Saturday, August 27, 2011

ပျက်အစဉ် ပြင်ခဏ

လွန်ခဲ့တဲ့ နှစ်များတုန်းက တချို့ လူကြီးတွေ ဂုဏ်ယူစွာ ပြော ပြောနေတဲ့ စကားတခွန်းကြားဖူးတယ်။
ဟေ့ ငါတို့ ဗမာပြည်မှာ ထမင်းငတ်ပြီး သေတဲ့ မသာ မရှိဘူး တဲ့...

အများအားဖြင့် ပီတိကိုစား နာသုံးနာဖြင့် အသက်မွေးနေသော ကျောင်းဆရာများ ပြောတတ်တယ်။ တခြားသော ဌာနက လူကြီးတွေလဲ ပြောနေကြတာလဲ ကြားဖူးပါတယ်။
ရိုးရိုးတွေးရင်တော့ ဆန်စပါးပေါကြွယ်တဲ့ နိုင်ငံမှာ ထမင်းငတ်ပြီး မသေလောက်ပါဘူးလို့ ထင်စရာပေါ့။ ဒါဗေမဲ့ ဒီစကားရဲ့နောက်ကွယ်မှာ အဓိပ္ပါယ်တခုတော့ ရှိတာ သေချာတယ်။


တချိန်က ထိုသူများ ပြောလိုက်ရတဲ့အကြောင်းအရင်းက မြိုနယ်ကောင်စီ ဥက္ကဌ နေရာများကို တပ်မတော်မှ အငြိမ်းစားယူတဲ့ ဗိုလ်မှူးအဆင့်တွေကို ဗိုလ်ချုပ်ကြီးနေ၀င်းရဲ့ အစီအစဉ်တခုမှ လဒ်စားသော အရာထမ်းများ အကျင့်သီလ နည်းပါးမှုကို ထောက်ပြ ပြောဆိုတာကို မှတ်ယူပါ။ ဒါလည်း တိုင်းပြည်ကောင်းကျိုး ဆောင်ရွက်ရန်ထက် လက်ဝေခံ ဆရာတပည့် ဝေစားမျှစား သံယောဇဉ်ဖြင့် လက်သပ်ထိုး ချပေးတဲ့ စနစ်တခု ဖြစ်၏။ တာဝန်ကျရာ မြို့များသို့ ရောက်ရှိပြီး များမကြာမှီ ထို အရာထမ်းများသည် တနှစ်ခြင်း တနှစ်ညခြင်း ( နေ့ခြင်း>တနှစ် ) ကြီးပွား ချမ်းသာလာကြ၏။ ဘိုးဘိုးအောင် မစရင်တောင် ဒီလောက် မြန်မယ်မထင်း)၊ အထူးသဖြင့် နယ်စပ်ဒေသများတွင်း မှောင်ခို လုပ်ငန်းဖြင့် အသက်မွေးကျသော မြို့များတွင် အများဆုံး တွေ့ရတတ်သည်။


သူငယ်ချင်းတယောက်က ငါတို့ အဖေက အဲဒီခေတ်မှာ ဂဠာန်စီမံချက်မှာ လူကြီးတယောက်ဖြစ်တယ်ပေါ့၊ သူ့အဖေ ဘော်ဒီဂါတ်တောင် သူတို့မြို့မှာ ဆိုင်ကားအစီး ၁၀၀ လောက် ပိုင်ဆိုင်တဲ့ အုံနာတယောက် ဖြစ်ခဲ့တယ်၊ ကျန်တဲ့ လက်အောက် အရာထမ်းတွေဆို မပြောနဲ့တော့တဲ့ မြို့မျက်နှာဖုံးအသွင်ဆောင်လာကြတယ်လို့ ပြောဖူးခဲ့တယ်။ ဆက်လက်ပြီး ငါ့အဖေက အမြဲပြောတယ်.. ငါ့အတွက်နဲ့ ငါ့သာသမီးတွေ သူများ ပါးစပ်ဖျားမှာ မဆုံးစေချင်ဘူး။ မချမ်းသာခြင်နေ ကိုယ်ကျင့်တရားတော့ မစွန်းခံနိုင်ဘူးလို့ ကျွန်နော် သူငယ်ချင်းက ထပ်ပြောပြတယ်။ ဒီနေရာက ကျွန်နော်အတွေးတခု ထပ်ရလိုက်တာက ကိုယ်ကျင့်တရား ပဲ ။

