို ရွှေးပါဆိုရင်တော့ နှစ်ခုလုံးတပြိုင်နက်ထဲ ရွှေးလို့မရတော့ဘူး၊ မအိုခြင်ရင်သေ  ( အုဝဲဆိုကထဲ ကသေလိုက်ရင်.. မအိုတော့ဘူး )၊ မသေခြင်ရင် အိုကိုအိုရမယ်၊ ဒီလိုပါပဲ၊ တိုင်းပြည်ကို အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ တိုးတက်အောင် လုပ်သွားမလား၊ ဗိုလ်ချုပ်ကြီးများရဲ့ ကျူးလွန်ခဲ့တဲ့ အရာတွေအတွက် တုန့်ပြန်မလားဆိုတာမှာ တခုခုကိုပဲ ရွှေးချယ်ရတော့မှာ ဆိုတာကို လူထုက သဘောပေါက်ပါတယ်။ ဒီအဆင့်တွေမှာ အချိန်လေးရနေပါသေးတယ်။ ဒီထက် ကျော်လွန်သွားမယ်ဆိုရင်တော့ ဗိုလ်ချုပ်ကြီးများအတွက် ရသင့်တဲ့အခွင့်ရေးများကို လူထုက အပြီးတိုင်သိမ်းပိုက်ယူသွားပါလိမ့်မယ်
    တကယ်လို့ခေါင်းမာစွာနဲ့ ၂၀၀၈ အခြေခံဥပဒေအတိုင်း ဆက်သွားမယ်၊ ပုံစံမပြောင်းဆက်လက်ချီတက်မယ် ဆိုရင်တော့ တိုင်းပြည်စီးပွားရေးဟာ အောက်ဆုံးအထိကျဆင်းသွားပြီး အငတ်ဆိုက်ပြသနာ တွေနဲ့ကြုံလာပါလိမ့်မယ် အခုလည်းကြုံနေရပါပြီ ဒါဆိုရင်လူထုကသီးခံနိုင်တော့မှာ မဟုတ်တော့ပါဘူး၊ အဆုံးစွန်အထိ ပေါက်ကွဲထွက်လာရင် ဗိုလ်ချုပ်ကြီးများအတွက် ထွက်လမ်းပိတ်သွားနိုင်ပါတယ်။ နိုင်ငံတကာမကြည်ညိုသော စစ်ခေါင်းဆောင်ကြီးများ၊ လျှပ်စစ်စွမ်းအင်အားနည်းသောနိုင်ငံ၊ လာဒ်ပေးလာဒ်ယူ ကြီးထွားနေသော ယဉ်ကျေးမှု့ရဲ့ အောက်မှာရှိနေတဲ့ ကျနော်တို့လက်ရှိ နိုင်ငံအခင်အကျင်းကို ဘယ်နိုင်ငံတကာကမှ လာရောက်စီးပွားရေး မြုတ်နှံမှာ မဟုတ်ဘူးဆိုတာကို သေသေချာချာပြောနိုင်ပါတယ်။ အခုမြန်မာပြည်ကို လာရောက်ရင်းနှီးမြုတ်နှံနေတဲ့ နိုင်ငံတကာဆိုတဲ့ သူတွေကအသေးစားလေး တွေပါ၊ တိုင်းပြည်စီးပွား ဦးမော့လာအောင် မစွမ်းဆောင်နိုင်ပါဘူး၊ တိုင်းပြည်စီးပွားဦးမော့လာဘို့ တရုတ် လောက်အားကိုးနေရုံနဲ့ မဖြစ်ဘူးဆိုတာ ပြောပရစေ၊ အမေရိကန်နဲ့ အနောက်အုပ်စုမပါပဲ တိုင်းပြည်စီးပွား ဦးမော့လာဘို့ဆိုတာ စိတ်ကူးယဉ်မျှသာဖြစ်ပါလိမ့်မယ်၊ နအဖ စစ်ဗိုလ်ချုပ်ကြီးများ ဟစ်ကြွေးနေသလို ကျနော်တို့နိုင်ငံဟာ သယံဇာတပေါကြွယ်ဝတယ်ဆိုတာ တကယ်တော့ တိုင်းပြည်တပြည်ကိုစီးပွား တိုးတက်လောက်အောင်အထိ ပေါကြွယ်ဝတာမဟုတ်ပါဘူး၊ အရေးကြီးဆုံးက လူသားအရင်းမြစ်ပါ ၊ စင်္ကာပူနိုင်ငံဟာ ဘာသယံဇာတမှမရှိပဲ နိုင်ငံတိုးတက်အောင် ထူထောင်သွားနိုင်ပါတယ်။ ဒါဟာ စနစ်ကောင်း၊ ခေါင်းဆောင်ကောင်းနဲ့၊ လူသားအရင်းမြစ်များ ကြောင့်ပဲဖြစ်ပါတယ်။
    ဒီနေ့မြန်မာနိုင်ငံမှာ ဆိုးဝါးလှတဲ့စစ်အာဏာရှင်များရဲ့ စနစ်ဆိုးဒဏ်ကို ပြည်သူတွေတွင် မဟုတ်ပါဘူး၊ တပ်မတော်သားများလည်း ခါးစည်းခံနေရတာပါ၊ 
 တကယ်တော့ နအဖစစ်ခေါင်းဆောင်များကြီးဟာ မြန်မာ့တပ်မတော်ကို ကျွှန်ပြုပြီး ထင်ရာကျဲနေတဲ့ သူတွေဆိုရင်ငြင်းကြဦးမှာလား၊ 
ဒီသဘောတရားကို တပ်မတော်ဟာ နားလည်သဘောပေါက်ပြီး ပြည်သူနဲ့ပူးပေါင်းလာတဲ့ တနေ့ စစ်အာဏာရှင်ကြီးများအတွက် များစွာသော ပေးဆပ်မှု့များနဲ့ ကြုံလာရနိုင်ပါတယ်။ အကောင်းဆုံးကတော့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အပါဝင် ဒီမိုကရက်တစ် အတိုက်အခံခေါင်းဆောင်တွေရယ်၊ တိုင်းရင်းသားကိုယ်စားပြု၊ မြေပေါ်မြေအောက် ခေါင်းဆောင်တွေရယ်၊ ဗိုလ်ချုပ်ကြီးများရယ် တိုင်းပြည်ပြသနာများကိုတွေ့ဆုံ ဆွေးနွေး အဖြေရှာခြင်းဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆီသို့ ဦးတည်သွားသင့်သော အချိန်ရောက်ရှိနေပါပြီ။
          လူတစ်ယောက်ယောက်ကိုလက်သီးနဲ့ထိုးဖို့ဆိုတာ ကိုယ့်မှာမေးရိုးရှိရတယ်
                          အတိုင်းတာတခုထိအချိန်လေးရနေသေးတုန်းပါပဲ။
               
                                                    အားလုံးကိုလေးစားစွာဖြင့်
                                                  (  မောင်မောင်ဝမ်း )

နှင်းရနံ့တွေ ကျွံဝင်လာတဲ့အခါ……….( ၁၉၉၆ – ကျောင်းသားလှုတ်ရှားမှု )


အသံ (၁)

ကျနော့သူငယ်ချင်းတွေကလည်း ဖြူးမြို့ကလာတက်တဲ့ ကျောင်းသားတွေလေ။ မြို့ကိုခဏအလည်ပြန်ဖို့ စော်ဘွားကြီးကုန်းကားဂိတ်မှာ ကားစောင့်နေတုံး၊ စားသောက်ဆိုင်မှာ ခဏဝင်စားသောက်ကြတယ်။
ကျနော်တို့နဲ့မလှမ်းမကမ်းမှာ စားသောက်နေတဲ့သူတွေက စည်ပင်သာယာကရဲတွေ။ သိတ်မကြာဘူးဗျ။ သူတို့အရှိန်ရလာတယ်ထင်တယ်။ ကျနော်တို့စကားပြောတာဆူတယ်တဲ့။ တယောက်က မျက်နှာဆွဲထိုးခံချင်လို့လားလို့မေးတယ်။
ကျနော်တို့လည်း လူငယ်ပဲလေ။ ပြန်ပြီး မိုက်ကြည့်ကြည့်တာပေါ့။ အခြေအနေတေကွ တစထက်တစတင်းမားလာတယ်။ “မအေ -ိုးတွေ၊ဘာလူပါးဝတာလဲ။ ကြာတယ်ကွာ။ရိုက်ပစ်”တဲ့။ သူတို့လေးယောက် ဝုန်းကနဲထလာတယ်။ ကျနော်တို့က ကျောင်းသားတွေပါလို့ပြောတယ်။ မရဘူးဗျာ။ အဲ့ဒီမူးနေတဲ့ စည်ပင်သာယာရဲတွေက၊
“ အေး– ကျောင်းသားဆိုရင် ငါတို့က ပိုပြီးရိုက်ချင်တယ်” တဲ့။ ကျနော်တို့ ဘာမှပြန်ပြောချိန် မရလိုက်တော့ဘူး။ သူတို့လက်ထဲကဒုတ်တွေ။ ကျနော်တို့ ခန္ဓာကိုယ်အနှံ့ပလူပျံလာတယ်။ ကျနော်က ထွက်ပြေးနိုင်ခဲ့ပေမဲ့ ကျနော့သူငယ်ချင်းနှစ်ယောက်ကိုတော့ ထိုးကန်ရိုက်နှက်ပြီး အင်းစိန်ရဲစခန်း ခေါ်သွားတယ်လို့သိရတယ်။
မှတ်မှတ်ရရ-အဲ့ဒီနေ့က အဆောင်မှာ အထူးညနေစာ ( Special Dinner) ရှိတယ်။ Special Dinner ကျွေးတယ်ဆိုတာစာမေးပွဲနားနီးရင် တပတ်တခါ အသားကောင်းကောင်း ချက်ကျွေးတဲ့နေ့ကိုပြောတာ။ ထောင်ထမင်းလို နေ့တိုင်းစားနေရတာထက်စာရင် အဲ့သလို Special Dinner နေ့ရောက်လာရင်တော့ မဆိုးပါဘူး။ ညနေ (၅) နာရီလောက်ဆို လူစုံမှာ အသေအချာပဲ။
စော်ဘွားကြီးကုန်းမှာ ရိုက်နှက်ဖမ်းဆီးခံရတဲ့ ကျောင်းသားတွေကိစ္စကို ညနေစာစားနေတဲ့အချိန်မှာ အားလုံးကိုညှိနှိုင်းကြမယ်လို့ သဘောတူလိုက်ကြတယ်။ တကယ်တော့ အဲ့ဒီညနေက အထူးညနေစာစားပွဲမှာ အစည်းအဝေးတခုလို လုပ်ဖြစ်ခဲ့တာမဟုတ်ဘူး။
စော်ဘွားကြီးကားဂိတ်မှာ ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာကို ကျောင်းသားတယောက်က လက်ရေးနဲ့ရေးပြီး ရှင်းထားတယ်။ ညနေစာ စားပြီးတာနဲ့ အင်းစိန်ရဲစခန်း ကို ဝိုင်းကြမယ် ဆိုတဲ့ အစီအစဉ်တရပ်ကို ဆွေးနွေးထားတယ်။
ဆရာတွေက ကျနော်တို့ဘာလုပ်မလဲဆိုတာကို မျက်စိဒေါက်ထောက် စောင့်ကြည့်နေတာမို့လား။
ညနေစာ စားနေတုံးမှာ ကျနော်တို့ရဲ့စာရွက်လေးကို တဝိုင်းပြီးတဝိုင်း လက်ဆင့်ကမ်းဖတ်လိုက်ကြတယ်။
ကျောင်းသားတယောက်ကတိုးတိုးလေးပြောတယ်။ “ ကိုယ့်လူတို့ ဒီကနေ့ညနေစာကို အဝကြိတ်ထားနော်။ ပွဲက တညလုံးဖြစ်ချင်ဖြစ်သွားနိုင်တယ်” တဲ့။
A ဆောင်-အဆောင်မှူး ဦးအေးအောင်က အနားကိုကပ်လာတယ်။ “ဘာပွဲလဲက။ွ မင်းတို့ဖဲဝိုင်း တညလုံးထောင်ကြမလို့လား” တဲ့။ သူမေးတာက သဘာဝကျပါတယ်။ ကျနော်တို့ကလည်း ဖဲတအားရိုက်တဲ့ကောင်တွေမို့လား။ “ ဆရာရော ရှယ်ယာပါအုံးမလား” ဆိုတော့ နထင်ကို ခပ်ဖွဖွရိုက်ပြီး လှည့်ထွက်သွားတယ်။ ဖြစ်နိုင်ရင် ကျောင်းသားတွေ ဒီညမှာ ဖဲရိုက်၊အရက်သောက် ကြိုက်တာလုပ်။ ဆရာတွေအတွက် ပြဿနာမရှိဘူး။ အစိုးရနဲ့ထိပ်တိုက်တွေ့မဲ့ကိစ္စတွေ ဖြစ်လာမှသာ သူတို့လည်း ကြားကစိတ်ညစ်ရတာမို့လား။
သူတို့စိတ်ထဲမှာ ကျောင်းသားတွေ တခုခုပြန်လုပ်တော့မယ်ဆိုတာ ရိပ်မိလို့ ကျနော်တို့ကို စောင့်ကြည့်နေတာနေမှာပေါ့။ ကျနော်တို့ကလည်း ညနေစာ စားပြီးတာနဲ့ ကျောင်းရှေ့လက်ဘက်ရည်ဆိုင်လေးမှာ ဆုံကြဖို့ အချက်ပြထွက်လိုက်တယ်။

အသံ(၂)


လူတွေအားလုံးနီးပါး ထမင်းစားခန်းကနေ ထွက်လာတော့ ညနေ ခြောက်နာရီခွဲေ လာက်ရှိသွားပြီ။
တချို့ကကျောင်းရှေ့လက်ဘက်ရည်ဆိုင်လေးမှာထိုင်နေကြသလို၊ တချို့က ကွမ်းယာဆိုင် လေးဘေးက ကားမှတ်တိုင်မှာ မယောင်မလည်ရပ်နေကြတယ်။ အုပ်စုနှစ်စုခွဲလိုက်ကြပြီး (၄၅) ဘတ်စ်ကားပေါ် လှမ်းတက်လိုက်ကြတယ်။
အရင်ရောက်နှင့်တဲ့အုပ်စုက အင်းစိန်ဈေးနားမှာ စောင့်ပေါ့။ ရဲစခန်းကို စတင်ဝိုင်းလိုက်တဲ့အချိန်က (၇) နာရီကျော်၊ ရှစ်နာရီလောက်ရှိသွားပြီလေ။ အင်းစိန်ရဲစခန်းက ဝရုန်းသုန်းကား ဆူညံနေတဲ့ ကျောင်းသားတွေရဲ့ အသံကိုလည်းကြားရော ၊မီးတွေအားလုံး ပိတ်ပစ်လိုက်တယ်။ ရဲတွေအားလုံး နေရာယူကြဖို့ သူတို့ရဲ့အရာရှိက အမိန့်ပေးလိုက်တယ်။ အပေါက်တွေကြားကနေ ကျနော်တို့ကိုချိန်ထားတဲ့ သေနတ်တွေ၊ ခိုးကြည့်နေတဲ့မျက်နှာတွေကို နောက်ဆုံးတွေ့လိုက်ရတယ်။ တလောကလုံးမှောင်ကျသွားတယ်။ ညအမှောင်ထဲမှာ သေနတ်မောင်းတင်သံတွေကြားရတယ်။ ဖြောင်း–ဖြောင်း-ကလစ်–ဖြောင်း– ဆိုတဲ့အသံတွေလည်းပါတယ်။
“ကျောင်းသားတွေအနေနဲ့အေးချမ်းစွာပြန်သွားကြဖို့။ တိုက်ခိုက်လာမယ်ဆိုရင် မိမိတို့အနေနဲ့လည်း ပစ်ခပ်ရမှာဖြစ်ကြောင်း” ရဲစခန်းအတွင်းက အော်ပြောတဲ့အသံကိုကြားနေရတယ်။
ကြောက်စိတ်ရှိသလားလို့ကိုယ့်ဘာသာမေးနေချိန်တောင်မရလိုက်ပါဘူး။ ဖြစ်ချင်ရာဖြစ်ကွာ ဆိုတဲ့စိတ်က အရင်ရောက်သွားတယ်။ ရဲစခန်းတံခါးကို တွန်းဖွင့်ပြီးဝင်လိုက်ကြတယ်။ ရုံးခန်းအပေါက်ကိုလည်း ရောက်ရော မီးတွေအကုန်ပြန်လင်းလာတယ်။ သေနတ်နဲ့ထိုးချိန်ထားတဲ့ ရဲသားတွေရဲ့လက်တွေကတုန်နေတယ်။ ကျနော်တို့က “ ဖမ်းဆီးထားတဲ့ကျောင်းသားတွေကို လာခေါ်တာဖြစ်ကြောင်း၊ ကျောင်းသားတွေကိုတွေ့ချင်ကြောင်းပြောတဲ့အခါ၊ ရဲစခန်းမှူးက ဇောချွေးပြန်နေတဲ့ မျက်နှာကိုတချက်သုတ်ပြီး ဖမ်းဆီးထားတယ်ဆိုတဲ့ ကျောင်းသားတွေရဲ့နာမည်ကို မေးတယ်။ နောက်– သူတိုအနေနဲ့ အဲ့ဒီကျောင်းသားတွေကို ဖမ်ဆီးထားခြင်းမရှိကြောင်း၊ စော်ဘွားကြီးကုန်း စည်ပင်ရဲတွေကိုသာ သွားရောက်မေးစေလိုကြောင်း ငြင်းဆိုခဲ့တယ်။

