Saturday, October 30, 2010

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ရဲဘော်များနှင့် လက်ရှိ တာဝန်ယူနေသော ခေါင်းဆောင်များ သိစေရန်။

 

 သမိုင်းဝင် ရှစ်လေးလုံး အရေးအခင်းကြီးကို စစ်တပ်မှ သတ်ဖြတ်ဖိနှိပ်ခဲ့သဖြင့် နာကြည်းချက် များဖြင့် ထွက်ခွာလာကြသော ကျောင်းသားပြည်သူ ရဟန်းရှင်လူတို့ ယိုဒယား နယ်စပ်၊ တရုတ်နယ်စပ်၊ အိန္ဒိယနယ်စပ်၊ ဘင်္ဂလားဒေ့ရှ် နယ်စပ်များသို့ အသီးသီး ရောက်ရှိ လာကြသည်။ အထူးသဖြင့် ယိုးဒယားနယ်စပ်သို့ လှုပ်ရှားတက်ကြွ သူများ တသောင်းကျော် လောက်ရှိလာခဲ့ကြပြီး ဒေသခံ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများက ကူညီရိုင်းပင်း ပြီး ကျွေးမွေးဧည့်ခံခဲ့ကြသည်ကို ရဲဘော်များ အားလုံး အသိပင်ဖြစ်သည်။ ထိုရောက်ရှိလာသော ရဲဘော်များကို NDF (National Democratic Front) မဒတ (အမျိုးသားဒီမိုကရက်တစ် တပ်ဦး) မှ တာဝန်ယူ၍ စခန်းအသီးသီးမှ ရွေးချယ်ပေးလိုက်သော ကျောင်းသားကိုယ်စားလှယ် များကို ဝမ်းခါ (ကော့မူးရာ) စခန်းသို့ ပို့ဆောင်ပေးပြီး ကျောင်းသားညီလာခံကြီး တရပ်ကို ကမကထပြု၍ ကျင်းပပေးခဲ့ပါသည်။


နယ်စပ်ဒေသရှိ အသီးသီးမှ ရောက်ရှိလာကြသော ကျောင်းသားကိုယ်စားလှယ်များ ဝမ်းခါစခန်း၌ နိုင်ဝင်ဘာလ (၁) ရက်နေ့တွင် မိမိတို့ မည်သို့မည်ပုံ ရပ်တည်ကြမည်ကို ဆွေးနွေးခဲ့ရာတွင် ကျောင်းသားအရပ်သား ငြင်းခုန်မှုများ၊ ကိုယ်စားလှယ်တရားဝင်မှုအတွက် ငြင်းခုန်မှုများ၊ မြို့နေကျောင်းသားခေါင်းဆောင်များနှင့် နယ်ကျောင်းသားခေါင်းဆောင်များ အင်အားလွန်ဆွဲမှုများ၊ ကရင်နယ်မြေရောက်ကျောင်းသား ကိုယ်စားလှယ်များနှင့် ဗကသ ကျောင်းသား ခေါင်းဆောင်များကြား အငြင်းပွားမှုများ၊ စသည်ဖြင့် အခြေအတင် ဆွေးနွေးခဲ့ ကြပြီး မည့်သည့်သဘောတူညီချက်မျှ မရရှိဘဲ သောင်မတင်ရေမကျ ဖြစ်နေခဲ့ပါသည်။ ၎င်းကဲ့သို့ ဖြစ်နေမှုကို တိုင်းရင်းသားခေါင်းဆောင်ကြီးများက ဝင်ရောက်ဖြန်ဖြေပေးသော်လည်း နယ်လုမှု၊ အတ္တလွန်ကဲမှုများကြောင့် ကျောင်းသားညီညွတ်ရေးများ ပျက်မယောင် ရှိလာခဲ့ ရပါသည်။ ၎င်းအခြေအနေမှ လုပ်သားများ ကောလိပ်ဥက္ကဋ္ဌဖြစ်သူ ကိုအောင်ကြည်ဦးမှ ငိုယိုပြီး “ခင်ဗျားတို့ အခုလို မညီညွတ်ကြဘူးဆိုရင် ကျွန်တော်တို့ ဘယ်လိုလုပ်စစ်အာဏာရှင်တွေကို တိုက်နိုင်တော့မှာလဲဗျ” ဟု ညီလာခံတွင် ပြောကြားခဲ့သဖြင့် ရဲဘော်ကိုယ်စားလှယ်များ သတိ တရားရရှိပြီး ညီလာခံကြီးကို တည်ငြိမ်စွာဖြင့် ဆက်လက်ကျင်းပနိုင်ခဲ့ပါသည်။