ဂဠာန်စီမံချက်ဆိုတာက ပြည်တွင်းပြည်ပ ထွက်ကုန်များ တရားမ၀င် ရောင်းဝယ်ဖေါက်ကားခြင်းမှ ကာကွယ်တားဆီးရေး လို့ ယေဘုယျ မှတ်ပါ။

အများအကျိုးအတွက် လုပ်ဆောင်ကြပြီဆိုရာဝယ် ထို အများအကျိုး ပြည်သူ့အကျိုး တိုင်းပြည်အကျိုးလို့ ဘန်းပြပြီး ကိုယ့်ကျိုးဖြင့် အသက်မွေးပြီး အသက်ရှင်ခဲ့လျှင် ထိုသူသည် သန့်ရှင်းသော အစားတလုပ်အတွက် အသက်ဆက်နိုင်ဖို့ အရည်အချင်း မရှိသည့်ကြောင့် အသက်ရှင်လျှက်နဲ့ ဘ၀ သေနေတဲ့သူတယောက်လို့ မှတ်ယူရမည်။ ထိုသို့သော အာဏာပိုင်များသည် ထမင်းငတ်ပြီး မသေနိုင်ဘူး ဆိုတဲ့ စကားနဲ့ လားလားမှ မအပ်စပ်သဖြင့် ထမင်းငတ်ပြီး သေတတ်ဖို့ ကြောက်သူများဟု ထင်စရာ ဖြစ်လာ၏။



ကိုယ့် ထမင်းတလုပ် ဒါမဟုတ် ထမင်းတနပ်အတွက် သူတပါး အငြိုအငြင်၊ မသမာတဲ့နည်းလမ်းများစွာဖြင့် ရယူ စားသုံးတာလား၊ သို့တည်းမဟုတ် ကြည်ဖြူစွာ ရယူခြင်းဖြင့် စားသုံးတာလား အပေါ် စဉ်းစားဖို့လိုလိမ့်မယ်။


စဉ်းစားတယ်ဆိုတာက ....
ဗမာပြည်မှာ ထမင်းငတ်ပြီး သေနိုင်တဲ့ မသာ အပေါ်ပေါ့း)၊

(၁) တကယ့် ကိုယ်ကျိုးစွန့် အနှစ်နာခံ လုပ်ဆောင်သွားတဲ့သူတွေဟာ လူသာသေသွားဗေမဲ့ နာမည် မသေဘူးဆိုတဲ့ စကားတခွန်း ဖတ်မှတ်ကြားသိခဲ့ရတယ်။
(၂) ဆန့်ကျင်ဘက်ကတော့ တိုင်းပြည် အကျိုးကိုတော့ ဆောင်ရွက်ပါလျှက်နဲ့ အနှစ်နာမခံပဲ လစ်ရင် လစ်သလို မိမိစားသုံးရမဲ့ ထမင်းတလုပ်အတွက် ၀ိုက်စား ကြ၏။


ထို နှစ်မျိုးထဲက တခုခုကို ဟဲ့ကောင်လေး ဘယ်အမျိုးက ထမင်ငတ်ပြီး သေတာလဲလို့ မေးလာလျှင် ဒုတိယ အမျိုးစားကို ရွေးချယ်မိမှာပဲ။