အသံ (၃)


ရဲစခန်းအပြင်ဘက်ကိုထွက်လာတော့ မော်ကွန်းထိန်းဦးစိန်ဋ္ဌေးနဲ့ အဆောင်မှူးတွေ၊ ဆရာတွေရောက်နေပြီ။ ကျောင်းသားတွေ အဆောင်ကိုပြန်ကြဖို့အတွက် နားချနေကြတယ်။ ကျနော်တို့ ကျောင်းသားအုပ် လမ်းလျှောက်သွားရာ တလျှောက်မှာ သူတို့ကားက ကပ်ပါနေတယ်။ ကျနော်တို့ထဲက ကျောင်းသားကြီး သုံးယောက်က (၄၅) ဘတ်စ်ကားတစီးကိုတားလိုက်တယ်။
ကျောင်းသားတေ အားလုံးကလည်း အဲ့ဒီကားပေါ်ကိုတက်လိုက်ကြတယ်။ ပထမတော့ ဆရာတွေက ကျနော်တို့တတွေ ကျောင်းဘက်ဆီကိုပြန်ကြတော့မယ်ထင်နေတာ။ အင်းစိန်လမ်းဆုံကိုရောက်မှ သူတို့သဘောပေါက်သွားကြတယ်။ ကျနော်တို့တတွေ စော်ဘွားကြီးကုန်း အဝေးပြေးကားဂိတ်ဝင်းဆီကို ဦးတည်နေပြီဆိုတာ။

အသံ (၄)


ကျောင်းသားအုပ်စုက စော်ဘွားကြီးကုန်းကားဂိတ်မှာရှိတဲ့ စည်ပင်သာယာ ရဲစခန်းကို ဝိုင်းလိုက်တယ်။
ရဲတွေလည်း အခြေအနေကို ခန့်မှန်းမိပုံရတယ်။ ရုံးခန်းကိုပစ်ထွက်ပြေးသွားကြတယ်။ ရှမ်းပြည်နယ်က ကျောင်းလာတက်တဲ့ ကျောင်းသားတယောက်က တံခါးမှန်တွေကိုရိုက်ခဲလိုက်ပြီး ရုံးခမ်းထဲကိုဝင်လိုက်တယ်။
ည(၉) နာရီလောက်ရှိသွားပြီလေ။ စော်ဘွားကြီးကုန်း အဝေးပြေးကားဂိတ်မှာ နယ်ကိုထွက်ခွာတော့မဲ့ ကားတွေက အပြည့်ပဲ ခရီးသည်တွေလည်း စိတ်ဝင်တစားဝိုင်းအုံလာကြတယ်။ဒီ သတင်းက နယ်အသီးသီးကို ပြန့်နှံ့သွားတော့မှာ သေချာတယ်။
ဆရာတွေက “ကဲ သားတို့ဘာဖြစ်ချင်သလဲ၊ လိုချင်တာရရင် အိမ်ပြန်ကြမှာလား” လို့ မေးတယ်။ ကျနော်တို့ကလည်း တာဝန်ရှိသူတွေနဲ့တွေ့မယ်။ ကျောင်းသားတွေကို မလွှတ်ဘူးဆိုရင် ကျနော်တို့လည်းပြန်စရာအကြောင်းမရှိဘူး လို့ အဖြေပေးခဲ့တယ်။
သိတ်မကြာဘူး။ ခရိုင်ရဲမှူးအပြင် စစ်ထောက်လှမ်းရေး တာဝန်ခံတွေ ရောက်လာတယ်။ ကျနော်တို့ဘက်က ကျောင်းသားကိုယ်စားလှယ် (၅) ယောက်နဲ့ဆွေးနွေးမယ် လို့ ဆိုတယ်။ ရတယ်လေလို့ပြောရင်း ကျနော်တို့ဘက်မှာ အလိုလိုခေါင်းဆောင်ဖြစ်လာတဲ့ ကျောင်းသား (၅) ယောက်က ရုံးခန်းထဲကိုဝင်လိုက်တယ်။
အဖြစ်အပျက်တွေကို အသေးစိတ်ပြန်လည် ဇာတ်စုံခင်းကြတယ်။ ဒါပေမဲ့ သူတို့ကခေါင်းမာတယ်။ အလျော့ပေးချင်ပုံမရဘူး။ “ကျောင်းသားကိုရိုက်ခဲ့တဲ့ စည်ပင်ရဲတွေကို ဒီညဖမ်းဆီးဖို့ဆိုတာ မဖြစ်နိုင်ဘူး” တဲ့။ ကျောင်းသားကိုယ်စားလှယ်တယောက်က ဝင်ပြောတယ်။ “ဘာလို့မဖြစ်နိုင်ရမှာလဲ။ ခင်ဗျားတို့ ကျနော်တို့ကိုလာဖမ်းလို့မတွေ့တဲ့အခါ ကျနော်တို့မိသားစုထဲက တယောက်ယောက်ကို ဖမ်းတာမဟုတ်လား။ သူတို့ကိုလည်း အဲ့သလို အကြပ်ကိုင်ဖမ်းဆီးပေါ့” တဲ့

အသံ (၅)

ကျောင်းသားတွေနဲ့ တာဝန်ရှိသူတွေကြား အခြေအတင်စကားပြောနေတာ (၄၅) မိနစ်လောက် ရှိသွားပြီ။ စော်ဘွားကြီးကုန်း ကားဂိတ်အပြင်ဘက်က လမ်းမတွေမှာလည်း ကားတွေကြဲသွားသလို၊ ကားဂိတ်အတွင်းက အဝေးပြေးကားတွေကို တဖြည်းဖြည်း နှင်ထုတ်နေတယ်ဆိုတာကို သိလိုက်ရတယ်။ ကျနော်တို့တတွေ တခုခုလုပ်မှဖြစ်တော့မယ်ထင်တယ်။
မတ်လ (၁၃) ရက်နေ့တုံးက ကျောင်းဝင်းထဲမှာ ပိတ်မိသလိုမျိုးမပိတ်မိဖို့ အရေးကြီးတယ်။ ကျောင်းသားတချို့က အဆောင်ကိုပြန်သွားပြီး လူထပ်ခေါ်တယ်။ ကျနော်တို့ကလည်း ဆွေးနွေးပွဲကို ရပ်ပစ်ဖို့ဆုံးဖြတ်လိုက်တယ်။
“ အန်ကယ်တို့ကို ၁၀ မိနစ်လောက် ထပ်အချိန်ပေးပါမယ်။ ကျောင်းသားတွေကိုရိုက်တဲ့ စည်ပင်ရဲတွေကို ဒီညအတွင်း ဖမ်းဆီးအရေးယူပါမယ်ဆိုတဲ့ အဖြေကိုမရခဲ့ရင်၊ ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေကို ကျနော်တို့တာဝန်မယူနိုင်ဘူး” လို့ပြောရင်းအခန်းထဲက ထွက်လိုက်ကြတယ်။ ညက တဖြည်းဖြည်းမှောင်လာပြီ။ အပြင်မှာ အစီအစဉ်တွေကို စံနစ်တကျကြိုပြင်ထားတဲ့ ကျောင်းသားကြီး တယောက်က အဝေးပြေးကားဂိတ်ထဲဆီဝင်လာတဲ့ ကားကြီးတစင်းကို ချောဆွဲလိုက်တယ်။
မော်ကွန်းထိန်း ဦးစိန်ဋ္ဌေးနဲ့ ဆရာတွေက “ သားတို့ဘယ်သွားကြမှာလဲ” လို့ စိုးရိမ်တကြီးမေးတယ်။
“ဆရာတို့ မကြာခင်သိမှာပါ။ ကျနော်တို့ရှေ့မှာ ကားကိုပိတ်ပြီး မရပ်ဖို့တောင်းပန်ပါတယ်။ မလိုလားအပ်တဲ့ အရာတွေ ဆရာတို့နဲ့ ကျနော်တို့ကြားမှာ မရှိစေချင်ဘူး လို့သတိပေးလိုက်မိတယ်။
ဘယ်သူပဲဖြစ်ဖြစ် ရှေ့ကနေ ပိတ်တားရင် ဖြတ်သာတိုက်ပစ်လိုက်တော့လို့ ကားမောင်းသူကို အော်ပြောလိုက်တယ်။
ကားသမားကလည်း ငါ့ညီတို့ဖြစ်စေချင်တာသာပြောပါ။ အကို့သားလည်း တက္ကသိုလ်တက်နေတယ်လေ။ ငါ့ညီတို့ခံစားနေရတဲ့ကိစ္စကို အကိုနားလည်ပါတယ် တဲ့။ သူကလည်း ကျနော်တို့ကိုလိုက်ပို့ရတာ ပျော်နေပုံပါပဲ။
ည (၁၀) နာရီထိုးသွားပြီ။ ကျနော်တို့တတွေ နာရီကိုတချက်ကြည့်လိုက်ပြီး တယောက်မျက်နှာတယောက် ကြည့်လိုက်ကြတယ်။သူတို့ဘက်က လိုက်လျောမှု တစုံတရာ မရှိတော့တဲ့အခါ၊ ကျနော်တို့ဘက်ကလည်း ပြန်လည်အကြပ်ကိုင်တဲ့နည်းကိုသုံးရတော့မယ်။
မတတ်နိုင်ဘူး။ ကျောင်းသားအုပ်ကို လှည်းတန်းလမ်းဆုံမှာ ရွှေ့ပစ်ရမယ်။ ကျောင်းဝင်းထဲမှာ ဆန္ဒပြရင်ညမှာ လူမသိသူမသိပိတ်ဖမ်းမယ်။ အဖမ်းခံရမဲ့အတူတူ လူမြင်ကွင်းရှေ့မှာ အဖမ်းခံမယ် လို့ ဆုံးဖြတ်လိုက်ကြတယ်။
ဝီစီ မှုတ်သံကိုပေးလိုက်ကြဖို့ ကျနော်တို့ချင်းအချက်ပေးလိုက်ကြတယ်။ ကျနော်တို့ကားစတင်ထွက်ပြီ။
အဆောင်ကိုပြန်သွားတဲ့ ကျောင်းသားတယောက်က သူတို့လည်း ကျောင်းသားတွေနဲ့ ညှိခဲ့ပြီးပြီတဲ့ အင်းစိန်လမ်းမကြီး တလျှောက် နဲ့ ပြည်လမ်းတလျှောက်မှာလည်း ကျောင်းသားတွေ ချီတက်လာနေကြပြီလို့ နောက်ထပ်သူငယ်ချင်းတယောက်က အော်ဟစ်ပြောဆိုနေကြတယ်။ ကျနော်တို့ရည်ရွယ်ချက်က ဒီလို–ကျနော်တို့ ကျောင်းသားတွေ မနက်လင်းချိန်ထိ ကျောင်းသားအုပ်ကို လှည်းတမ်းလမ်းဆုံမှာ စုစည်းထားနိုင်ခဲ့ရင် ပြည်သူတွေသိရှိသွားမယ်။ ကျနော်တို့ တောင်းဆိုချက်တွေကို ဝင်ရောက်ပူးပေါင်း တောင်းဆိုလာနိုင်တယ်။

အသံ(၆)

ည(၁၀း၁၅) လောက်ကတည်းက လှည်းတန်းလမ်းဆုံတခုလုံးကို ကျောင်းသားတွေက သိမ်းပိုက်ထားလိုက်ပြီ။ ပြည်သူတွေကလည်း စိတ်ဝင်တစားပဲ။ ဘာဖြစ်ကြတာလဲ၊ ဘာကူညီပေးရမလဲ ဆိုပြီး အဝိုင်းကြီးဘေးမှာ ရပ်ကြည့်နေကြတယ်။ ရန်ကုန်တက္ကသိုလ်နားက ဓါတ်မီးတိုင်အောက်မှာ ကျနော်တို့တတွေ တောင်းဆိုချက်တွေကို လက်ရေးနဲ့ရေးလိုက်ကြတယ်။
ပြည်သူတွေကြားကို ဝေဖို့အတွက် ကျောင်းသားတချို့က မိတ္တူကူးစက်ဆိုင်ကိုသွားကြတယ်။ ကျနော်တို့တောင်းဆိုချက်ထဲမှာ နောက်ထပ်တိုးလာတဲ့အရာက “ အခုလိုမတရားသဖြင့် ရိုက်နှက်ဖမ်းဆီးမှုကို အစိုးရအသံလွှင့်ဋ္ဌာနတွေကနေတရားဝင် တောင်းပန်ရမယ်” ဆိုတဲ့အချက်ပဲဖြစ်တယ်။ ကျန်တဲ့အချက်တွေက အတူတူပါ။ အာဏာပိုင်တွေကလည်း လည်တယ်ဗျ။ သူတို့ဘက်က တစုံတရာ လိုက်လျောရတော့မယ်ဆိုတာကို သဘောပေါက်နေကြတယ်။
ကျနော်တို့တတွေ လှည်းတန်းလမ်းဆုံမှာ တနာရီခွဲလောက် ဝိုင်းဖွဲ့ထိုင်လိုက်ပြီး လမ်းတွေကို ပိတ်ဆို့ပစ်လိုက်တယ်။ ညသန်းခေါင်ယံလောက်မှာ လက်ထိပ်တန်းလန်းတွေနဲ့ ဖမ်းခေါ်လာတဲ့ စည်ပင်ရဲတွေကို အာဏာပိုင်တွေက လှည်းတန်းလမ်းဆုံမှာ စုဝေးနေတဲ့ ကျောင်းသားအုပ်ဆီ ခေါ်ယူလာတယ်။ ဒီ မျက်နှာတွေဟုတ်လားလို့ မေးတယ်။
နာမည်တွေကိုမိတ်ဆက်ပေးတယ်။ ကျနော်တို့ထဲက ကျောင်းသားတယောက်က သူတို့မျက်နှာတွေကိုကြည့်ပြီး၊ “ဟုတ်တယ်။သူတို့ပဲလို့ဖြေလိုက်တယ်” ကျောင်းသားတွေကို ကန်တော့တောင်းပန်ဖို့လိုက် လို့ အမိန့်ပေးလိုက်တယ်။ ကျနော်တို့ကျောင်းသားတွေက “ မလိုပါဘူး။ သူတို့က ကျနော်တို့ထက်ကြီးပါတယ်။ ခင်ဗျားတို့ဘာသာ ဆက်လက်အရေးယူလိုက်ပါလို့ ပြောရင်း ကျောင်းသားအုပ်ကို အဆောင်ပြန်ကြဖို့ အချက်ပေးလိုက်တယ်။
(အထက်ပါအဖြစ်အပျက်တွေက အောက်တိုဘာ (၂၁) (၂၂) ရက်ညမှာဖြစ်ခဲ့တဲ့အရာတွေဖြစ်တယ်။
ကျောင်းသားတွေကိုရိုက်တဲ့ စည်ပင်ရဲတွေကိုဖမ်းခေါ်ပြအပြီးမှာ ကျောင်းသားအုပ်စုအတွင်း အယူအဆနှစ်ခုကွဲတယ်။
တချို့က စစ်အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဆက်လုပ်ရမယ်ဆိုပြီး ရန်ကုန်တက္ကသိုလ်ထဲမှာ သပိတ်စခန်းဖွင့်ဖို့ လှုံ့ဆော်ကြတယ်။ ကျောင်းသားအများစုကတော့ တိုက်ပွဲဟာ အကန့်အသတ်ရှိရမယ်။ လိုချင်တာရပြီ ဆိုရင် ခေတ္တရပ်ဆိုင်းဖို့လိုတယ်။
အကြောင်းရာတခုခြင်းကိုကြည့်ပြီးမှ တဆင့်ပြီးမှတဆင့် ဆက်အရှိန်မြှင့်သင့်တယ်လို့ ယူဆကြတဲ့အတွက် အဆောင်ပြန်ခဲ့ကြတယ်။ရန်ကုန်တက္ကသိုလ်ထဲ စုဝေးဖို့ရောက်ရှိသွားတဲ့ ကျောင်းသားတွေလည်း ဆန္ဒပြပွဲကို ဆက်လက်လုပ်ဆောင်ဖို့ အခွင့်အရေးမရခဲ့ပါဘူး)