ညီလာခံ စတုတ္ထနေ့တွင် ညီညွတ်သော ကျောင်းသားအဖွဲ့အစည်းကို ဖွဲ့စည်းရန် အားလုံးသဘောတူညီကြပြီး နာမည်ရွေးသည့်အခါ ကျောင်းသားများချည်း ဦးဆောင်ရမည်ဟု ဗကသမှ တင်သွင်းပြီး ကရင်နယ်မြေရောက် ကျောင်းသားကိုယ်စားလှယ်များက လူတန်းစား အားလုံးပါဝင်သည့် အမည်ဖြစ်သင့်ကြောင်း တင်ပြရင်း ငြင်းခုန်ဆွေးနွေးကြပြန်ပါသည်။ ကိုမောင်မောင်တိတ်က အလုပ်သမားလယ်သမား လူတန်းစားအမည်ကို ပါဝင်သင့်ကြောင်း တင်ပြခဲ့ဘူးပါသည်။ (၄) ရက်မြောက်နေ့တွင်မှ သေ့ဘောဘိုးကိုယ်စားလှယ်တဦးမှ မ.က. ဒ.တ အမည်ကို သေ့ဘောဘိုးတွင် ရွေးချယ်ထားကြောင်း ၎င်းအမည်ကို သူ့အနေနှင့် ကြိုက်နှစ်သက်ကြောင်း တင်ပြလာသည့်အပေါ် အများကထောက်ခံသဖြင့် လိင်ခဲတင်းလင်း ဖြစ်နေသော အမည်ပြဿနာ ပြေလည်သွားပြီး ABSDF အမည်ကို အတည်ပြုခဲ့ကြပါသည်။ ထိုမှတခါ ရွေးချယ်တင်မြောက်ပွဲတွင် ကိုယ်စားလှယ်များမှ လျှို့ဝှက်မဲပေးကြသည့်အပေါ် မဲအများဆုံးကို ကျွန်တော်ကရရှိပြီး ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခြင်းခံရပြီး၊ ကိုဝင်းမိုး (ဗကသ) မှ ဒုဥက္ကဋ္ဌ၊ ကိုသန်းဝင်း (ရကသ) မှ အထွေထွေအတွင်းရေးမှုးအဖြစ် ရွေးချယ်ခံရပါသည်။ ပူးတွဲ ပါ စာတမ်းကိုကြည့်နိုင်ပါသည်။

သို့ရာတွင် ယ္ခုအခါ ABSDF မွေးနေ့ကို ကျွန်တော်နှုတ်ထွက်ပြီးနောက်ပိုင်းမှစ၍ မူလ နိုဝင်ဘာလ (၅) ရက်နေ့အစား နိုဝင်ဘာလ (၁) ရက်နေ့အဖြစ် အလွယ်တကူ မစူးမစမ်းဘဲ သတ်မှတ်ထားကြောင်းကို အံ့သြစွာတွေ့ရှိရပါသည်။ မည်သည့်နှစ်က ပြောင်းလိုက်သည်ကိုမူ ကျွန်တော့အနေနဲ့ မသိပါ။ ကျွန်တော်တို့ စတင်ထူထောင်ခဲ့ကြသော မိခင်အဖွဲ့အစည်းကို နောင်လွဲပြောင်းတာဝန်ယူခဲ့သော မည်သည့်ခေါင်းဆောင်က မှားယွင်းစွာ ရက်သတ်မှတ်၍ မွေးနေ့ကျင်းပခြင်းမှာ သမိုင်းကို ကိုယ်ကြိုက်သလို ပြင်ခြင်းလော၊ အဖွဲ့အစည်းကို အလေး အနက်မထားခြင်းလော၊ သို့မဟုတ် အမှန်တကယ် မွေးနေ့ကို မသိရှိခြင်းလောဟု မေးရတော့ မည်ဖြစ်သည်။ ၁၉၉၂ ခုနှစ် နှောင်းပိုင်းတွင် ကျွန်တော်အမေရိကန်သို့ ထွက်ခွာလာခဲ့ပြီး ဖြစ်သည့်အတွက် မွေးနေ့ပြောင်းခြင်းကိုသော်၎င်း၊ မွေးနေ့ကျင်းပခြင်းကိုသော်၎င်း ကျွန်တော့ ထံသို့ အကြောင်းကြားခြင်းမရှိပါ။ ထိုကြောင့် ထိုအမှားကို ပြင်ရန် သတိမပေးမိပါ။ သို့ရာတွင် ကိုသံခဲလာစဉ် ABSDF မွေးနေ့ကို နိုဝင်ဘာလ (၁) ရက်နေ့ဟု ကျွန်တော့ရှေ့တွင် ပြောဆို သောအခါမှ သိရပါသည်။ သိသိချင်း မွေးနေ့အမှန်ကိုတင်ပြပြီး ပြင်ခိုင်းခဲ့ပါသည်။ ကိုသံခဲမှ နိုဝင်ဘာလ (၁) ရက်နေ့တွင် ကျောင်းသားညီလာခံ စလုပ်သည့်နေ့ဖြစ်သဖြင့် နိုင်ဝင်ဘာလ (၁) ရက်နေ့ကိုသာ သတ်မှတ်လိုက်ကြောင်း ပေါ့ပေါ့ပင် ပြောဆိုခဲ့ခြင်း ပြုခဲ့ပါသည်။ ကိုမိုးသီး ကို ABSDF မွေးနေ့နှင့် ပတ်သက်၍ မေးမြန်းသည့်အခါ သူက ကျွန်တော်လည်း နိုဝင်ဘာလ (၅) ရက်နေ့လို့ သိထားတာပဲ၊ နိုဝင်ဘာလ (၅) ရက်နေ့ဟာ ကျွန်တော့စိတ်ထဲမှာ စွဲနေတယ်။ ကျွန်တော်လက်ထက်မှာ နိုဝင်ဘာလ (၅) ရက်နေ့ကို မွေးနေ့အဖြစ် ကျင်းပခဲ့တာဖြစ်တယ်လို့ ပြန်ပြောခဲ့ပါတယ်။ ထိုအခါ နိုဝင်ဘာလ (၁) ရက်နေ့ဟု ပြောင်းလဲသတ်မှတ်လိုက်ခြင်းမှာ ကိုမိုးသီးလက်ထက်တွင် မဖြစ်နိုင်တော့ပါ။ ကိုနိုင်အောင်နှင့် ကိုသံခဲ လက်ထက်တွင် ပြောင်းလဲ သွားခဲ့သည်ဟု ယူဆနိုင်ပါသည်။ အကယ်၍ ပြောင်းလဲခဲ့ခြင်းမှာ မသိ၍ ပြောင်းလဲလိုက်ခြင်း ဖြစ်လျှင် ခွင့်လွှတ်နိုင်ပါသည်။ သိသိကြီးပြောင်းလဲလိုက်ခြင်းဖြစ်လျှင် သမိုင်းလိမ်ညာ သူများ အဖြစ် မှတ်တမ်းတင်ရတော့မည်ဖြစ်သည်။