ယနေ့ မြန်မာပြည်မှာ ထမင်းငတ်ပြီး သေတဲ့ မသာ မရှိဘူးဆိုတဲ့ စကားအသုံးအနှုံး ကြားဖူးသလားမသိ။ အင်း.. ဗမာပြည်ရယ်လို့ မခေါ်ဝေါ် မသုံးစွဲခဲ့တော့ ဗမာပြည်မှာ ထမင်းငတ်ပြီး သေတဲ့ မသာမရှိဘူးဆိုတာထက် မြန်မာပြည်မှာ ထမင်းငတ်ပြီး သေတဲ့ မသာ ရှိတယ်လို့ ပြောရမလို ဖြစ်နေ၏။ နာမည်ကြီး ဆရာတော်တပါးက မြန်မာပြည်မှာ သူခိုးနဲ့ ခွာသေးသေး သူတောင်းစားတွေ များလာတယ် လို့ တရားဟောတာ ကြားဖူးခဲ့တယ်။



ကျွန်နော်တို့ ငယ်ငယ်က ရပ်ကွက်အဆင့် ကျေးရွာအဆင့် ဥကဌ အတွင်းရေးမှူး စတဲ့ အရာထမ်းများဟာ စေတနာ့ဝန်ထမ်းများအဖြစ် လစာ မရ။ အကောင်ကြီးကြီးတွေ တိုင်းခမ်းလှည့်လည်လို့ ယောင်မှားပြီး ထိုရွာသို့ ရောက်လာလျှင် မိမိစရိတ်နှင့် ပြုစုဧည်ခံရ။ ဌာနာဆိုင်ရာက အရာရှိတွေ လာရင်လည်း ကိုယ့်မှာ ရှိတာတွေ ချကြွေး။ ကိုယ်ပိုင် အသက်မွေးဝမ်းကြောင်း လုပ်ငန်းလဲ အချိန်မရလို့ မလုပ်နိုင်သောကြောင့် စီးပွားလျှော့ရဲလာ၏။ ထိုကြောင့် မည်သူမှလည်း ဒီအလုပ်ကို မလုပ်ချင်၊ တဖက်ကလဲ ရပ်ရွာမှာ လူကြီးမရှိရင် မဖြစ်၊ ဓမ္မာရုံသို့ခေါ် လူစုပြီး ဒီမိုကရေစီကျကျ ရွေးကောက်တက်မြောက်ကြခဲ့သည်။ အများဆန္ဒအရသာ တာဝန်ကို ယူလိုက်ရသော်ငြားလည်း တင်မြောက်ခံရတဲ့သူဟာ ဗြဟ္မာဦးခေါင်းကြီးကို ကိုင်ရသလို ခံစားလိုက်ရ၏။ ထိုခေတ်များတုန်းက ရပ်ကွက် ကျေးရွာအဆင့်များတွင် ရပ်ရွာအကျိုး ဆောင်ရွက်နေသူများသည် လစာ အဖိုးအခအဖြစ် သတ်သတ်မှတ်မှတ်မဟုတ်ပဲ ဖြူစင်သော စေတနာအရင်းခံအတိုင်း ဆောင်ရွက်ခဲ့ကြသည်။


ယနေ့ခေတ်မူကား ရပ်ရွာဥကဌ ရာထူးကို ငမ်းငမ်းတက် လိုချင်သူများ ပေါလှပါ၏။ တချို့က ဒီတာဝန်ကို လာဒ်ထိုးပြီး ရယူသတဲ့....
ဟိုခေတ်များနှင့် နှိုင်းယှဉ်လိုက်ရင် ဒီရာထူးဟာ မက်လောက်စရာ မဖြစ်လောက်ပါ။
ခက်ရပါ၏။...

အထက်ပါ အကြောင်းအရာမှ တဆင့် ပုံသဏ္ဍာန် ကွဲပြာသော်ငြားလည်း မြို့၊ တိုင်းဒေသ အသီးသီးတွင် တာဝန်ယူထမ်းဆောင်နေသော အရာထမ်းများ အားလုံးဟာ တိုင်းပြည်အပေါ် ရိုးသားစွာ တာဝန်ယူနိုင်ခဲ့လျှင် မြန်မာပြည်တွင် ထမင်းငတ်ပြီး သေတဲ့သူ မရှိဟု ကြွေးကြော်နိုင်လိမ့်မည်။