အသံ (၇)

အောက်တိုဘာကျောင်းသားလှုပ်ရှားမှုဟာ အောင်မြင်မှုရခဲ့ပါတယ်။ ဒါပေမဲ့ အ့ဒဲီလှုပ်ရှားမှုမှာ ဦးဆောင်ခဲ့သူတွေကို အရေးယူဖမ်းဆီးမဲ့ ခြေလှမ်းတွေကလည်း ထင်ထင်ရှားရှားမြင်နေရတယ်။ အထူးသဖြင့် ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားခေါင်းဆောင် (၅) ယောက် နေထိုင်တဲ့ အဆောင်အခန်းတွေဆီကို မော်ကွန်းထိန်းရုံးကနေ ဆင့်ခေါ်စာတွေပို့ခဲ့တယ်။
မော်ကွန်းထိန်းရုံးခန်းကိုဆီကိုလည်းရောက်သွားရော၊ အဲ့ဒီအခန်းထဲမှာ မော်ကွန်းထိန်း ဦးစိန်ဋ္ဌေးကိုနောက်ကနေ ထိန်းချုပ်ထားပုံရတဲ့ လူနှစ်ယောက် (ကော်လံကတုံးအဖြူနဲ့ ကချင်လုံချည်ဝတ်ထားတယ်) က ပြောဆိုဆွေးနွေးသမျှကို လိုက်မှတ်နေတယ်။ ပါမောက္ခဦးကြင်စိုးက နောက်နောင် ဒီလိုလှုပ်ရှားမှုတွေကို မလုပ်တော့ပါဘူး ဆိုတဲ့ ဝန်ခံလက်မှတ်တွေကို ရေးထိုးခိုင်းတယ်။ အိမ်တွေမှာ တပတ်ဆယ်ရက်လောက် ပြန်နားကြဖို့၊တိုက်တွန်းတယ်။ ဒါပေမဲ့ ပါမောက္ခဦးကြင်စိုးနဲ့ မော်ကွန်းထိန်းဦးစိန်ဋ္ဌေးကို အာခံငြင်းဆိုတဲ့ ကျောင်းသားခေါင်းဆောင်နှစ်ယောက်ရှိတယ်။ တယောက်က ရုံးခန်းကိုလုံးဝမလာပဲ သပိတ်မှောက်ပြီး၊ တယောက်ကတော့ ရုံးခန်းဆီကိုလာရောက်ပြီး ပါမောက္ခချုပ်ကို မေးခွန်းတွေထုတ်တယ်။
“ အိမ်ကိုပြန်ခိုင်းရအောင် ကျောင်းကတရားဝင်ပိတ်လို့လား” “ အိမ်ရောက်ရင် ထောက်လှမ်းရေးကဖမ်းမှာမို့လား” လို့မေးခွန်းထုတ်တယ်။ ဦးကြင်စိုးက လက်မှတ်ထိုးခိုင်းတဲ့အခါ “ ကျောင်းသားတွေ မတရားသဖြင့် ဖမ်းဆီးရိုက်နှက်ခံထားရာက လွတ်မြောက်အောင် လုပ်တဲ့အရာဟာ မှန်ကန်တဲ့အရာဖြစ်တဲ့အတွက် လက်မှတ်ထိုးစရာ မလိုဘူး” လို့ ငြင်းဆန်ပြီး ရုံးခန်းထဲကထွက်သွားခဲ့တယ်။

အသံ (၈)

နိုဝင်ဘာလတလျှောက်လုံး ကျောင်းထဲမှာ လှုပ်လှုပ်လှုပ်လှုပ်ဖြစ်နေတော့တယ်။ တချို့က ကျောင်းအာဏာပိုင်တွေရဲ့ ကျောင်းသားတွေအပေါ် ဆင့်ခေါ်မေးခွန်းထုတ်နေတဲ့ လုပ်ရပ်ကို ဒေါသထွက်နေကြသလို၊ တချို့ကတော့ အောက်တိုဘာ အောင်မြင်မှုအတွက် အားရကျေနပ်နေကြပြီး စစ်အစိုးရဆန့်ကျင်ရေးကို ဆက်လုပ်ကြဖို့ နည်းလမ်းရှာနေကြတယ်။
အဲ့ဒီအချိန်မှာ ကျောင်းသားတွေရဲ့ ဒေါသကိုထပ်ပြီးမီးရှို့ပေးမဲ့ ဖြစ်ရပ်တခု ပေါ်ပေါက်လာခဲ့တယ်။ ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားများ ဆိုတဲ့အမည်နဲ့ ထုတ်ဝေတဲ့စာစောင်တွေဟာ ကျောင်းသားထုကြားမှာ ပျံ့နှံ့နေခဲ့တယ်။ အဲ့ဒီစာထဲမှာ “ ကျောင်းသားတွေဟာ ကားခမပေးပဲ ဘတ်စ်ကားစပယ်ယာနဲ့ ရန်ဖြစ်လို့ဖြစ်၊ လက်ဘက်ရည်ဆိုင်မှာလည်း ရပ်ကွက်ကလူတွေနဲ့ ရန်ဖြစ်ပြီး ကလေကချေဆန်ဆန် လုပ်နေကြတဲ့အတွက် သိက္ခာမရှိတော့ဘူး။ အေးချမ်းစွာပညာသင်ကြားမှုကို နှောင့်ယှက်ချင်တဲ့သူတွေ ဖြစ်နေတယ်။ ဒါကြောင့် ဒီလိုကျောင်းသားတွေကို ဝိုင်းပြီး ရှုတ်ချကြဖို့” ဆိုတဲ့ နှိုးဆော်စာဖြစ်တယ်။
ကျောင်းသားတွေကလည်း အဲ့ဒီစာကိုယူပြီး ပါမောက္ခချုပ်ရုံးခန်းဆီသွားဝိုင်းကြတယ်။
ဒီစာ ဟာ ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားတွေ ထုတ်ဝေတာမဟုတ်ကြောင်း၊ ပါမောက္ခချုပ်အနေနဲ့ တရားဝင်စာထုတ်ပြန်ပေးပါဆိုတော့ ပါမောက္ခ ဦးကြင်စိုးက မနက်ဖြန်ကြရင် သူကိုယ်တိုင်ထုတ်ပြန်ပေးပါမယ်လို့ ဂတိပေးခဲ့တယ်။

အသံ (၉)

နောက်တနေ့ မနက် (၉) နာရီမှာ ကျနော်တို့တတွေ ပါမောက္ခချုပ် ရုံးခန်းကို သွားရောက်ကြပြန်တယ်။
ပါမောက္ခ ဦးကြင်စိုးက ရုံးခန်းမှာ မရှိဘူး။ မနေ့က သူပေးခဲ့တဲ့ ဂတိကိုချိုးဖောက်ပစ်လိုက်တယ်။ မော်ကွန်းထိန်းရုံးခန်းရှေ့မှာ ကျောင်းသားတွေ ဆူညံပွက်လောရိုက်နေကြပြီ။ ကျန်တဲ့ကျောင်းတွေမှာလည်း အဲ့လိုမျိုးစာတွေပြန့်နေတယ်။ တခြားကျောင်းက ကျောင်းသားတွေနဲ့ တိုင်ပင်ကြတယ်။ ညနေခင်းကိုရောက်လာတဲ့အခါ အောက်တိုဘာလတုံးက လှုပ်ရှားမှုအတိုင်း လှည်းတန်းလမ်းဆုံမှာ စုဝေးကြပြန်တယ်။ ဒီတခါတော့ ကျောင်းသားအုပ်က ပိုများတာပေါ့။ ကျောင်းပေါင်းစုံပါလာပြီကိုး။
ညသန်းခေါင်ယံချိန်ကိုရောက်လာတော့ ကွန်ပြူတာတက္ကသိုလ်ပါမောက္ခချုပ် ဦးကျော်သိန်း၊ ရန်ကုန်စက်မှုတက္ကသိုလ် ဒု-ပါမောက္ခချုပ်ဦးညီလှငယ် ( ဗိသုကာ)တို့တတွေဦးဆောင်ပြီး လှည်းတန်းလမ်းဆုံက ကျောင်းသားတွေကိုလာတွေ့တယ်။
“သက်ဆိုင်ရာ ကျောင်းအသီးသီးကို ပြန်ကြဖို့” ဆိုတဲ့စကားတွေကို အသံချဲ့စက်တွေနဲ့ အော်ဟစ်ကြတယ်။ မကြာဘူး။ ကျောင်းသားအုပ်တွေဆီကို ရောက်ရှိလာတယ်။ အဆောင်ကိုပြန်ဖို့ ကားတွေစီစဉ်ထားကြောင်း၊ ဆရာတို့ရဲ့စိုးရိမ်မှုကို နားလည်စေလိုကြောင်း လာရောက်ပြောဆိုကြတယ်။ ကျောင်းသားတွေကလည်း “ ဆရာတို့ကို ကျနော်တို့က မိဘလိုသဘောထားပါတယ်။
ကျနော်တို့ကိုချစ်တယ်ဆိုရင် ကျနော်တို့ရဲ့ဆန္ဒကိုလည်း နားလည်ပေးပါ ဆိုပြီး ထိုင်ကန်တော့လိုက်ကြတယ်။ သူတို့နားချသလို ပြန်လိုက်သွားဖို့ မဖြစ်နိုင်တော့ဘူးမို့လား။

အသံ(၁၀)

ဒီအတိုင်းဆက်နေရင် ဆရာတွေရဲ့ အပျော့ဆွဲ သိမ်းသွင်းနည်းအောက်မှာ ကျနော်တို့ကျောင်းသားတွေ အားနာနာနဲ့ ပြန်သွားကြတော့မယ်။
ကျနော်တို့တတွေ လှည်းတန်းလမ်းဆုံကနေ ခွာဖို့ဆုံးဖြတ်လိုက်ကြတယ်။ ကြည့်မြင်တိုင်ဘက်ကိုဦးတည်လိုက်ကြပြီး မြို့ထဲကိုချီတက်လိုက်ကြတယ်။ ဆူးလေးဘုရားရှေ့မှာ ခေတ္တနားကြတယ်။ ဘုရားစေတီကြီးကို မျက်နှာမူကြတယ်။ ထိုင်ရှစ်ခိုးသစ္စာဆိုလိုက်ကြတယ်။ လူထုကလည်း ရှစ်လေးလုံးအရေးတော်ပုံတုံးကအတိုင်းပဲ။
တမြို့လုံးအုံးအုံးကြွက်ကြွက် လိုက်အားပေးကြတယ်။ အစားအသောက်တွေ၊ ရေတွေ တိုက်ကျွေးသူတွေကလည်း လမ်းတလျှောက်တွေ့နေရတယ်။ ကျနော်တို့တတွေ အမေရိကန်သံရုံးရှေ့မှာ ခေတ္တရပ်လိုက်တယ်။ တရားဟောကြတယ်။
ရန်ကုန်ဘူတာကြီးရှေ့မှာလည်းအဲ့ဒီအတိုင်းပဲ။ နယ်အသီးသီးကိုထွက်ခွာကြမဲ့ ခရီးသည်တွေကို ကျနော်တို့ရဲ့ လှုပ်ရှားမှုအကြောင်းပြောပေးပါဆိုတော့ ခရီးသည်တွေက လက်ခုပ်တီး အားပေးအော်ဟစ်ကြတယ်။

အသံ(၁၁)


တခုခုတော့မှားနေခဲ့တယ်လေ။ တကယ်တမ်း ကျနော်တို့အုပ်စု သဘောတူထားတာက ဘူတာကြီးရှေ့မှာ ရပ်နားပြီးရင်၊ မြို့ထဲကိုပြန်ချီတက်မယ်။ ဆူးလေဘုရားရှေ့မှာ တညလုံးထိုင် သပိတ်ဆင်နွဲကြမယ် လို့ ဆုံးဖြတ်ထားတာ။ ဒါပေမဲ့ ကျောင်းသားအုပ်ကို ဦးဆောင်ခေါ်သွားသူတချို့ ရန်ကုန်တိုင်းစစ်ဋ္ဌာနချုပ်ရှေ့က လမ်းမကြီးကိုဖြတ်လိုက်ပြီး ရွှေတိဂုံဘုရားဘက်ဆီကို ဦးတည်လိုက်ကြတယ်။ နောက်ကလိုက်လာတဲ့ လူအုပ်က အဲ့ဒီလမ်းကြောင်းကို မကြိုက်ဘူး။ ဒါကြောင့်လည်းဆက်မလိုက်ကြတော့ဘူး။ ဘူတာကြီးရှေ့မှာရပ်နေတုံးက နောက်ကိုကြည့်လိုက်ရင် တမျှော်တခေါ်မြင်နေရတဲ့ လူတန်းကြီးလည်းမရှိတော့ဘူး။ ကျနော်တို့ ကျောင်းသားတန်းကလည်း အယောက် (၂၀၀) လောက်ပဲကျန်တော့တယ်။
ခင်ဗျားမှတ်မိလားမသိဘူး။ အဲ့ဒီလမ်းကြောင်းကိုပြတဲ့သူက ဆိုက္ကားပေါ်ကလူ၊ သူနဲ့ အဲ ချိန်းအချက်လုပ် မျက်ရိပ်မျက်ကဲ လုပ်နေသူတယောက်က ကျနော်တို့ကျောင်းသားအုပ်ထဲမှာ ရှိနေတယ်။ သူက ခြေတဘက်ထော့နဲ့ထော့နဲ့ နဲ့လေ။ ဒီနှစ်ယောက်က ဘယ်လိုပတ်သက်နေတာလဲ။ ပြန်စဉ်းစားကြည့်စမ်းပါ။

အသံ(၁၂)

ကျနော်တို့တတွေ ရွှေတိဂုံဘုရားတောင်ဘက်မုဒ်က ဦးထောင်ဘို့ လမ်းထဲကို ချိုးကွေ့ လိုက်တဲ့အချိန်မှာ၊ ခရာမှုတ်သံတွေကြားလိုက်ရတယ်။ ဆန္ဒပြကျောင်းသားအုပ်စုရဲ့နောက်မှာ လုံထိန်းရဲတွေက တန်းစီနေရာယူလိုက်ပြီး လမ်းကြောင်းတခုလုံးပိတ်ပစ်လိုက်တယ်။ ရွှေတိဂုံဘုရားမုဒ်ရှေ့မှာတော့ အချုပ်ကားတွေနဲ့ စစ်လုံထိန်းရဲတွေက ပိတ်ဆို့နေရာယူလိုက်တယ်။ မော်ကွန်းထိန်းနဲ့ ပါမောက္ခတွေက “ သားတို့ခဏရပ်ပါအုံးဆွေးနွေးစရာရှိလို့” ဆိုပြီးပြေးလာတယ်။
ကျနော်တို့ကလည်း အဲ့ဒီလမ်းဆုံကိုအမြန်ကျော်တက်သွားချင်တယ်။ ကျနော်တို့ပိတ်မိလို့မဖြစ်ဘူး။ ဒါပေမဲ့နောက်ကျသွားပြီ။ ကျောင်းသားတွေကို ဆရာတွေက အတင်းရပ်ခိုင်း၊ စကားပြောနေတုံးမှာ လုံထိန်းရဲတွေက လမ်းကြောင်းကို ပိတ်ဆို့လိုက်ပြီ။

အသံ (၁၃)