ဤစာသည် ဂုဏ်ဖေါ်ရေးနေခြင်းမဟုတ်ပါ။ သမိုင်းမှားကို ပြင်ဆင်ချင်၍ လက်ညောင်း ခံ ရေးနေခြင်းသာ ဖြစ်သည်။ နအဖမှ ၈၈ သမိုင်းကို အလိမ်အညာဖြင့် တင်ပြသော “အာရုံဦးမှာ ဖူးသည့်ကြာ” ရုပ်ရှင်ကြောင့် ၎င်းဇာတ်ကားတွင် ပါဝင်သည့် သရုပ်ဆောင်များကို အမေရိကန် နိုင်ငံ၌ ဆန္ဒပြခြင်း၊ ပွဲများကို ဖျက်ခြင်းအထိ မြန်မာများဘာကြောင့် လုပ်ခဲ့ကြသနည်း။ သမိုင်းမှားကို တင်ပြခဲ့၍ဖြစ်ပါသည်။ သမိုင်းမှားကို အုပ်ချုပ်သူ လူတန်းစားက ပြုလုပ်သည်ကို ကျွန်ုပ်တို့ မျိုးချစ်ကျောင်းသားပြည်သူများက ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။ ခေါင်းငုံ့မခံခဲ့ကြပါ။ ယ္ခု ABSDF သမိုင်းအစ မှားယွင်းမှုကို ထိုစဉ်ကထုတ်ပြန်ခဲ့သော ကြေငြာစာတမ်းနှင့် တကွ တင်ပြ၍ သမိုင်းမှန်ကို ပြင်စေလိုသော်လည်း တချို့သောသူများက အာဏာရသူများ သတ်မှတ်ထား၍ မပြင်နိုင်ပါဟု အမှန်ကို မျက်စိဖြင့် တပ်အပ်မြင်နေသော်လည်း မပြောင်းဝံ့ ဖြစ်နေသည်ကို တွေ့ရသဖြင့် အထူးစိတ်မကောင်းဖြစ်မိပါသည်။ တချို့ကလည်း နှစ် ၂၀ ကျော်ကြာခဲ့ပြီး အခုမှ ဘာလို့လာပြောနေတာလဲ ဆိုကြသည်။ အနှစ် ၂၀ ကျော်ကြာကြာ၊ အနှစ် ၁၀၀ ကျော်ကြာကြာ သမိုင်းမှန်ကို သိသောနေ့တွင် ပြင်ရဲသောသတ္တိ မရှိကြတော့ဘူး လားဟု မေးလိုက်ချင်သည်။ လက်ရှိအုပ်ချုပ်သူများ သတ်မှတ်သောနေ့ကိုသာ လက်ခံမည် ဆိုသူများ အပြုအမူသည် အနဖရေးနေသော သမိုင်းအမှားကိုလည်း လက်ခံကြမည်လားဟု မေးလိုက်ချင်ပါသည်။