ခေတ်မှီတိုးတက်သော ကွန်မြူနစ်စနစ်ကို ချီတက်နေသော တရုတ်တို့ဟာ လဒ်ပေး လဒ်ယူစနစ်ကို သေဒဏ်အဖြစ် သတ်မှတ် နှိပ်ကွပ်တယ်။ ဒါမှလဲ ကိုယ်ကျင့်တရား မြင့်တက်လာ၍ ကမ္ဘာအရပ်ရပ်က လူမျိုးပေါင်းစုံနှင့် ကူးလူးဆက်ဆံနိုင်ပြီး တဦးနှင့်တဦး ယုံကြည်စွာ ရောင်းဝယ် ဖောက်ကားခြင်းဖြင့် တိုင်းပြည် ချောင်လည်လာသည်ဟု ယုံကြည်မိပါသည်။


ခေတ်မှီတိုးတက်သော နိုင်ငံတခုကို ဖောင်ဆောင်ရာဝယ် မြန်မာလူမျိုးတို့ဟာ လဒ်ပေး လဒ်ယူစနစ်ကို တိုက်ဖျက်ရန်အတွက်... ပြစ်မှုကြူးလွန်ခဲ့သော တစုံတယောက်အား
(တပည့်သားမြေးဖြစ်သဖြင့် လျှော့ပေါ့ပေးလိုက်သည်၊) ပုံစံနှင့် ပေါ့တိပေါ့တန် လျှော့တိလျှော့ရဲ တရားရေးစနစ်တခုနှင့် ဆက်သွားနေမည်ဆိုလျှင် နောက်မျိုးဆက်များတွင်လည်း ထမင်းငတ်ပြီး သေသူများ ပေါ်ပေါက်လာ မလွဲဧကန်......


စာကြွင်း ။ ။ ထိုစာကို ရေးခြင်းသည် လက်ရှိအစိုးရအား ထောက်ခံအားပေး၍ အကြံပေးရေးသားနေခြင့်မဟုတ်၊ တိုင်းပြည်အပေါ်ထားရှိသော စေတနာဖြင့်သာ ရေးသားခဲ့သည်။



လူလ

ရွှင်လန်းချမ်းမြေ့ပါစေ....

Friday, August 19, 2011

နိုင်ငံတော် သမ်မဒကျီး မှ ပေးစာ “သမ်မဒကျီး ”