လူဖမ်းပွဲစတော့မယ်ဆိုတာ ကျနော်တို့ သဘောပေါက်လိုက်ကြပြီ။ ကျောင်းသားတော်တော်များများက အတွေ့အကြုံမရှိကြဘူးမို့လား။ မတ်လလှုပ်ရှားမှုမှာ အတွေ့အကြုံရှိတဲ့ သူတွေက အကုန်အဖမ်းမခံကြဖို့။ ခေါင်းဆောင်တချို့ဟာ လွတ်အောင်ထွက်သွားရမယ်လို့ တိုက်တွန်းအကြံပေးတယ်။ တချို့မရဘူး။ အကုန်လိုက်သွားမယ်တဲ့။ ကျောင်းသူတွေကို ရှေ့တက်ထိုင်ခိုင်းတယ်။ ညှိမရတော့လည်း အချိန်ကုန်ခံမနေတော့ဘူး။ ဒီလှုပ်ရှားမှုဟာ ဒီနေရာမှာ ဖမ်းဆီးချိုးနှိမ်ခံရပြီး မီးသေသွားလို့မဖြစ်ဘူး။ ဒီတိုက်ပွဲကို ဆက်မြှင့်မှဖြစ်မယ်။ ရွှေတိဂုံဘက်ဆီက တောင်ကုန်းမို့မို့လမ်းကလေးဆီကို ထွက်နိုင်မယ်ဆိုရင် ထွက်ပေါက်တွေ့နိုင်မယ်။
လုံထိန်းရဲတွေက သူတို့ရဲ့နံပါတ်ဒုတ်တွေနဲ့ရိုက်နှက်ဖို့ ညာသံပေး ပြင်ဆင်လိုက်ကြတဲ့ အချိန်မှာတော့ ကျနော်တို့တတွေလည်း ရွှေတိဂုံပတ်လမ်းဘက်ဆီကနေ ထွက်ပြေးခဲ့ကြတော့တယ်။ ဒီဇင်ဘာ (၃) ရက်နေ့မနင်းခင်းကြီးလေ။ အုတ်တံတိုင်းတွေကိုဘယ်လို ကျော်မိလဲမသိပါဘူး။ ဘုန်းကြီးကျောင်းပေါင်းများစွာကို ဖြတ်အပြီးမှာ လမ်းမပေါ်ရောက်သွားတယ်။ တွေ့တဲ့ဘတ်စ်ကားတစီးပေါ် တက်ပြီး အဆောင်ကိုပြန်ခဲ့တယ်။

အသံ (၁၄)

တကယ်တော့ ကျောင်းဆောင်တွေကို ပြန်သွားဖို့ဆိုတာ မလွယ်ကူတော့ဘူး။ ရွှေတိဂုံဘုရားရှေ့မှာ ဆန္ဒပြကျောင်းသားတွေကို ဘယ်လိုနှိမ်နှင်းပစ်ခဲ့တယ် ဆိုတဲ့အချက်ကို ဆရာတွေက သိပြီးလောက်ပြီထင်တယ်။ ဒါကြောင့်လည်း တက္ကသိုလ်ထဲမှာ ထပ်ပြီးကူးစက်မလာအောင် ကျောင်းတံခါးအားလုံးရှေ့မှာ ဆရာတွေကရပ်စောင့်နေတယ်။ အပြင်ကပြန်လာတဲ့ကျောင်းသားတွေကို ပြန်ဝင်ခွင့်မပေးတော့ဘူး။ ဒါကြောင့် တချို့ကျောင်းသားတွေက မြို့ထဲကိုပြန်သွားပြီး၊ အဆောင်ဖုံးတွေကို လှမ်းဆက်ကြတယ်။ အဆောင်မှူးက ဖုံးဆက်သူတွေကို မေးတဲ့အခါ မြို့ထဲက အမျိုးတွေက စိုးရိမ်လို့ဆက်တာဖြစ်ကြောင်း မိတ်ဆက်ကြတယ်။ ကျောင်းသားတွေ လာကိုင်တဲ့အခါကျမှ ရွှေတိဂုံဘုရားရှေ့မှာကျောင်းသားတွေ အဖမ်းခံလိုက်ရပြီဖြစ်ကြောင်း အသိပေးလိုက်ကြတယ်။ လွတ်မြောက်ရေးအတွက် ပြန်လည်လူစုကြဖို့တိုင်ပင်ကြပြန်တယ်။ တချို့က ကျောင်းရဲ့အရှေ့မြောက်ဘက်မှာရှိတဲ့ ကြို့ကုန်းဘက်က အပေါက်ကနေ ကျောင်းထဲကို ပြန်လည်ခိုးဝင်ခဲ့ကြတယ်။ အဆောင်ကို ပြန်ရောက်တော့ မနက်လင်းတော့မယ်လေ။

အသံ (၁၅)

ရွှေတိဂုံဘုရားရှေ့မှာရောက်သွားကြတဲ့ ကျောင်းသားတွေအပါအဝင်၊ ရန်ကုန်မြို့ထဲတလျှောက် ဆန္ဒပြလမ်းလျှောက်ရမှာ ပါဝင်ခဲ့သူ စုစုပေါင်း (၆၀၉) ယောက် အဖမ်းခံလိုက်ရပြီဆိုတဲ့ သတင်းကြောင့် စာသင်ခန်းမှာရောက်နေတဲ့ ကျောင်းသားတွေအားလုံး ပင်မအဆောက်အဦးအောက်ဆီကို ဆင်းလာကြတယ်။ ဘယ်သူမှ စာဆက်သင်မနေကြတော့ပါဘူး။
ဖမ်းဆီးခံကျောင်းသားတွေကို ချက်ချင်းလွှတ်ပေးဖို့အတွက် ဆန္ဒပြပွဲတွေ ဆက်လက်လုပ်ဆောင်ကြမှာဖြစ်ကြောင်း ကြေငြာလိုက်ကြတယ်။ မှတ်မှတ်ရရ-အဲ့ဒီလှုပ်ရှားမှုမှာ မန္တလေးစက်မှုတက္ကသိုလ်က ပြောင်းလာတဲ့ ကျောင်းသားတွေရဲ့ အင်အားက အများဆုံးပဲ။ ကျောင်းဆောင်တွေထဲမှာလည်း ပွက်လောရိုက်နေပြီ။ မနက် (၁၀)နာရီကျော်ကတည်းက ကျောင်းဝင်းအတွင်းမှာ လှည့်လည်ဆန္ဒပြနေကြပြီ။ မကြာဘူး။ ဒု-မော်ကွန်းထိန်း ဦးသန်းစိန် က သတင်းကောင်းတခုသယ်လာတယ်။
မနက်အစောကြီးက ဖမ်းသွားတဲ့ကျောင်းသားတွေကို ကျိုက္ကဆံကွင်းထဲမှာ ထိန်းသိမ်းထားတာတဲ့။
မကြာခင်ပြန်လွှတ်ပေးမှာမို့၊ ကျောင်းကို နေ့လည် (၁၂) နာရီလောက်မှာ ပြန်ရောက်လာလိမ့်မယ် တဲ့။
သူပြောသလိုပါပဲ ကိုစိုးထွန်း ( ယ္ခု ရှစ်လေးလုံးမျိုးဆက်) အပါအဝင် RIT ကျောင်းသား (၇၅) ယောက်လောက်ပြန်လွတ်လာကြတယ်လေ။ ကျောင်းသားတွေကလည်း အလံတွေကို အမြင့်ဆုံးထိလွှင့်ပြီး အော်ဟစ်နေကြတယ်။
ဒါ ကျနော်တို့ရဲ့ ရန်ကုန်စက်မှုတက္ကသိုလ်လေ။ တိုက်ပွဲတွေနဲ့မြည်ဟိန်းနေတဲ့ ပင်မအဆောက်အဦး ( Building 1)

အသံ (၁၆)

ကျောင်းသားဆန္ဒပြပွဲတွေက ရပ်မသွားပါဘူး။တခြားမြို့တွေကိုလည်းကူးစက်ကုန်ပြီ။ မော်လမြိုင်၊ ပဲခူး၊ မန္တလေး၊မုံရွာ–ဘက်တွေမှာလည်း စာရွက်ကြဲလူစုဖို့လုပ်နေကြပြီ။ တကယ်တော့ ၁၉၉၆ ဆိုတာ မြန်မာပြည်ကို နိုင်ငံခြားသားတွေ လာလည်ဖို့အတွက် ခရီးသွားနှစ်အဖြစ် သတ်မှတ်ထားတဲ့နှစ်လေဗျာ။ ဒီနှစ်မှာ ဗိုလ်ခင်ညွှန့် မျှော်လင့်မထားတဲ့တိုက်ကွက်ကို ကျောင်းသားတွေကရွေ့ကစားလိုက်တယ်။ နိုင်ငံခြားခရီးသွားတွေမလာပဲ ကျောင်းသားဆန္ဒပြပွဲ အော်သံတွေသာ ဆူညံလာခဲ့တယ်။
ရန်ကုန်တက္ကသိုလ်ရှေ့နဲ့လှည်တန်းလမ်းဆုံမှာ ကျောင်းသားခေါင်းဆောင်တွေရဲ့ မိန့်ခွန်းတွေက ကျောင်းသားထုကို လွှမ်းမိုးထားဆဲ။ စစ်အစိုးရအနေနဲ့လည်း ဆက်လက်ခွင့်ပြုထားဖို့ မဖြစ်နိုင်တော့ဘူး လို့ ဆုံးဖြတ်လိုက်ပုံရတယ်။
ဒီဇင်ဘာ (၆)ရက်ညဦးပိုင်းကစပြီး တက္ကသိုလ်အသီးသီးက ကျောင်းသားတွေဟာ လှည်းတန်းလမ်းဆုံဆီကိုပြန်လည်ရောက်ရှိလာကြပြန်တယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရုပ်ပုံကားချပ်ကြီးကို ကိုင်ဆောင်ထားကြတဲ့ လူငယ်တွေက ကျောင်းသားထုအခွင့်အရေးနဲ့
ကျောင်းသားသမဂ္ဂဖွဲ့စည်းရေးကို တောင်းဆိုခဲ့ကြပြန်တယ်။ စစ်ထောက်လှမ်းရေးတွေကလည်း အများကြီးပဲ။ သူတို့က စင်ပေါ်မှာတက်စကားပြောနေတဲ့ ကျောင်းသားတွေထက်၊ ဘေးကနေ စီစဉ်ပေးနေတဲ့သူ ဘယ်သူလဲဆိုတာကိုပဲ လိုက်ရှာကြည့်နေကြတယ်။
ထုံးစံအတိုင်း လုပ်ကြံသတင်းတွေနဲ့ ဇာတ်လမ်းဆင်ပြီး သတင်းစာရှင်းလင်းပွဲ လုပ်မလို့မို့လား။ ဆရာတွေကလည်းရောက်လာပြီး စစ်တပ်ဟာ ဖြိုခွဲမှာဖြစ်ကြောင်း။ ဆရာတို့လာခေါ်နေတဲ့အချိန်မှာ မလိုက်ရင်၊ နောင်ဖြစ်လာမဲ့အကျိုးဆက်တွေကို တာဝန်မယူနိုင်ကြောင်း ရှင်းလင်းပြောဆိုတယ်။ ညသန်းခေါင်ကျော်သွားပြီ။ လှည်းတန်းလမ်းဆုံမှာရှိတဲ့ ဆိုင်တွေကလည်း အစားအစာနဲ့ သောက်ရေတွေကို ကူညီပြီးထောက်ပံ့နေဆဲပဲ။ နောက်မှ သိရတယ် အဲ့ဒီဆိုင်တွေလည်း ချိတ်ပိတ်ခံရ၊
ကျောင်းသားဆန္ဒပြပွဲကို ကူညီခဲ့တဲ့သူတွေလည်း စီးပွားဖျက်ဆီးခံရ၊ ထောင်သွင်းအကျဉ်းကျခံရတယ်။

ဒီဇင်ဘာ (၇) ရက်

မနက်(၄း၃၀)လောက်ကစပြီး၊ ကျောင်းသားအုပ်ကိုဖြိုခွဲမဲ့ အဓိကရုဏ်းနှိမ်နှင်းရေးရဲတွေက တဖြည်းဖြည်းကပ်လာပြီ။ မနက်ငါးနာရီထိုးလောက်မှာ ကျနော်တို့ ကျောင်းသားအုပ်ကို မီးသတ်ပိုက်နဲ့ပက်ပြီး ဖြိုခွဲတယ်။ နံပါတ်တုတ်တွေနဲ့ ဝင်ရောက်ရိုက်နှက် ဖမ်းဆီးလိုက်ကြတော့တယ်။
လှည်းတန်းမှာ ကျောင်းသားတွေရိုက်နှက်ဖမ်းဆီးခံနေရပြီလို့ကြားတဲ့ ကြို့ကုန်းဆောင်က ကျောင်းသားအုပ်တွေကလည်း လှည်တန်းလမ်းဆုံဆီကို အကူအညီပေးဖို့ ချီတက်ခဲ့ကြတယ်။ သမိုင်းလမ်းဆုံ နဲ့ ဆင်ရေတွင်းမှတ်တိုင်တွေမှာ အဓိကရုဏ်းနှိမ်နှင်းရေးရဲတွေနဲ့ ထိပ်တိုက်ရင်ဆိုင်လိုက်ကြရတယ်။ လူထုက ရဲတွေကို ခဲနဲ့ ပစ်ပေါက်ခဲ့ကြတဲ့အတွက်ကျောင်းသားတွေ လွတ်ထွက်သွားခဲ့တယ်။ လှည်းတန်းလမ်းဆုံက ကျောင်းသားတွေကိုတော့ မီးသတ်ပိုက်တွေနဲ့ဖြိုခွဲပြီး ဖမ်းဆီးခေါ်ဆောင်သွားနိုင်ခဲ့တယ်။

အသံ (၁၇)

ကျောင်းသားတချို့ မျှော်လင့်ထားသလို၊ တနိုင်ငံလုံးဆီပြန့်နှံ့သွားမဲ့ အထေအွ ထွေသပိတ်အထိတော့ ရောက်မသွားခဲ့ပါဘူး။ ဒါပေမဲ့ မျိုးဆက်တခုနဲ့ တခုအကြား လက်ဆင့်ကမ်း သယ်ဆောင်လိုက်ကြတဲ့ ပွဲတပွဲလို့ပြောရင်မမှားဘူး။ စစ်ထောက်လှမ်းရေးတွေက ၁၉၈၈ အရေးတော်ပုံမှာ ပါဝင်ခဲ့တဲ့ ကျောင်းသားတွေဟာ အဓိကသွေးထိုးလှုံ့ဆော်သူတွေဖြစ်တယ်လို့စွပ်စွဲခဲ့တယ်။
ကျောင်းဝင်နံပါတ်တွေကိုကြည့်ပြီး သံသယရှိသူတွေအားလုံးကို စတင်ဖမ်းဆီးလိုက်တယ်။ ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်စက်မှုတက္ကသိုလ်အပါအဝင် နယ်အသီးသီးက ကျောင်းသားတွေ ရာချီပြီးအဖမ်းခံခဲ့ရတယ်။ အစိုးရစာရင်းတွေအရတော့ ဒီဇင်ဘာ (၇)ရက်နေ့မနက်မှာ ဖမ်ဆီးခဲ့တဲ့ ကျောင်းသားအရေအတွက် (၂၆၄)ယောက်ရှိတယ် လို့ဆိုတယ်။ ကျနော်တို့အထင်တော့ (၄၀၀) ကျော်မယ်။
ဒီဇင်ဘာ (၈) ရက်နေ့မှာ ကျန်ရစ်ခဲ့တဲ့ကျောင်းသားတွေက ရန်ကုန်တက္ကသိုလ်ပင်မမှာ ဆန္ဒပြပွဲထပ်မံကျင်းပကြတယ်။ ဗိုလ်ချုပ်ဈေးနဲ့ သိမ်ကြီးဈေးထဲမှာ ဆက်လက်တရားဟောခဲ့ကြတယ်။ အကန့်အသတ်မရှိ ကျောင်းပိတ်လိုက်ပြီ ဆိုပြီး အဆောင်မှာနေထိုင်တဲ့ကျောင်းသားတွေ တရက်အတွင်းအိမ်ပြန်ကြဖို့ ကျောင်းအာဏာပိုင်တွေက အမိန့်ထုတ်ကြေငြာခဲ့တယ်။
အဆောင်မှာက လူ(၂၂) ယောက်ပဲကျန်တော့တယ်လေ။ စစ်ထောက်လှမ်းရေးတွေက တယောက်ပြီးတယောက်လာဆွဲနေပြီ။
ကျနော်တို့လည်း ရန်ကုန်က ခွာမှဖြစ်တော့မယ်ဆိုတာ သဘောပေါက်နေကြပြီ။ ၁၉၉၆ ဒီဇင်ဘာကျောင်းသားလှုပ်ရှားမှုဟာ အကျအဆုံးများခဲ့ပေမဲ့ မျိုးဆက်တွေကြားမှာမီးညွှန့်တွေကို ပေါင်းကူးပေးခဲ့တဲ့ ဆောင်းညတွေဖြစ်ခဲ့တယ်လေ။ မနက်လင်းအားကြီးအချိန်ရောက်လာတိုင်း နံပါတ်ဒုတ်တွေနဲ့ပြေးဝင်လာတဲ့ စစ်ဖိနှပ်သံတွေကို မှတ်မိကြနေလိမ့်မယ်လို့ ယုံကြည်နေပါတယ်။ ယမ်းနံ့တွေကြားမှာ အိမ်ပြန်ဖို့ကြိုးစားနေတဲ့ ကျနော်လိုကျောင်းသားတွေ အများကြီးရှိနေမယ်ဆိုတာ အမှန်ပါ။