ကျွန်တော်တို့ ဗမာလူမျိုးများ အုပ်ချုပ်သူလူတန်းစားကို ကြောက်ပြသည်မှာ အမှန်ကို ဆန့်ကျင်၍ အမှားကို အသိအမှတ်ပြုရဲသည့် သတ္တိရှိကြပါသည်ဟု ချီးမွမ်းရမလို ဖြစ်နေ ပါသည်။ နအဖတပ်များသည် မှားမှားမှန်မှန် အထက်ညွန်ကြားချက်အတိုင်းလုပ်ကြသည်။ ABSDF သမိုင်းသည် ခေါင်းဆောင်မှားလျှင် မှားကြောင်းပြောရဲသည့် တပ်တွင်းဒီမိုကရေစီကို အပြည့်ကျင့်သုံးခွင့်ရှိသည်၊ အရေးယူ၍မရ၊ ကျွန်တော်ကိုယ်တိုင် ချပေးထားသည့် လမ်းစဉ် ဖြစ်သည်။ ABSDF အခြေခံဥပဒေထဲတွင် ပါဝင်သည်။ ကျွန်တော့နောက် တက်လာသော ကိုမိုးသီး၊ ကိုနိုင်အောင်၊ ကိုသံခဲ ၎င်းတို့အားလုံး ABSDF ဖွဲ့စည်းစဉ်က ညီလာခံသို့ တက် ရောက်သူများ မဟုတ်ပါ။ ထို့ကြောင့် အမှန်တရားကို ၎င်းတို့ ကိုယ်တိုင်မသိ၊ မသိ၍ ၎င်းတို့ မတက်ရောက်သော ညီလာခံရက်နှင့် ABSDF ဖွဲ့စည်းသည့်ရက်ကို ရောထွေးသွားခြင်းလဲ ဖြစ်နိုင်သည်။ သို့ရာတွင် လက်ရှိတာဝန်ထမ်းဆောင်နေသော ကိုသဲခံအနေနှင့် မှားနေပါသည် ဟု ထိုအချိန်က အဓိကခေါင်းဆောင်ခဲ့သူ ကျွန်တော်ကိုယ်တိုင်က ထောက်ပြနေသည်ကို သတ္တိရှိရှိပြင်လိုက်လျှင် အဖွဲ့အစည်းအတွက် သိက္ခာပိုရှိလာမည်ဖြစ်သည်။ ထိုသို့မဟုတ်ဘဲ ကိုယ်စီးသည့်မြင်း အထီးမှန်း အမမှန်းမသိအဖြစ်က ပို၍ရှက်ဖို့ကောင်းပါသည်။

တချို့ကလည်း ABSDF ညီလာခံကို နိုဝင်ဘာလ (၁) ကရက်နေ့မှ စလုပ်တာဖြစ်လို့ နိုင်ဝင်ဘာလ (၁) ရက်နေ့ကို သတ်မှတ်တာဖြစ်တယ်၊ ABSDF ရွေးချယ်ဖွဲ့စည်းမှုကို (၅) ရက် နေ့မှာ လုပ်ခဲ့ပေမဲ့ (၁) ရက်နေ့ကိုဘဲယူတယ်ဟု ဇွတ်အတင်း အကြောင်းပြသူများလဲ ရှိသည်။

နိုဝင်ဘာလ (၁) ရက်နေ့သည် နယ်စပ်သို့ ရောက်ရှိလာကြသော ၈၈ ကျောင်းသား ပြည်သူများညီလာခံဖြစ်သည် ABSDF ညီလာခံမဟုတ်၊ ABSDF နံမည်ကိုလည်း မကြားဖူး သေးပါ၊ ထိုကြောင့် နယ်စပ်ရောက် ကျောင်းသားညီလာခံဟု ခေါ်လျှင်မမှားပါ။

ရွေးကောက်ပွဲကာလတွင် အာလုံးညီညွတ်စွာ ဆန့်ကျင်ကြဘို့ရှိသဖြင့် ABSDF သမိုင်း မှန်ကို ရွေးကောက်ပွဲလွန်ကာလတွင် ဆက်လက်ရေးသားသွားမည်ဖြစ်သည်။ အာဏာရှင်ကို တိုက်ဖျက်မည်လား၊ အာဏာရှင်ကလေးများဖြစ်ရန် ရာသက်ပန်နေရာယူ၍ သွားကြတော့ မည်လား စဉ်းစားကြစေချင်သည်။

ထွန်းအောင်ကျော်
၂၉၊ ၁၀၊ ၂၀၁၀။

0 comments:

Share & Enjoy

Twitter Delicious Facebook Digg Stumbleupon Favorites More