ပြည်ပရောက် နိုင်ငံရေးအင်အားစုများ ၀မ်းမြောက်ဖွယ်

ပြည်ပရောက် မြန်မာနိုင်ငံရေး တက်ကြွသူ၊ နိုးကြားသူ၊ လှုပ်ရှားသူ၊ လုပ်စားသူ၊ အဖွဲ့အစည်းများ လူပုတ်ဂိုလ်များကို ကျန်းမာရွှင်လန်း စေကြောင်း ဦးစွာ နှုတ်ခွန်းဆက်လိုက်ပါတယ်။
လွန်ခဲ့တဲ့ သြဂုတ်လ (၁၇)ရက်နေ့က နေပူတော်မှာ ကျနော် တွေ့ဆုံပြောကြားလိုက်တဲ့ မိန်းခွန်းမှာ ပြည်ပရောက် မြန်မာနိုင်ငံသားများအရေးနဲ့ ပတ်သက်ပြီး ပြန်လာနိုင်ဖို့ ကျနော်တို့ စဉ်းစားပေးရမှာ ဖြစ်တဲ့အကြောင်း ပြောခဲ့ပါတယ်။ ပြန်လာခဲ့ပါလို့ ဖိတ်ခေါ်တာတောင် မဟုတ်ပဲ စဉ်းစားပေးရမှာ ဖြစ်ပါတယ်လို့ ပြောကြားလိုက်ရုံနဲ့ ပြည်ပရောက် မြန်မာနိုင်ငံရေး သမားတွေ အဖွဲ့အစည်းတွေကြား “ ပြန်မယ်.. မပြန်ဘူး.. စောင့်ကြည့်မယ်.. စဉ်းစားဦးမယ်.. တိုင်ပင်ဦးမယ်.. ယုံကြည်တယ်.. မယုံကြည်ဘူး ” စသဖြင့် သဘောထား အမျိုးမျိုးကွဲပြားခဲ့သလို တဦးအပေါ်တဦး အယုံအကြည်တွေကင်းမဲ့ကြ… နားလည်မှုတွေလွဲကြ..နဲ့ အတော်လေးကို အားရဖွယ် တွေ့မြင်ရပါတယ်။
            ပွင့်ပွင့်လင်းလင်းပြောရရင် ဒီတချက်တည်းနဲ့တင် ကျနော်တို့ လုပ်ရပ်အတော်လေး အောင်မြင်တာမို့ ၀မ်းမြောက်မိပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ဘာမှ လုပ်ပေးတာ မဟုတ်သေးပဲနဲ့တောင် အတော်ကြီးကို သွေးကွဲကုန်လို့ ဖြစ်ပါတယ်။ ဒုတိယ အဆင့်အနေနဲ့ ကျနော်တို့ သဘောထားကြီးပါတယ်ဆိုပြီး နိုင်ငံတကာကို ပြသနိုင်တာမို့ ထပ်ဆင့်ကျေနပ်မိပါတယ်။
            ကျနော် ဒီစကားပြောတဲ့အခါ ပစ်မှတ်က အများကြီးကို ထိပါတယ်။ ကျနော်တို့က “စေတနာကောင်းနဲ့ ခွင့်လွှတ်နိုင်တာတွေကို ခွင့်လွှတ်ပေးမယ် ပြန်လာခဲ့ပါ” ဆိုရဲ့သားနဲ့ မပြန်လာရင်လည်း ကျနော်တို့ သဘောထားကြီးတာကို ပြနိုင်တာမို့ အောင်မြင်ပါတယ်။ အဲ.. ကျနော်ပြောတာ အဟုတ်ထင်ပြီး ပြန်လာရင်တော့.. “ကိုယ့်ထိုက်နဲ့ကိုယ့်ကံ” “အမိုက်နင့်ပြင် ရှိဦးမလား”လို့သာ သဘောထားခဲ့ကြဖို့ လိုပါတယ်။
            ဘာပဲဖြစ်ဖြစ် ကျနော်ပြောလိုက်တဲ့စကားကြောင့် ၀မ်းမြောက်ဝမ်းသာ ပြန်လာမယ့်သူများအတွက် ပိုပြီးဝမ်းသာနိုင်အောင် ကျနော်တို့ စီစဉ်ဆောင်ရွက်ပေးမယ့်အစီအစဉ်များကိုလည်း တဆက်တည်း ပြောကြားပေးပါ့မယ်။ ပြည်ပက ပြန်လာသူတွေအတွက် ကျနော်တို့ ထောင်တွေကို တိုးချဲ့ဆောက်လုပ်ပေးပါ့မယ်။ ယခင်က အင်းစိန်ထောင်၊ သာယာဝတီထောင်၊ မြစ်ကြီးနားထောင်၊ စစ်တွေထောင်၊ သရက်ထောင် စသဖြင့် နိုင်ငံအနှံ့ ထောင်တွေပဲ ရှိခဲ့ပါတယ်။ ယခု နိုင်ငံတကာထောင်တွေအဖြစ် အမေရိကန်ပြန်များအတွက် “အမေရိကန် ထောင်”၊ သြစတေးလျပြန်များအတွက် “သြစတေးလျထောင်” ၊ ဂျပန်က ပြန်လာသူတွေအတွက် “ဂျပန်ထောင်”၊ ထိုင်းက ပြန်လာသူတွေအတွက် “ယိုးဒယားထောင်”..ကိုးရီးယားထောင်၊ မလေးရှားထောင် စသဖြင့် သီးသီးသန့်သန့် စီစဉ်ပေးမှာဖြစ်ပါတယ်။
            ဒါတင်ပဲလား သမ်မဒကျီးရယ် ဆိုရင်တော့.. ရှိပါသေးတယ်။ ထောင်ထဲမှာ နိုင်ငံအလိုက် အထူးအစီအစဉ်ရှိပါတယ်။ ဥပမာ မလေးရှား အတွက် အဖွဲ့ဝင်တွေ ဖေါဖေါသီသီထုတ်ခွင့်ပေးပါ့မယ်။ ဂျပန်က သံရုံးရှေ့နေ့စဉ်လာအော်သူတွေ ၀ါသနာမပျက် အဆင်ပြေစေဖို့ နေ့စဉ် မိနစ် ၃၀ စိတ်တိုင်းကျ အော်ခွင့်အစီအစဉ်၊ အမေရိကန်က လူတွေအတွက် ဖိနပ်ပေါက် အားကစားကွင်း၊ ယိုးဒယားပြန်တွေအတွက် အရက်ဆိုင်နဲ့ လက်ဝှေ့ကွင်း စသဖြင့် ထောင်တွင်းမှာ စီစဉ်ပေးမှာဖြစ်ပါတယ်။
            ဒါတင်ပဲလား သမ်မဒကျီးရယ် ဆိုရင်တော့.. ရှိပါသေးတယ်။ ဂျာနယ်ထုတ်တာ ၀ါသနာပါတဲ့သူတွေအတွက် ထောင်တွင်း ဂျာနယ်၊ ထောင်တွင်းနံရံကပ်စာစောင်တွေနဲ့ ထောင်တွင်း မီဒီယာသမားများ၊ ထောင်တွင်းဘလော့ကာများ၊ ထောင်တွင်းစီဘောက်သမားများ၊  ကိုယ့်ဘက်တော်သားအချင်းချင်း အားပါးတရ အပြင်းအထန် ပြစ်ပြစ် နှစ်နှစ်၊ ပိုးဆိုးပက်ဆက် သွားပုတ်လေလွင့် ရေးသား နိုင်မှာဖြစ်ပါတယ်။
            ဒါတင်ပဲလား သမ်မဒကျီးရယ် ဆိုရင်တော့.. ရှိပါသေးတယ်။ ထောင်တွင်းမှာ အမ်ဂျီအိုတွေ မအိုတအိုတွေလည်း ထားပေးမှာဖြစ်ပါ တယ်။ ငွေကြေးလည်း အလှူခံခွင့်၊ ပရောဂျက်ရေးခွင့်၊ ပရိုပိုဇယ်ရေးခွင့်တွေပေးပြီး အန်ဂျီ မအိုတအိုတွေထံ တင်ပြခွင့်ပေးထားမှာ ဖြစ်ပါတယ်။ အန်ဂျီအိုတွေ ရှိခြင်းအားဖြင့်၊ ငွေကြေးတွေ ကိုင်တွယ်အသုံးပြုခြင်းအားဖြင့် သူတို့အချင်းချင်း ဘာမှလုပ်စရာမလိုပဲ ကွဲကြ ပြကြ ဆော်ကြ နှက်ကြနဲ့ အလွန်ကို ပျော်စရာကောင်းလှတာကို ကျနော်တို့ အမြဲမြင်တွေ့ခဲ့ရလို့ ဖြစ်ပါတယ်။ ငွေစာရင်းတွေကို ရှင်းမရ။ ငွေစာရင်း ရှင်းတမ်းတောင်းရင် မာန်ဖီကြ၊ “အလှူငွေကောက်ရင် ငါတို့အဖွဲ့နဲ့ ငါနဲ့တော့မထည့်နိုင်ပေမယ့် အဖွဲ့ဝင်သစ်လေးတွေဆီက ကောင်ပေးမယ်”ဆိုပြီး ထမိန်ရည်ပူလွှဲကြာတာမျိုးလည်း အင်မတန်မှ ကြည်နူးစရာကောင်းလှတာကိုးခင်ဗျ။