အောင်မိုးဝင်း

အရေးကြီးတဲ့အချက်တချက်
ဒီဇင်ဘာကျောင်းသားလှုပ်ရှားမှုမတိုင်ခင်ကတည်းက ရန်ကုန်စက်မှုတက္ကသိုလ်နယ်မြေအတွင်းမှာ ပြဿနာပေါင်းများစွာ တည်ရှိနေခဲ့ပါတယ်။ ပြဿနာအမျိုးအစား (၄) မျိုးထက်မနည်းရှိခဲ့တယ်။
၁၉၉၁ နိုဘယ်ငြိမ်းချမ်းရေးဆုထောက်ခံဆန္ဒပြပွဲလည်းပြီးရော အထက်ဗမာပြည်က ကျောင်းသားတွေအတွက် မန္တလေးစက်မှုတက္ကသိုလ်ကိုဖွင့်ပေးလိုက်ပြီး လူစုခွဲလိုက်တယ်။ ဒါပေမဲ့ ၁၉၉၅ မှာ မန္တလေးစက်မှုတက္ကသိုလ် ၊ပဉ္စမနှစ် (လျှပ်စစ်) နဲ့ (မြို့ပြ) အတန်းတွေကို ဆက်လက်ဖွင့်နိုင်ဖို့အတွက် လုံလောက်တဲ့ကျောင်းဆရာန့စဲ က်ပစ္စည်းတွေရှိမနေဘူး။ ဒါကြောင့်သူတို့တတွေ ရန်ကုန်စက်မှုတက္ကသိုလ်မှာ ကျောင်းပြန်လာတက်ရတယ်။ အဲ့ဒါဟာ ပြဿနာရဲ့အစလို့ထင်တယ်။ ရန်ကုန်စက်မှုတက္ကသိုလ်ကို ကျောင်းလာတက်ရတဲ့ မန္တလေးစက်မှုတက္ကသိုလ်ကျောင်းသားတွေက ဧည့်သည်တွေလိုမျိုးပါပဲ။
အတန်းထဲမှာ ကျောင်းခေါ်ချိန်အတွက် လက်မှတ်ထိုးစာရွက်ပေးတဲ့အခါ နှစ်မျိုးနှစ်စားဖြစ်နေတယ်။
ရန်ကုန်စက်မှုတက္ကသိုလ်နဲ့ မန္တလေးစက်မှုတက္ကသိုလ်ဟာ ခွဲခြားဆက်ဆံခံနေရတယ်လို့ အဲ့ဒီကျောင်းသားတွေက ခံစားခဲ့ကြရတယ်။
ဒါက ကြို့ကုန်းဆောင်ကျောင်းသားထုကြားမှာ မကျေနပ်မှုဖြစ်နေတဲ့အချက်တချက်၊ ဒုတိယအချက်ကတော့ ကျောင်းဝင်းအတွင်းမှာ နံပါတ်(ဖိုး) ရောင်းချနေတဲ့ကိစ္စ၊ တချို့ကျောင်းသားတွေဆို လက်ဘက်ရည်ဆိုင်ထဲမှာ ဆေးမူးနေတယ်။
စစ်ထောက်လှမ်းရေးက တရားဝင်လာရောက်ရောင်းချနေတယ်ဆိုတဲ့ သံသယစိတ်ကြောင့် ကျောင်းသားထုဟာ ပါမောက္ခတွေ၊ အဆောင်မှူးတွေကို ဖိအားပေးနေခဲ့ကြတယ်။ တတိယအချက်က-  ပါမောက္ခဦးကြင်စိုးရဲ့ ကျောင်းဆောင်ဆိုင်ရာစည်းမျဉ်း စည်းကမ်းတွေ၊ ည(၉) နာရီကျော်ရင် ဂစ်တာမတီးရ၊ အမျိုးသမီးဆောင်ရှေ့မှာ သွားရောက်မသီဆိုရ ဆိုတဲ့တားမြစ်မှုတွေက
ကျောင်းသားတွေကို စိတ်အနှောက်အယှက်ဖြစ်နေတယ်။ စတုတ္ထအချက်ကတော့ ကျောင်းဆောင်တွေထဲမှာ ကျောင်းသားချင်း ရိုက်ပွဲတွေ ခဏခဏဖြစ်ခဲ့ကြတယ်။ ( ကျောင်းသားနဲ့အရပ်သားကြားမှာဖြစ်ခဲ့တဲ့ ရန်ပွဲတွေကလည်း ၁၉၉၅-၉၆ ကာလတလျှောက် အများဆုံးဖြစ်မယ်ထင်တယ်)။ ကျောင်းသားထုဟာ ဒီအခြေအနေတွေကို မကျေမနပ်ဖြစ်နေချိန်မှာ ဒီဇင်ဘာကျောင်းသားလှုပ်ရှားမှုကို ဖြစ်ပေါ်စေတဲ့ မီးပွားတွေပေါ်လာခဲ့တယ်။ ကြို့ကုန်းဆောင် (F) နဲ့ ( A ) ဆောင်အတွင်းက အစည်းအဝေးမှတ်တမ်းတွေကို သိမ်းထားပေးတဲ့ စင်္ကာပူ နဲ့ နယူးဇီလန်မှာ ရောက်ရှိနေတဲ့ သူငယ်ချင်းတွေ ကို ကျေးဇူးတင်ပါတယ်။

ပြည်ထောင်စုဆိုင်ရာ တပိုင်းတစအမြင် ” ရဲဘော်ကျော်သန်း”

တကယ်ညီညွတ်ချင်ရင် ရန်သူအစစ်ကို မြင်ဖို့လိုတယ်
 ” ရဲဘော်ကျော်သန်း”

ကိုထွန်းအောင်ကျော်ရဲ့ ဖယ်ဒရယ်ပြည်ထောင်စုဆိုတဲ့ စာတန်းဆန်ဆန် ဆောင်းပါးကို ဖတ်ရပါတယ်။ တန်းတူရေးကို အခြေခံတဲ့ တိုင်းရင်းသားစုံ ညီညွတ်ရေးနဲ့ ပြည်ထောင်စုသစ် တည်ဆောက်ရေးအတွက် သူ့အမြင်တွေကို တင်ပြထားပါတယ်။ စာတမ်းဆောင်းပါးရဲ့ အာဘော်နဲ့ ရည်ရွယ်ချက်ကို ယေဘုယျအားဖြင့် သဘောတူ လက်ခံပါတယ်။ သို့သော်လည်း တချို့အချက်များကိုတော့ အပြန်အလှန်ဆွေးနွေးလိုပါတယ်။ ဖြည့်စွက်တင်ပြခြင်း သဘောပါ။

ဒါကလည်း နိုင်ငံရေးသမားတယောက်ရဲ့ တာဝန်လို့ ယူဆလို့ ဖြစ်ပါတယ်။ ဗိုလ်ချုပ် အောင်ဆန်းပြောသလို နိုင်ငံရေးသမားဆိုတာ ကိုယ့်အမြင်အယူအဆကို လူထုအကြား ပွင့်ပွင့် လင်းလင်း ချပြရဲရမယ်။ အမှားအမှန်ကို သမိုင်း (ရာဇ၀င်) က ဆုံးဖြတ်ပါလိမ့်မယ်။ ဒီတော့ နိုင်ငံနဲ့ ပြည်သူအတွက် ရှောင်ရန် ဘေးအန္တရာယ်တွေ၊ ဆောင်ရန် သာယာဝပြောရေးနဲ့ ညီညွတ်ရေးနည်းလမ်းတွေနဲ့ သက်ဆိုင်တဲ့ သတင်းအချက်အလက်မှန်တွေ အမြင်အယူ အဆတွေကို တင်ပြဘို့ နိုင်ငံရေးသမားများ လုပ်ရှားတက်ကြွသူများမှာ တာဝန်ရှိပါတယ်။

ပထမဆုံး ဆွေးနွေးလိုတာက ပြည်ထောင်စုသစ် အမည်နဲ့ ပတ်သက်ပါတယ်။ သူ့ဆောင်းပါး အဆုံးပိုင်းက စတင်ဆွေးနွေး ရတာက ဗမာ၊ မြန်မာအသုံးနဲ့ ပတ်သက်နေလို့ ဖြစ်ပါတယ်။ ကျွန်တော်ရေးခဲ့တဲ့ စာတွေမှာလည်း တပြည်လုံး တမျိုးသားလုံးနဲ့ သက်ဆိုင်ရင် ဗမာလို့ပဲ သုံးနှုန်းခဲ့သလို ဒီမှာလည်း ထို့အတူ သုံးစွဲသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဗမာ၊ မြန်မာ ကွဲပြားတဲ့ အယူအဆကို တင်ပြလိုတဲ့အတွက် သိသာထင်ရှားမှုရှိအောင် ဦးစွာ ဆွေးနွေးတင်ပြခြင်း ဖြစ်ပါတယ်။

ကိုထွန်းအောင်ကျော်က သူ့အတွက် ဗမာပဲဖြစ်ဖြစ်၊ မြန်မာပဲဖြစ်ဖြစ် အကြောင်းကိစ္စမရှိ၊ ဒါမှမဟုတ် ဗမာရော၊ မြန်မာကိုပါ ပယ်ပြီး အားလုံးသဘောတူတဲ့ တခြားအမည် တခုကို သုံးရင်လဲ သဘောတူညီတယ်၊ တဆက်တည်း သုဝဏ္ဏဘူမိကို ပြည်ထောင်စုသစ်ရဲ့ အမည်အဖြစ် အဆိုပြုသွားပါတယ်။ ကျွန်တော့ အတွက်တော့ နိုင်ငံတခုရဲ့ အမည်ဟာ အများညီရုံနဲ့ အလွယ်မသတ်မှတ်သင့်လို့ မြင်ပါတယ်။ ခိုင်လုံတဲ့ သမိုင်းကြောင်း ဇာစ်မြစ်နဲ့ ကျိုးကြောင်း ယုတ္တိရှိဖို့ လိုပါတယ်။ ဒီနေ့ခေတ်မှာတော့ ဗမာပဲပြောပြော၊ မြန်မာပဲပြောပြော အတူတူပါပဲလို့ ကွယ်လွန်သူ ဗိုလ်ချုပ်မြ ပြောသလိုပဲ မြေပြန့်နေ လူမျိုးစုကြီးရဲ့ အမည်လို့ အများက နားလည် လက်ခံနေကြတယ်။ ဒါပေမဲ့ နိုင်ငံတခုရဲ့ အမည်ဆိုတော့ အထက်မှာ ဆိုခဲ့သလို အကျိုးအကြောင်း ဇာစ်မြစ်ကိုတော့ ရှာဖို့လိုပါတယ်။ ရှာတဲ့ အခါမှာလည်း ခေတ်ပြိုင် အိမ်နီးခြင်း အမျိုးသားတွေက ကျနော်တို့ကို ဘယ်လို ခေါ်ဝေါ်သတ်မှတ်တယ် ဆိုတာကို ထည့်သွင့် စီစစ်ဖို့ လိုပါတယ်။

လေ့လာဆန်းစစ်မိသလောက်နဲ့ ကျွန်တော့အမြင် ပြောရရင်တော့ ပြည်ထောင်စု တခုလုံးနဲ့ ပတ်သက်တဲ့ အများဆိုင်နာမ်ဟာ ဗမာသာဖြစ်သင့်ပြီး မြန်မာကတော့ ပြည်ထောင်စု အလယ်ပိုင်း မြေပြန့်နေ လူမျိုးစုကြီးကို ခေါ်ဝေါ်ရည်ညွန်းသင့်တယ်လို့ ယူဆပါတယ်။

ဗမာ

ဒီဝေါဟာရတွေနဲ့ ပတ်သက်ပြီး လေ့လာရာမှာ အိန္ဒိယမှာ ရောက်ရှိနေထိုင်ရတာက ကျွန်တော့အတွက် အားသားချက်လို့ ဆိုရပါမယ်။ တကယ်တော့ ဗမာဆိုတဲ့ ဝေါဟာရဟာ ဒီကနေ့ ဗမာပြည်ထဲမှာ နေထိုင်နေ့ကြတဲ့ တိုင်းရင်းသား မျိုးနွယ်စု အားလုံးရဲ့ ဘာသာစကားနဲ့ ဘယ်လိုမှ မပတ်သက်ပါဘူး။ ဗမာဆိုတာ အိန္ဒိယစကား သက္ကတဘာသာ ဗြဟ္မာကနေ ပျက်ရွေ့လာတဲ့ ဝေါဟာရဖြစ်တယ်။ လွန်ခဲ့တဲ့ အနှစ် (၃၀၀၀) ကျော် အထက်ကာလက ကျွန်တော်တို့ ဘိုးဘွားတွေ ၀င်ရောက်အခြေချ မနေထိုင်မီကတည်းက မဇ္ဈိမတိုင်းသားတွေက လက်ရှိ ဗမာပြည်လို့ ခေါ်တဲ့ နယ်မြေကို တွေ့ရှိထားပြီး ဖြစ်ပါတယ်။

အာသံနယ်ကနေ ဖြတ်စီးပြီး ဂင်္ဂါမြစ်ထဲကို ပေါင်းဆုံသွားတဲ့ ဗြဟ္မာကြီးရဲ့သားလို့ အဓိပ္ပါယ်ရှိတဲ့ ဗြဟ္မပုတ္တရမြစ်ရဲ့ အရှေ့ဘက်ဒေသကို မဇ္ဈိမတိုင်းသားတွေက သူတို့ဘာသာနဲ့ ဗြဟ္မာဒေ့ရှ် (သို့) ဗာရမာဒေ့ရှ် (Bramah Desh) လို့ ခေါ်ပါတယ်။ ဗြဟ္မာ+ ဒေ့ရှ် က ဗြဟ္မာဟာ ဗြဟ္မာကြီးကို ရည်ညွန်းပြီး ဒေ့ရှ်ဆိုတာကတော့ ဒေသ၊ နယ်မြေလို့ အဓိပ္ပါယ်ရှိပါတယ်။ ဗြဟ္မာကြီးရဲ့ နယ်မြေ (Land of Lord Bramah) ဆိုတဲ့ အဓိပ္ပါယ်ဖြစ်တယ်။ အဲဒီဒေသထဲမှာ နေထိုင်သူများကိုတော့ ဗာရမာ သို့မဟုတ် ဗားရမားလို့ ခေါ်ကြတယ်။ ဒီနေ့ခေတ် အိန္ဒိယ နိုင်ငံသားတွေက နိုင်ငံကို ဗရမာဒေ့ရှ်လို့ ခေါ်ပြီး လူတွေကိုတော့ ဗားရမားလို့ ခေါ်နေကြဆဲ ဖြစ်တယ်။ ကျွန်တော်တို့ တိုင်းပြည်ရဲ့ အထင်ကရဖြစ်တဲ့ ဧရာဝတီမြစ်ဆိုတာကလည်း ဆင်မြစ်လို့ အဓိပ္ပါယ်ရတဲ့ သက္ကတ စကားပျက်ဖြစ်ပါတယ်။ ဧရာဝဏ်+ နဒီ က ဧရာဝဏ် (Iravan) ဆိုတာ ဆင်ဖြစ်ပြီး နဒီဆိုတာကတော့ မြစ်ပဲဖြစ်ပါတယ်။ ဒါကြောင့် ဗမာဆိုတဲ့ ဝေါဟာရသာလျှင် လက်ရှိပြည်ထောင်စုအတွင်းမှာ နေထိုင်ကြတဲ့ တိုင်းရင်းသား အမျိုး အနွယ်စု အားလုံးကို ခြုံငုံကိုယ်စားပြုတယ်လို့ ယူဆပါတယ်။

မြန်မာ

မြန်မာဆိုတဲ့ ဝေါဟာရကို ဆန်းစစ်ကြည့်လျှင် အစောဆုံး သုံးနှုန်းခဲ့တာ ပုဂံခေတ်မှာလို့ ဆိုရမှာဖြစ်ပါတယ်။ ဟုတ်တာ၊ မဟုတ်တာ အပထားလို့ ရှေ့လူများအဆိုအရ ပုဂံခေတ် နှောင်းပိုင်း တရုတ်ကျူးကျော်စစ်ကို ခုခံဘို့အတွက် ကျန်းမာသန်စွမ်းသူတွေ၊ “မြန်မြန်မာမာ” လူတွေ ထွက်ကြလို့ ဆင့်ဆော်ရာကနေ ပေါ်လာတာလို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီအသုံးအနှုန်းဟာ အဲဒီ့နောက်ပိုင်း သိပ်ပြီး တွင်ကျယ်ခဲ့ဟန် မတူပါဘူး။ ပုံနှိပ်လုပ်ငန်းတွေ ပေါ်လာတဲ့ ကုန်းဘောင် ခေတ်နှောင်းပိုင်းကျမှ ပြန်ပေါ်လာတာကို တွေ့မိပါတယ်။

မြန်မာဝေါဟာရရဲ့ ဇာစ်မြစ်က တိဘက်ဗမာ မျိုးနွယ်စုဝင်တွေ့ရဲ့ မိမိနဲ့ စပ်ဆိုင် ရည်ညွန်းတဲ့ စကားဖြစ်ပါတယ်။ မြန် နဲ့ မာကို ပေါင်းစပ်ထားတဲ့ ဝေါဟာရဖြစ်ပါတယ်။ အဲဒီမှာ မာ ဆိုတာကို အထူးကြံဆစရာမလိုပဲ ဒီခေတ်အဓိပ္ပါယ်အတိုင်း မာချာခြင်း၊ သန်စွမ်းခြင်း စတဲ့ ချိနဲ့ပျောနွဲ့ခြင်းနဲ့ ဆန့်ကျင်ဘက်သဘောကို ဆောင်ပါတယ်။ တကယ်တော့ မာ စကားလုံးဟာ မြန် ဆိုတဲ့ စကားလုံးကို ၀ိဂြိုလ်ပြုတဲ့ ကြိယာဝိသေသနသဘောသာ ဖြစ်ပါတယ်။ အရင်းမူလ ပုဒ်က မြန် ပဲဖြစ်ပါတယ်။ မြန် ရဲ့ လုံးခြင်း အဓိပ္ပါယ်က ဒီနေ့ခေတ် နားလည်နေသလို လျင်ခြင်း၊ မြန်ခြင်း၊ သွက်လက်ခြင်း အဓိပ္ပါယ် မဆောင်ပါဘူး။ မိမိကိုယ်ကို ရည်ညွန်းတဲ့ “လူ” ဆိုတဲ့ အဓိပ္ပါယ်သာ ဆောင်ပါတယ်။

ဘာသာဗေဒ (Linguistic) သဘောအရ မျိုးနွယ်စုတွေရဲ့ ဆွေမျိုးဆက်နွယ် အနီး အဝေးကို အခြေခံဝေါဟာရများ (Fundamental Word) တူညီမှု ပမာဏနဲ့ တိုင်းတာ ကြတယ်။ တူညီမှုများရင် ဆွေမျိုးဆက်နွယ်မှု နီးပြီး နည်းရင် ဝေးတယ်လို့ သတ်မှတ်ကြတယ်။ အခြေခံဝေါဟာရ ဆိုတာ ရေ၊ မီး၊ နေ၊ လ၊ အဖေ၊ အမေ၊ လူ၊ သစ်ပင်၊ တော၊ တောင်နဲ့ ကိန်းဂဏန်း အရေအတွက်စတဲ့ နိစ္စဓူဝ သုံးနှုန်းနေကြတဲ့ အခြေခံဝေါဟာရတွေကို ဆိုလိုပါတယ်။ အိန္ဒိယ နယ်ခြား တောင်တန်းများ နဲ့ မြေပြန့်များမှာ နေထိုင်ကြတဲ့ တိဘက်ဗမာ မျိုးနွယ်စုဝင်  ချင်း၊ မီဇိုး၊ ဇိုမီး၊ ကသည်း၊ နာဂစတဲ့ အမျိုးအနွယ်တွေရဲ့ စကားမှာ လူ ဆိုတဲ့ ဝေါဟာရနဲ့ ပတ်သက်ပြီး ပြောဆို ရည်ညွန်းရာမှာ မုဋ္ဌဋ္ဌာန်လို့ ဆိုတဲ့ နှုတ်ခမ်းကို ပိတ်ပြီး ရွတ်ဆိုစဉ် နှုတ်ခမ်းဖျားမှာ ဖြစ်ပေါ်တဲ့ “မ” ကို အခြေခံတဲ့ အသံတွေ ဖြစ်နေကြပါတယ်။ “မီ” “မင်” “မန်” “မာန်” “မီယန်” “မြန်” စတဲ့ အသံများနဲူ့ ကို ရည်ညွန်းကိုယ်စားပြုကြတယ်။ အနောက်ဖက် တောင်တန်းသားများတွေထဲက သူတို့ကိုယ် သူတို့ မီဇိုး၊ ဇိုမီးလို့ ခေါ်ဝေါ်ကြတဲ့ ဝေါဟာရတွေရဲ့ အဓိပ္ပါယ်ကတော့ တောင်ပေါ်လူ၊ သို့မဟုတ် တောင်ပေါ်သားလို့ ဖြစ်ပါတယ်။ (မီ= လူ+ဇို= တောင်)

ကျွန်တော်တို့ ဘိုးဘွားတွေရဲ့ မူလဒေသဟာ တိဗက်ကုန်းမြင့်ရဲ့ အရှေ့တောင်ပိုင်း ဒီနေ့တရုတ်ပြည် စီချွမ်ဒေသလို့ ဆိုပါတယ်။ ဗမာပြည်ထဲ ပြောင်းရွေ့နေထိုင်ရာ လမ်းကြောင်း နောက်ဆုံး စခန်းထောက်ဖြစ်တဲ့ ယူနန်နယ်သားများက ကျွန်တော်တို့ကို “မြန်တင့်” လို့ ခေါ်ကြပါတယ်။ ပုဂံပြည်ကို တိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက် တရုတ်တွေဟာ ဒီနေ့ဗမာပြည် အထက်ပိုင်းကို “မီယန်ချန်-MienQan” လို့ အမည်သတ်မှတ်ပြီး တရုတ်အင်ပါယာထဲ သွတ်သွင်းကြောင်း ကြေငြာခဲ့ပါတယ်။ (ဒီအချက်ကို ကိုးကားပြီး ကူမင်တန် ထိုင်ဝမ်တရုတ်ပြည်က မြစ်ကြီးနား အပါအ၀င် ဗန်းမော် မျဉ်းတပြေးအထက် ဗမာပြည်ကို သူတို့ပိုင် အဖြစ် သတ်မှတ် တောင်းဆို နေတာဖြစ်တယ်။) စကားစပ်အနေနဲ့ တင်ပြရရင် အာသံမှာ ကျန်ခဲ့တဲ့ ရှေးမြန်မာ အဆက် အနွယ်များဟာ သူတို့နာမည်နောက်မှာ မျိုးနွယ်စုအမည် (Surname) အဖြစ် မာန် (Marn) ကို ထည့်ပြီး မျိုးနွယ်ကို ထိန်းသိမ်းနေကြတာပါ။ ရှမ်းတွေက မျိုးနွယ်စု အမည်အဖြစ် (Shyam) လို့ သုံးပြီး ထိန်းကြတယ်။ ဥပမာ- ရာမေ့ရှ်မာန် (Ramesh Marn) ထန်းအောင်ရှမ်း (Thang Ang Shyam) တို့ ဖြစ်တယ်။ သူတို့ဟာ ပထမ အင်္ဂလိပ်ဗမာစစ်ပွဲအပြီး ဗမာတွေ ပြန်ဆုတ်စဉ် ကျန်ခဲ့တဲ့သူတွေရဲ့ အဆက်အနွယ်တွေ ဖြစ်ပါတယ်။ သူတို့ဟာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်တဲ့အတွက် နှစ်စဉ် ဗမာပြက္ခဒိန်အတိုင်း နှစ်သစ်ကူးပွဲတွေကို အတူဆင်နွှဲကြတယ်။ ပွဲဆန်ဂံ (Pwe Sanghan) ဆိုတဲ့အမည်နဲ့ ဗာရမားဆိုတဲ့ ဘုံအမည်အောက်မှာ အတူဆင်နွှဲကြတာ ဖြစ်တယ်။ အခုတော့ သူတို့အကြားက ဘုံစကားဟာ အာသံစကား (Assamese) ဖြစ်တယ်။

ရှေးဦးပုဂံခေတ် ဘုရင်နဲ့ ဆိုင်တဲ့ အသုံးအနှုန်းဖြစ်တဲ့ မင်းစော၊ မင်းစိုး၊ စိုးမင်းဆိုတဲ့ ဝေါဟာတွေနဲ့ ပတ်သက်ပြီး ဆန်းစစ်ကြည့်ရင်လဲ လူဆိုတဲ့ အဓိပ္ပါယ်ကိုသာ ရည်ညွန်းနေ ပါတယ်။ ဒီမှာလည်း မင်း ဆိုတာ မင်၊ မီ၊ မာန်၊ မီယန် စတဲ့ ဝေါဟာရတွေရဲ့ အဓိပ္ပါယ် လူ ပဲဖြစ်ပါတယ်။ စော၊ စိုဝ်၊ စိုး ဆိုတာတွေကလည်း အသံသာကွဲပြီး အဓိပ္ပါယ်တူတဲ့ ဝေါဟာရတွေ ဖြစ်ပါတယ်။ စိုးမိုး ချုပ်ချာခြင်း၊ ကြီးမှုးခြင်းလို့ အဓိပ္ပါယ်ဆောင်ပါတယ်။ ဒါကြောင့် မင်းစော၊ မင်းစိုးဆိုတာ လူတို့ကို စိုးမိုးအုပ်ချုပ်သူ၊ လူထုရဲ့ အကြီးအမှုးလို့ အဓိပ္ပါယ် ဆောင်ပါတယ်။

အထက် တင်ပြခဲ့တဲ့ အချက်တွေအရ မြန်မာဝေါဟာရပါ မြန် ဆိုတာဟာ တိဗက်ဗမာ အနွယ်ဝင်တွေက ကိုယ့်ကိုကိုယ်ရည်ညွန်းတဲ့ လူ ဆိုတဲ့ အဓိပ္ပါယ်သာဖြစ်ကြောင်း ကောက်ချက် ပြုနိုင်ပါတယ်။ ဒါကြောင့် သန်းစွမ်းမာချာတဲ့ လူများလို့ အဓိပ္ပါယ်ဆောင်တဲ့ မြန်မာ ဆိုတဲ့ ဝေါဟာရဟာ တိဗက်ဗမာမျိုးနွယ်စုဝင် မြေပြန့်နေ လူမျိုးစုကြီးကိုသာ ရည်ညွန်းကြောင်း ထင်ရှားပါတယ်။

ဗမာလား၊ မြန်မာလား

ဗမာ၊ မြန်မာ ရေးထုံး ကွဲလွဲချက်တွေဟာ ကိုလိုနီခေတ်ဦးပိုင်းမှာ စခဲ့တယ်လို့ လေ့လာ မိပါတယ်။ မြန်မာဆိုတဲ့ ဝေါဟာရဟာ ကုန်းဘောင်ခေတ်နှောင်း ပုံနှိပ်စက်များ ပေါ်လာစဉ် အတော် အသုံးတွင်နေပြီ ဖြစ်ပါတယ်။ တချို့ဆိုရင် ကိုရရစ်ကာ နှစ်လုံးဆင့် ရေးချာနှင့် “မြမ္မာ” လို့ ရေးထားတာတွေတောင် ရှိပါတယ်။ ဗြိတိသျှအောက်ဗမာပြည် မော်လမြိုင်မြို့က ထုတ်တဲ့ ပထမဦးဆုံး သတင်းစာရဲ့ အမည်ဟာ “မြမ္မာသီတင်းစာ” လို့ ဖြစ်ပါတယ်။ ဗမာဆိုတဲ့ ရေးထုံးနဲ့ အသုံးအနှုန်းက အင်္ဂလိပ်တွေ ဗမာတပြည်လုံးကို သိမ်းပြီးနောက်ပိုင်း သူတို့နဲ့ အတူပါလာတဲ့ အိန္ဒိယတိုက်သားတွေ ရောက်လာမှ တွင်ကျယ်လာတယ်လို့ ယူဆပါတယ်။ သူတို့အမြင် အတိုင်း ဌာနေဗမာပြည်သားအားလုံးကို ချုံငုံခေါ်ဝေါ်တဲ့ အမည်ဖြစ်ပါတယ်။ ဗားရမားဝါလားလို့ဖြစ်တယ်။ အဲဒီ့အချိန်က အင်္ဂလိပ် ကိုလိုနီအုပ်ချုပ်ရေး ယန္တရားရဲ့ စာရေးစာချီက အစ ၀န်ထောက် အတွင်းဝန်အထိ အများစုဟာ အိန္ဒိယတိုက်သားတွေ ဖြစ်ပါတယ်။ အုပ်ချုပ်ခံ ဌာနေသားတွေက အုပ်ချုပ်သူတွေ နားလည်အောင် ဗားရမားဆိုတဲ့ စကားကို လိုက်ပြောရာကနေ ဗမာဆိုတဲ့အသုံး တွင်ကျယ်လာတယ်လို့ ယူဆရပါတယ်။ အဲဒီခေတ် ရှေ့ကာလ အရင်က ဗမာပြည်ထည်းမှာ ဗမာ မြန်မာဆိုတဲ့ အသုံးအနှုန်းက မတွေ့မိ သလောက်ပါပဲ။ ရှိခဲ့ရင်လည်း အတော်နည်းပါးပါလိမ့်မယ်။ ထိုအချိန်က အသုံးတွင်ခဲ့တာက နန်းစိုက်ရာ မင်းနေပြည် မြို့ရွာအမည်အတိုင်း ပုဂံသား၊ အင်းဝသား၊ တောင်ငူသား၊ ဓည၀တီသားလို့ ခေါ်ဝေါ်သုံးနှုန်းခဲ့ကြပါတယ်။ ဒီနေ့ခေတ်ထိ မဏိပူရ ကသည်းများက ဗမာကို အ၀ (အင်းဝ) (သို့မဟုတ်) ကဘော် (ကဘော်သား) လို့ ခေါ်နေ ကြဆဲ ဖြစ်ပါတယ်။ အင်္ဂလိပ် မှတ်တမ်းများမှာလည်း အင်းဝ (Ava)၊ သန်လျင်စသည်ဖြင့် မြို့ရွာအမည်တိုင်းပဲ တွေ့ရ ပါတယ်။ အင်္ဂလိပ်တွေ အိန္ဒိယပြည်ကြီးကို သိမ်းပြီး အိန္ဒိယက တဆင့် ဗမာပြည်ကို ဆက်စပ်ထိတွေ့လာချိန်ကျမှပဲ ဗားမား (Burma) လို့ ရေးလာတာ ဖြစ်ပါတယ်။ ဒါကလည်း ဗမာရဲ့ ရင်းမြစ်ဖြစ်တဲ့ အိန္ဒိယတိုင်းသားတွေရဲ့ စကား၊ အခေါ်အဝေါ် (Bramah) ကို အင်္ဂလိပ်နားအကြားနဲ့ ရေးခဲ့ခြင်း ဖြစ်ဟန်တူပါတယ်။

တို့ဗမာအစည်းအရုံးနဲ့ လူမျိုးစုံစည်းလုံးရေး

ဗမာဆိုတဲ့ အသုံးအနှုန်းနဲ့ တိုင်းရင်းသားအားလုံးကို ခြုံငုံကိုယ်စားပြုပြီး တွင်တွင် ကျယ်ကျယ် အသုံးပြုလာတာဟာ တို့ဗမာအစည်းအရုံးခေတ်မှာ ဖြစ်ပါတယ်။ အဲဒီ့မတိုင်ခင်က နိုင်ငံရေးအဖွဲ့အစည်းဖြစ်တဲ့ ဂျီစီဘီအေရဲ့ အမည် မြန်မာအသင်းချုပ်ကြီးဆိုတာနဲ့ ကွဲလွဲစွာ သုံးထားခြင်းဖြစ်ပါတယ်။ ဒီနေ့ နိုင်ငံတော်သီချင်းရဲ့ အခြေခံဖြစ်တဲ့ တို့ဗမာသီချင်းမှာ- “(တို့ဗမာ)၂ ပြေကို တိုင်းရင်းသား အကုန်အစင်၊ တို့ပြေလို့ မှတ်ထင်၊ တို့ဝတ္တရားပင် တို့ဗမာသခင်” လို့ ရေးဖွဲ့ခဲ့ပါတယ်။ ဒီတို့ဗမာသီချင်းဟာ ၀ိုင်အမ်ဘီ သခင်တင်နဲ့ အစည်းအရုံး စတင်တည်ထောင်သူ သခင်ဘသောင်းတို့ စပ်ဆိုခဲ့တာဖြစ်ပါတယ်။ ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်တက္ကသိုလ် သထုံဆောင်မှာ စတင်ပြီး ပရိတ်သတ်အကြား သီဆိုခဲ့ကြတယ်။ အဲဒီပွဲမှာ သီချင်းနဲ့ ပတ်သက်ပြီး သခင်ဘသောင်းက ဖွင့်ဆို ရှင်းလင်းပြခဲ့တယ်။ သူရှင်းလင်းပြခဲ့တဲ့ အထဲမှာ “ဒီကမ္ဘာမြေကြီးဟာ ကြေပျက်မသွားသမျှ ကာလပတ်လုံး ငါတို့ဗမာပြည်ကို ဗမာတိုင်းရင်းသား အကုန်ုလုံးက မြောက်ဘက်ပူတာအိုက တောင်ဘက် ၀ိတိုရိယအရောက် အနောက်ဘက် အိန္ဒိယနယ်စပ်က အရှေ့ဘက် ယိုဒယား ကမ္ဘောဇနယ်စပ်အရောက် ဗမာပြည်တ၀ှမ်းလုံးကို တို့ပြည်၊ တို့မြေ၊ တို့အိမ်၊ တို့ရွာလို့ မှတ်ကြရမယ်။ တို့ဗမာ တိုင်းရင်းသား အကုန်လုံးကို သွေးသားအရင်းအချာလို ချစ်ခင်ကြဘို့ တာဝန်ဟာ ငါ့တို့ရဲ့ အဓိက တာဝန်ကြီးဖြစ်တယ်” လို့ အဓိပ္ပါယ် ဖွင့်ဆိုသွားပါတယ်။

ဒီနေရာမှာ စကားကြုံတခု ပြောချင်ပါတယ်။ တချို့သော နိုင်ငံရေးသမားတွေ နိုင်ငံရေး ဆောင်းပါး ရေးနေသူတွေက ဒီနေ့ စစ်အာဏာရှင်တွေ ကျင့်သုံးနေတဲ့ မဟာလူမျိုးကြီးဝါဒဟာ တို့ဗမာအစည်းအရုံးက အခြေခံတယ်လို့ တောရမ်းမယ်ဘွဲ့ ဆိုနေကြတယ်။ ရေးနေကြတယ်။ ဒါဟာ သမိုင်းအရ မှားယွင်းရုံမက ကွယ်လွန်ကြကုန်ပြီဖြစ်တဲ့ တည်ထောင်သူ၊ လှုပ်ရှား ဆောင်ရွက်ခဲ့ကြတဲ့ ခေါင်းဆောင်တွေရဲ့ စေတနာ၊ ရည်မှန်းချက်နဲ့ ကျေးဇူးကို စော်ကားတာ ဖြစ်ပါတယ်။ သူတို့ဟာ အဲဒီအချိန်က စိတ်ဓာတ်ရေးရာအရ အောက်တန်းကျနေတဲ့ ဇာတိမာန်ကို ပြန်လည်မြှင့်တင်ဖို့အတွက် ငါတို့လည်း ဇာတိပုည ဂုဏ်မာနနဲ့ ရာဇ၀င် ထွန်းပြောင်ခဲ့တဲ့သူတွေဖြစ်တယ်။ အဆင့်အတန်းမြင့်တဲ့ လူမျိုးကြီးသာဖြစ်တယ်လို့ နှိုးဆော်ခဲ့ ကြတယ်။ လှုံ့ဆော်ခဲ့ကြတယ်။ ဒါဟာ ဗမာပြည်သား တိုင်းရင်းသား အကုန်အစင်ကို ရည်ညွန်းနှိုးဆော်တာ ဖြစ်တယ်။ ဘယ်လူမျိုးစု တခုကိုမှ သီးခြား ၀ကွက် ရည်ညွန်းခဲ့တာ မဟုတ်ပါဘူး။ တို့ဗမာ အစည်းအရုံးရဲ့ လူမျိုးရေးအမြင် ကင်းရှင်းကြောင်းကို အာဇာနည် ခေါင်းဆောင်ကြီး သခင်မြက ဘုရင်ခံလွှတ်တော်မှာ “တို့ဗမာအစည်းအရုံးရဲ့ စည်းမျဉ်းမှာ လူမျိုးရေးအရ ကျဉ်းမြောင်းတဲ့ သဘောတရားကို ဘယ်တုန်းကမှ မချမှတ်ခဲ့ပါ။ ဒီလို ၀ါဒမျိုးကို အုပ်စိုးခံ ပြည်သူတွေအပေါ်မှာ သွေးခွဲလေ့ရှိတဲ့ အစိုးရများကသာ ချမှတ်လေ့ရှိပါတယ်။ ကျွန်တော်တို့ တို့ဗမာအစည်းအရုံးရဲ့ လှုပ်ရှားမှုတွေမှာ အိန္ဒိယ အမျိုးသားများဟာ အမြဲမပြတ် လက်တွဲ ရပ်တည် ဆောင်ရွက်ခဲ့တာ အားလုံးအသိပါ။ အိန္ဒိယ အလုပ်သမား၊ လယ်သမား၊ ကျောင်းသားများသာ တို့ဗမာအစည်းအရုံးတွင် ပါဝင်ပြီး အိန္ဒိယ ဓနရှင်များ မပါဝင်ပါ။ ဒါကြောင့် တို့ဗမာအစည်းအရုံးက ကျဉ်းမြောင်းတဲ့ လူမျိုးရေး သွေးခွဲမှု လုပ်ငန်းမျိုးမှာ ဘယ်တုန်းကမှ မပါခဲ့ပါ။” လို့ အတိအလင်း ပြောဆိုခဲ့ပါတယ်။ ဒါကြောင့် တို့ဗမာအစည်းအရုံး လှုပ်ရှားမှုတွေမှာ လူမျိုးစုံတို့ ပါဝင်လှုပ်ရှားကြခဲ့တာဖြစ်တယ်။

တို့ဗမာအစည်းအရုံးရဲ့ နိုင်ငံရေး သြဇာမကင်းတဲ့ နိုင်ငံရေး၊ လူမှုရေးအသင်း အဖွဲ့များဟာ တပြည်လုံးကို ခြုံငုံပြီး ဗမာလို့ပဲ သုံးခဲ့ကြတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီ၊ ဗမာပြည်ဆိုရှယ်လစ်ပါတီ၊ ဗမာပြည် တောင်သူလယ်သမား အလုပ်သမား အစည်းအရုံး (ဗတလစ)၊ ဗမာပြည် အလုပ်သမား လယ်သမားပါတီ၊ ဗမာ့တပ်မတော် ဗကသများအဖွဲ့ချုပ် စသည်ဖြင့် ဖြစ်ကြတယ်။ တို့ဗမာအစည်းအရုံးရဲ့ နိုင်ငံရေးသြဇာ ရှိနေသေးတဲ့ ဂျပန်ခေတ် လွတ်လပ်ရေးနဲ့ လွတ်လပ်ရေးခေတ် အစောပိုင်းကာလတွေမှာလည်း နိုင်ငံ့အမည်ကို ဗမာနိုင်ငံတော်၊ ပြည်ထောင်စု ဗမာနိုင်ငံလို့ ရေးခဲ့၊ သုံးခဲ့ကြပါသေးတယ်။

လူမျိုးစုတခုကိုသာ ကိုယ်စားပြုတဲ့ မြန်မာဆိုတဲ့ ဝေါဟာရကို နိုင်ငံနှင့် အစိုးရများနဲ့ ပတ်သက်ပြီး ပေါ်ပေါ်တင်တင် စတင်အသုံးပြုလာတာဟာ ဗိုလ်နေ၀င်း အာဏာသိမ်းပြီး ခေတ်မှာ ဖြစ်ပါတယ်။ တရားဝင် ပြောင်းလဲ သတ်မှတ်မှုကတော့  နိုင်ငံသားဥပဒေ (၁၉၈၂ လား၊ ၈၅ လား မသိပါ) အတည်ပြု ပြီးမှ ဖြစ်ပါတယ်။ မဟာလူမျီုးကြီးဝါဒ ပြောင်ပြောင် တင်းတင်း ပေါ်ထွန်းလာတဲ့ ကာလ ဖြစ်ပါတယ်။ မြန်မာ၊ ဗမာ ဝေါ်ဟာရ အရှုပ်အထွေးကို မလိမ့်တပတ် အသုံးချပြီး လူမျိုးစု တခုတည်းရဲ့ အမည် မြန်မာကို ပြောင်းလဲ သတ်မှတ်ခြင်း ဖြစ်ပါတယ်။ တကယ်တမ်း အားဖြင့်တော့ ပြည်ထောင်စုကြီးရဲ့ အမည်နဲ့ လူမျိုးစုံ နိုင်ငံသား အားလုံးရဲ့ အမည်ဟာ ဗမာပဲ ဖြစ်ရမည်လို့ ယူဆပါတယ်။

ပြည်ထောင်စုမှုနှင့် လက်ဝဲအယူအဆ

ကိုထွန်းအောင်ကျော်က ပင်လုံစာချုပ်ပါ ခွဲထွက်ခွင့်နဲ့ စပ်လျဉ်းပြီး လက်ဝဲနိုင်ငံရေး သမားတချို့က ဗိုလ်ချုပ်အောင်ဆန်းကို ရှုတ်ချဆဲရေးတယ်လို့ ရေးထားပါတယ်။ သူကော ကျွန်တော်ပါ အဲဒီ့ခေတ်ကို မမှီပါ။ လက်လှမ်းမီသလောက် လေ့လာဆည်းပူးကြရတာပါပဲ။ သူ့အနေနဲ့တော့ သူ့အတွက် ယုံကြည်စိတ်ချလောက်တဲ့ ပုဂ္ဂိုလ်တဦးရဲ့ အပြော (သို့မဟုတ်) အကြားကို ကိုးကားပြီး ရေးတယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ကျွန်တော့ရဲ့ လေ့လာ သုံးသပ်ချက် အရကတော့ ဒါဟာ မမှန်နိုင်ပါဘူး။ ပုဂ္ဂိုလ်တဦးတယောက်ရဲ့ လုပ်ကြံပြောဆိုမှုသာ ဖြစ်နိုင်ပါတယ်။ ဥပမာ တရုတ်ခေါင်းဆောင် မော်စီတုန်းရဲ့ ဧည့်ခံပွဲမှာ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ဦးနုက သူ့ရဲ့ မိန့်ခွန်းမှာ “ကမ္ဘာကြီးမှာ စစ်အနိဋ္ဌာရုံ ပြာပုံမှာသာ ရှင်သန် ပေါ်ပေါက်နိုင်တဲ့ ကွန်မြူနစ်ဝါဒ ခေါင်းထောင်လာပါလိမ့်မယ်” လို့ သူ့ရဲ့ တာတေ စနေသား စာအုပ်မှာ ရေးထားပါတယ်။ ကွန်မြူနစ်ပါတီဥက္ကဋ္ဌ မော်စီတုန်းရှေ့မှာ ပြောတဲ့စကားဟာ ကွန်မြူနစ်ဝါဒကို ပုတ်ခတ်တာ လုံးဝမဖြစ်နိုင်ပါ။ ဒီနေရာမှာ တကယ်ဖြစ်နိုင်တာက နာဇီဝါဒ လို့သာ ဖြစ်ရပါမယ်။ ပြီးတော့ နာဇီနဲ့ ကွန်မြူနစ် ဝေါဟာရတွေဟာ စကားလုံးချင်း ဘယ်လိုမှ မနီးစပ်တဲ့အတွက် စာစီစာရိုက်အမှားလည်း မဖြစ်နိုင်ပါ။ ဒီတော့ ဒါဟာ ကွန်မြူနစ်ဝါဒကို မုန်းတီးတဲ့ စာရေးသူ (သို့မဟုတ်) တည်းဖြတ်သူရဲ့ လုပ်ကြံမှုသာ ဖြစ်နိုင်ပါတယ်။

ဒီလိုပဲ ခွဲထွက်ခွင့်နဲ့ ပတ်သက်ပြီး တချို့ လက်ဝဲသမားတွေက ဗိုလ်ချုပ်အောင်ဆန်းကို ရှုတ်ချဆဲရေးကြတယ်ဆိုတာဟာ လုပ်ကြံမှုသာ ဖြစ်နိုင်ပါတယ်။ ဒီစကားဟာ ခဲတလုံးနဲ့ ငှက်နှစ်ကောင်ပစ်သလို အလွန်ထိရောက်ပါတယ်။ လက်ဝဲအယူအဆရှိသူတွေကို လူနည်းစု တိုင်းရင်းသားတွေနဲ့ကော ဗိုလ်ချုပ်အောင်ဆန်းကို ကြည်ညိုသူတွေနဲ့ပါ ရန်တိုက်ပေးတဲ့ စကားပဲဖြစ်ပါတယ်။ လူမျိုးစုရေးရာနဲ့ ပတ်သက်လို့ လက်ဝဲအယူအဆ အမြင်ကို အာဇာနည် ခေါင်းဆောင်ကြီး သခင်မြက ၁၉၃၉ ဘုရင်ခံလွှတ်တော်မှာ အခုလို ပြောကြားခဲ့ပါတယ်။

“ကွန်မြူနစ်ဝါဒဆိုတာ လူမျိုးရေးခွဲခြားမှုဝါဒအားလုံးကို ပယ်ဖျက်တဲ့ နိုင်ငံတကာ စည်း လုံးညီညွတ်ရေး ၀ါဒဖြစ်တယ်။ အဖွဲ့အစည်းတရပ်ကို ကွန်မြူနစ်ဆန်တယ် စွပ်စွဲပြီးရင် ဘယ်လိုလုပ်ပြီး လူမျိုးခွဲခြားရေးဝါဒကို ဆုတ်ကိုင်ထားတယ်လို့ စွပ်စွဲနိုင်ရသလဲလို့ ဆိုပါတယ်။”

ဗိုလ်ချုပ်အောင်းဆန်းနှင့် ခွဲထွက်ခွင့်

လက်ဝဲသမားမှန်ရင် လူမျိုးစုတွေရဲ့ ကိုယ့်ကြမ္မာကိုယ် ပြဋ္ဌာန်းခွင့်နဲ့ တန်းတူရေးကို အလေးအနက် လက်ခံသူများသာဖြစ်တယ်။ လီနင်က သူ့ရဲ့ လူမျိုးစုပြဿနာနဲ့ ပတ်သက်တဲ့ စာတမ်းတခုမှာ “ခွဲထွက်ခွင့်နှင့်တကွ ကိုယ့်ကြမ္မာကိုယ် ပြဋ္ဌာန်းခွင့်ထက် နိမ့်ကျတဲ့ မည်သည့် မူဝါဒကမျှ လူမျိုးစုပြဿနာကို မဖြေရှင်းနိုင်” (No policy less than self determination with secession right can solve the nationalities problems) လို့ ဆိုပါတယ်။ ဒီအယူအဆကို အခြေခံပြီး တချိန်က ဆိုဗီယက်ပြည်ထောင်စု ဖွဲ့စည်းပုံမှာ ခွဲထွက်ခွင့်ကို ထည့်သွင်း ပြဋ္ဌာန်း ခဲ့ပါတယ်။ လက်ဝဲ အယူအဆကို သက်ဝင်တဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ ဒီအယူအဆအရ ပင်လုံညီလာခံမှာ ခွဲထွက်ခွင့်ကို လက်ခံသဘောတူခဲ့တာ ဖြစ်ပါလိမ့်မယ်။

ဒါကို ပင်လုံညီလာခံထဲမှာတင် ကန့်ကွက်ခဲ့တာက လက်ဝဲသမား မဟုတ်ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းထက် အသက်ရော အတွေ့အကြုံပါကြီးတဲ့ နောင်လွတ်လပ်ရေးခေတ် အာဏာရပါတီခေါင်းဆောင်တဦးက ဗိုလ်ချုပ်အောင်ဆန်းကို စိတ်လိုက်မာန်ပါ ခံစားမှုအတိုင်း မလုပ်ဖို့ ကန့်ကွက်ခဲ့တယ်လို့ ဆိုပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းက “ဒါကတော့ အတူတွဲလုပ်ပြီး အလုပ်နဲ့ သက်သေပြရမှာပဲ၊ (၁၀) နှစ် အတူလုပ်ပြီးတဲ့အထိ ခွဲထွက်ချင်နေသေးတယ်ဆိုရင် ဒါကျုပ်တို့ ညံ့လို့ပဲ” လို့ ပြန်ပြောခဲ့ကြောင်း အတွင်းဝန် ဦးဖေခင်ရဲ့ ကိုယ်တွေ့ပင်လုံစာအုပ်မှာ ရေးထားတာကို တွေ့ရပါတယ်။

အခုခါမှာတော့ ငြိမ်းချမ်းရေး ကင်းမဲ့ပြီး အစစအရာရာ ချွတ်ခြုံကျနေတဲ့ တိုင်းပြည် အခြေအနေဆိုးကို အဖြေရှာကြရင်း တာဝန်မကင်းတဲ့သူတွေက ပင်လုံစာချုပ်အပေါ် အပြစ်တင်လိုတဲ့ အမြင်တွေကို တိုးတိုးတိတ်တိတ် မရိုးမသား ပြောဆိုနေကြတယ်။ အဲဒီ့ထဲမှာ မဟာလူမျိုးကြီးဝါဒီများရော ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒီတွေရော ပါဝင်ပါတယ်။  ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ အားထုတ်ကြိုးပမ်းခဲ့ကြတဲ့ ပင်လုံ ညီလာခံနဲ့ သဘောတူညီချက်တွေဟာ အခြေအနေအချိန်အခါအရ မှန်ကန်တဲ့ ဆောင်ရွက် ချက်တွေပဲ ဖြစ်ပါတယ်။ ညီလာခံရလာဒ်ကို ပီပြင်အောင် အကောင်အထည် မဖော်နိုင်တာ ကတော့ ဆက်ခံသူ နောက်လူတွေရဲ့ တာဝန်သာဖြစ်ပါတယ်။ ဒါကြောင့်လည်း ဆရာကြီး ဒေါက်တာန်သန်းထွန်းက “ဖဆပလတွေ ညံ့ပုံကတော့ ပြည်ထောင်စု(ပင်လုံ) ကျောက်တိုင် တောင် တည့်အောင် မထောင်နိုင်ဘူး” လို့ သူ့ထုံးစံအတိုင်း ခပ်ငေါ့ငေါ့ မှတ်ချက်ပြုခဲ့ပါတယ်။

         ခွဲထွက်ခွင့်နဲ့ စစ်အာဏာရှင်စနစ်

ကိုထွန်းအောင်ကျော်ရဲ့ ဆောင်းပါး အစပိုင်းမှာ စစ်အာဏာရှင်စနစ် ပေါ်ပေါက်လာရ ခြင်းဟာ ပင်လုံစာချုပ်ပါ ခွဲထွက်ခွင့်ကြောင့်လို့ ဆိုပါတယ်။ ဒါဟာ မမှန်ပါဘူး။ စစ်တပ် ခေါင်းဆောင်ပိုင်းကို သွေးထိုးဖို့ အကြောင်းပြချက်ပဲ ဖြစ်ပါတယ်။ ဒီအကြောင်းပြချက်ဟာ နှစ်ကာလ ကြာရှည် တဖက်သတ် ၀ါဒဖြန့်မှုတွေကြောင့် လူအများကြားမှာ တကယ့် ပကတိတရားလို ခိုင်မာလာပါတယ်။ လွတ်လပ်ပြီးနောက် ဆယ်နှစ်ပြည့်ရင် ခွဲထွက်လိုက ခွဲထွက်နိုင်သည်ဆိုတဲ့ အချက်ဟာ ပင်လုံညီလာခံမှာ မူအားဖြင့် ဆွေးနွေးသဘောတူခဲ့ကြတာ မှန်းသော်လည်း စာချုပ်မှာ ထည့်သွင်းထားခြင်း မရှိပါဘူး။ ၁၉၄၇ ဖွဲ့စည်းပုံထဲကျမှ ထည့်သွင်းပြဋ္ဌာန်း (အပိုဒ် ၁၀ ဖြစ်မည်ထင်ပါသည်။) ထားတာ ဖြစ်ပါတယ်။ ဒါကလည်း ပြည်နယ်အားလုံးကို မရည်ညွန်းပါဘူး။

လွတ်လပ်ပြီး (၁၀) နှစ်ပြည့်တဲ့ အထိ ဒီအန္တရာယ်ဆိုတဲ့ အယူအဆဟာ မပေါ် သေးပါဘူး။ ၁၉၅၈ ခုနှစ်မှာ စစ်တပ်ကို အားပြု ရပ်တည်နေရတဲ့ အာဏာရ ဖဆပလ ပြိုကွဲပြီးမှ စစ်တပ်ကို ကိုယ့်ဘက်သူ့ဘက်ပါအောင် ဆွဲဆောင်ကြရင်းက ဒီအယူအဆ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ ဗိုလ်နေ၀င်း အာဏာမသိမ်းမီ ရက်ပိုင်းအလိုမှာ လုပ်ခဲ့တဲ့ ရန်ကုန် အသံလွှင့်ရုံ တိုင်းရင်းသား နှီးနှောပွဲတွေမှာ ဘယ်လူနည်းစု တိုင်းရင်းသားကမှ ခွဲထွက်ခွင့်ကို ထောက်ပြ ဆွေးနွေးတာ၊ တောင်းဆိုတာ မရှိခဲ့ပါဘူး။ လူနည်းစု တိုင်းရင်းသားတွေ ဆွေးနွေးခဲ့တာက တပြည်ထောင်လည်းမဟုတ် ပြည်ထောင်စုမူ စစ်စစ်လည်း မဟုတ်တဲ့ ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့နဲ့ ပြည်နယ်တွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို တိုးချဲ့ဖို့ ဖြစ်ပါတယ်။ လွတ်လပ်ပြီးကာလ ကစလို့ ထိုဆွေးနွေးပွဲကာလအထိ အာဏာရ ဖဆပလအစိုးရဟာ ပြည်နယ်တွေမှာ ကိုယ်ပိုင် အစိုးရအဆင့်မဟုတ်တဲ့ ပြည်နယ်ဦးစီးကောင်စီ ဆိုတာတွေနဲ့ အုပ်ချုပ်ပါတယ်။ ဦးစီးကောင်စီ ဥက္ကဋ္ဌကို ပြည်နယ်လူထုရဲ့ ဆန္ဒမဲကို ပစ်ပယ်ပြီး ၀န်ကြီးချုပ်က သူသဘောကျသလို ရွေးချယ်ခန့်အပ်ပါတယ်။ ဒီလို မမျှတတဲ့ အချက်တွေနဲ့ မကျေနပ်ချက်တွေကို ပြုပြင်ပြီး ပြည်ထောင်စုမူ စစ်စစ်ကို ထူထောင်ဖို့ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

စစ်အုပ်စုရဲ့ နိုင်ငံရေးဟာသ

ကိုထွန်းအောင်ကျော်ရဲ့ စာအဆုံးပိုင်းမှာ လူနည်းစုတိုင်းရင်းသားတွေရဲ့ ဦးဆောင် တပ်ပေါင်းစုဖြစ်တဲ့ (NDF) ကလည်း ခွဲထွက်ခွင့်ကို စွန့်လွှတ်ထားတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ခွဲထွက်ခွင့်နဲ့ ဖယ်ဒရယ်ဆိုတာ ပြည်ထောင်စုရဲ့ အန္တရယ်ဖြစ်တယ်ဆိုတဲ့ အယူအဆ ဟာ မဟာလူမျိုးကြီးဝါဒီတွေရဲ့ သွေးထိုးလှုံ့ဆော်မှုသက်သက် (Non-issue) ပဲ ဖြစ်ပါတယ်။ နအဖတွေရဲ့ လေသံအတိုင်းပြောရရင် မဟာလူမျိုးကြီးဝါဒကို အသုံးချပြီး လူထုဆန္ဒကို ပစ်ပယ်ကာ အာဏာကို ဖြတ်လမ်းက ရယူလိုသူ ဖောက်ပြန်ရေးသမားတွေရဲ့ သွေးထိုးစကား သာဖြစ်ပါတယ်။

ဒီနေ့ခေတ် လူနည်းစုတိုင်းရင်းသားတွေ အကြားမှ ကြားနေရတဲ့ ခွဲထွက်ခွင့်နဲ့ သီးခြား လွတ်လပ်ရေးဆိုတာဟာ စစ်အာဏာရှင်တွေရဲ့ ဖိနှိပ်ရက်စက်မှုနဲ့ ပင်လုံစာချုပ်ပါ တန်းတူရေး မူကို ချိုးဖောက်ခံရတာတွေရဲ့ အကျိုးဆက်ဖြစ်ပါတယ်။ ဒါကြောင့် စစ်အုပ်စုရဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးဆိုတဲ့ ကြွေးကြော်သံဟာ ရာစုနှစ်ရဲ့ စိတ်ပျက်စရာ အကောင်း ဆုံးနဲ့ မရီရဆုံး နိုင်ငံရေး ဟာသတပုဒ်ပါပဲ။ ရုပ်သဏ္ဍာန်အရသာ ပြည်ထောင်စုကြီး တည်ရှိနေပေမဲ့ စိတ်ဓာတ်ရေးရာအရတော့ အစိတ်စိတ်ပြိုကွဲနေပါတယ်။ စစ်အာဏာရှင် တွေရဲ့ ကျေးဇူးကြောင့် ဘယ်လူနည်းစု တိုင်းရင်းသားကမှ သူတို့ကိုယ်သူတို့ တင်းပြည့် ကျပ်ပြည့် ပြည်ထောင်စုသား နိုင်ငံသားအဖြစ် မခံယူနိုင်၊ မခံစားနိုင်တော့ပါဘူး။ ရာစုနှစ်ဝက် မက ပြိုကွဲနေတဲ့ တိုင်းရင်းသား စည်းလုံးရေး (၀ါ) အမျိုးသားညီညွတ်ရေး ပြည်လည် တည်ဆောက်ရေးဟာ အင်မတန်ခက်ခဲမှာ အသေအချာဖြစ်ပါတယ်။ ဒါပေမဲ့ မဖြစ်နိုင်တဲ့ အရာတော့ မဟုတ်ပါဘူး။

ကိုလိုနီအမွေဆိုးကို အဖြေရှာတဲ့ပင်လုံ

လွတ်လပ်ရေးတိုက်ပွဲ ခေါင်းဆောင်ကြီးများရဲ့ ပင်လုံစာချုပ်အရ လွတ်လပ်တဲ့ ပြည်ထောင်စုရယ်လို့ ပေါ်ပေါက်လာတယ်။ ဗိုလ်ချုပ်အောင်ဆန်းက ပြည်မလို့ဆိုတဲ့ Proper Burma ကို ကိုယ်စားပြုပြီး ကျန်ခေါင်းဆောင်တွေက ဘုရင်ခံအုပ်ချုပ်တဲ့ နယ်ခြား တောင်တန်း ဒေသ Frontier Burma ကို ကိုယ်စားပြုပြီး လက်မှတ်ထိုးခဲ့ကြတယ်။ ပြည်မကို  ကိုယ်စားပြု ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းက ရွေးကောက်ပွဲကို အခြေခံတဲ့ ပြည်မ လူထုကိုယ်စားလှယ် ဖြစ်ပါတယ်။ ကျန်တောင်တန်းကိုယ်စားလှယ်များကတော့ ရိုးရာအမွေခံ ခေါင်းဆောင်များ ဖြစ်ပါတယ်။ အင်္ဂလိပ်တို့ရဲ့ ခွဲခြားအုပ်ချုပ်ရေး စနစ်ကြောင့် ဒီလိုဖြစ်ခဲ့ရတယ်လို့ ဆိုရမှာပါ။

၁၈၈၆ ဇန်န၀ါရီ (၁) ရက်နေ့ ထုတ်တဲ့ ဗြိတိသျှအစိုးရရဲ့ အမိန့်ပြန်တမ်းမှာ “ယခင် ဗမာဘုရင်ပိုင် နယ်မြေအားလုံးကို ဗြိတိသျှ ဘုရင်မကြီး၏ အင်ပါယာအတွင်း သွတ်သွင်း လိုက်သည်။” လို့ ဆိုပေမဲ့ တကယ်တမ်း အုပ်ချုပ်ရေးမှာတော့ ပြည်မ (Proper Burma) နဲ့ နယ်ခြား ဒေသများ (Frontier Burma) လို့ ခွဲခြား အုပ်ချုပ်ခဲ့တယ်။ မြန်မာ၊ ရခိုင်၊ မွန်၊ ကရင်စတဲ့ ပြည်မသားတွေ ဘုရင်ခံအုပ်ချုပ်တဲ့ အဲဒီ့တောင်တန်းဒေသတွေကို ၀င်/ထွက်ခွင့် မရှိဘူး။ အဲဒီ့ဒေသတွေမှာ ဗမာစာ သင်ခွင့်မရှိဘူး။ အဲဒီလို နှစ်ကာလရှည် ခွဲခြား အုပ်ချုပ်ခြင်းရဲ့ အကျိုးဆက်ကြောင့် လွတ်လပ်ရေး ယူမယ့်အချိန်မှာ ပင်လုံညီလာခံနဲ့ ပင်လုံ စာချုပ်ဆိုတာ လိုအပ်စွာ ပေါ်ပေါက်လာတာ ဖြစ်တယ်။

အလွယ်တကူ ပေါ်ပေါက်လာတာတော့ မဟုတ်ပါ။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗမာ ကိုယ်စားလှယ်အဖွဲ့ လန်ဒန်ရောက်နေစဉ်မှာ ကိုယ်စားလှယ်အဖွဲ့ဟာ သူတို့ကိုယ်စားလှယ် မဟုတ်ဖူးလို့ သံကြိုးရိုက် ကန့်ကွက်တာတွေ ရှိခဲ့သလို ပင်လုံစာချုပ် လက်မှတ်ရေးထိုးဖို့ ငြင်းဆိုခဲ့တဲ့ စော်ဘွားတွေလဲ ရှိခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တောင် စိတ်ပျက် လက်လျှော့တော့မလောက် အခြေအနေရောက်ခဲ့တယ်လို့ အတွင်းဝန် ဦးဖေခင်ရဲ့ ကိုယ်တွေ ပင်လုံစာအုပ်မှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ ဦးထွန်းအေး၊ ဦးတင်အေး၊ ဦးထွန်းမြင့်စတဲ့ တိုးတက်တဲ့ ရှမ်းမျိုးချစ်တွေ ခေါင်းဆောင်ပြီး တောင်ကြီးမြို့မှာ လူထုအစည်းအဝေးကြီး ကျင်းပခဲ့တယ်။ လူထုအစည်းအဝေးကြီးက ပြည်မနဲ့အတူ လွတ်လပ်ရေးယူရန်နဲ့ ပြည်ထောင်စု မူကို ထောက်ခံဖိအားပေးခဲ့ကြတဲ့အတွက် နောက်ဆုံးမှာ ပင်လုံစာချုပ်ကို အောင်အောင် မြင်မြင် လက်မှတ်ရေးထိုးနိုင်ခဲ့ကြတယ်။

ပင်လုံစာချုပ်နဲ့ လွတ်လပ်တဲ့ ပြည်ထောင်စု ဆိုတာဟာ လူနည်းစုရော၊ လူများစုပါ တိုင်းရင်းသားအားလုံးက ကိုယ့်သဘောဆန္ဒအလျောက် ပူးပေါင်းတည်ဆောက်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်သီချင်းမှာ သီဆိုသလို တရားမျှတခြင်း၊ လွတ်လပ်ခြင်းနဲ့ တန်းတူညီမျှမှုကို အခြေခံထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ လူမျိုးစုံ အမျိုးသားခေါင်းဆောင်ကြီးတွေ စိုက်ထူ ခဲ့ကြတဲ့ ပင်လုံစိတ်ဓာတ်နဲ့ ပြည်ထောင်စုကို ၀ိုင်းဝန်းကာကွယ် စောင့်ရှောက်ရန်မှာ နိုင်ငံသား အားလုံးရဲ့ တာဝန် မျိုးချစ် အားလုံးရဲ့ တာဝန်ပဲဖြစ်ပါတယ်။ ဒီနေ့ ပြည်ထောင်စုရဲ့ အန္တရာယ်က ဖောက်ပြန်မှု ဗီဇအခြေခံတဲ့ မဟာလူမျိုးကြီးဝါဒနဲ့ ကျဉ်းမြောင်းတဲ့ အမျိုးသားရေး ၀ါဒတွေပဲဖြစ်တယ်။ တမျိုးသားလုံးရဲ့ ရန်သူဖြစ်တဲ့ စစ်အာဏာရှင် နအဖစစ်အုပ်စုဟာ မဟာလူမျိုးကြီးဝါဒနဲ့ ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒတွေ အကြားက ပဋိပက္ခအသွင် အပြန် အလှန် ကျေးဇူးပြု ယှဉ်ဖက်နေမှုကို အမှီပြုပြီး ရပ်တည်နေတာဖြစ်တယ်။ လွတ်လပ်ရေး တိုက်ပွဲကာလက ဗိုလ်ချုပ်အောင်ဆန်းတို့ဟာ လူမျိုးစုံ အမျိုးသားညီညွတ်ရေးကို တည်ဆောက်ပြီး အောင်ပွဲဆင် ခဲ့တယ်။ ဒီနေ့ စစ်အာဏာရှင်တွေကို ချေမှုန်းအောင်ပွဲဆင်ဖို့ ဆိုတာမှာ ကလည်း အမျိုးသားညီညွတ်ရေးဟာ အဓိက လိုအပ်ချက်ဖြစ်တယ်။ အမှန်တကယ် ညီညွတ်ရေး လိုချင်ရင် ရန်သူအစစ်ကို မြင်ဘို့လိုပါတယ်။

Share & Enjoy

Twitter Delicious Facebook Digg Stumbleupon Favorites More