ဒါတင်ပဲလား သမ်မဒကျီးရယ် ဆိုရင်တော့.. ရှိပါသေးတယ်။ ပြည်ပက ပြန်လာသူတွေကို ရံပုံငွေပွဲတွေ လုပ်ခွင့်လည်း ပြုမှာဖြစ်ပါတယ်။ ဒါလည်း ဆိုခဲ့သလို ကွဲစေပြဲစေတဲ့နည်းလမ်းတခုကိုးခင်ဗျ။ အနှစ် ၂၀ကျော် ကျနော်တို့ကို ပြည်ပက ဘာမှ ထိထိရောက်ရောက်မလုပ်နိုင်တာ ဒီလို အချက်တွေလည်းပါတာမို့ ပြည်တွင်းမှာလည်း သူတို့ကို ဒါတွေ ဆက်လုပ်ခွင့်ပြုမှာဖြစ်ပါတယ်။
ဒါတင်ပဲလား သမ်မဒကျီးရယ် ဆိုရင်တော့.. ရှိပါသေးတယ်။ အစားအသောက်နဲ့ပတ်သက်ပြီး နံနက်စာ၊ နေ့လည်စာတွေအပြင် ညစာကိုလည်း အရက်ဝိုင်းတွေဘာတွေ ဖန်တီးပေးထားမှာဖြစ်ပါတယ်။ထောင်တွင်း သက်သာဆိုင်၊ ထောင်တွင်းကာရာအိုကေ အနှိပ်ခန်း စသဖြင့် ထားရှိပေးမှာဖြစ်ပါတယ်။ ကိုယ့်ငွေနဲ့ကိုယ် စိတ်တိုင်းကျ မူးယစ်ပျော်ပါးပြီး နိုင်ငံရေးဆွေးနွေး ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။
ဒါတင်ပဲလား သမ်မဒကျီးရယ် ဆိုရင်တော့.. ရှိပါသေးတယ်။ ကျနော်တို့ အစိုးရသစ်ရဲ့ စေတနာတွေပေါ့ခင်ဗျာ။ အပြင်ကနေ တိုင်းပြည်ကောင်းအောင် ဘာလုပ်မယ် ညာလုပ်မယ်ပြောနေမယ့်အစား လက်တွေ့ကျကျ လုပ်နိုင်အောင် ပြည်ပက ပြန်လာသူတွေကို လမ်းတံတားဆောက်တာတွေ၊ အုတ်သယ်ခဲသယ် ခွင့်တွေကို ပြည့်ပြည့်၀၀ပေးပြီး နိုင်ငံတော်သစ်ကို တည်ဆောက်စေမှာဖြစ်ပါတယ်။
ဒါတင်ပဲလား သမ်မဒကျီးရယ် ဆိုရင်တော့.. ရှိပါသေးတယ်။ တိုက်ပွဲပျော်များအတွက်ကတော့ ပြန်လာရင် တပ်မတော်အတွက် ပေါ်တာလိုက်ခွင့်၊ အသေခံ လူသားမိုင်းရှင်းသမားအဖြစ် မိုင်းနင်းခွင့်လည်း ပေးမှာဖြစ်ပါတယ်။
ယခု ပြောနေတာတွေက ကျနော် တကယ်ကို စေတနာထားပြီး ဆောင်ရွက်ပေးမှာတွေဖြစ်ပါတယ်။ ဒါကြောင့် ပြန်လာမယ်ဆိုရင် အားမနာတမ်း အသက်ကို ဖတ်နဲ့ထုပ်ပြီး ပြန်လာနိုင်ပါပြီဆိုတဲ့အကြောင်း သတင်းကောင်းပါးအပ်ပါတယ်ခင်ဗျား။

ချစ်ခင်စွာဖြင့်
ဒါတင်ပဲလား သမ်မဒကျီး

သတ်ပုံများကို ရေးထားသည့်အတိုင်းဖတ်ကြပေးကြပါရန်။

Saturday, January 22, 2011

ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် မြန်မာသံဃာတော်အချို့ ဖမ်းဆီးပြန်ပို့ခံရသည့်ကိစ္စနှင့် ပတ်သက်ပြီး ကိုယ်တွေ့ကြုံခဲ့ရသည့် သံဃာတော် အရှင် ဦးသူရိယ၏ ပြန်လည်ပြောကြားအကြံပြုချက်

ဇန်န၀ါရီလ ၂၀ ရက်နေ့ အာရုဏ်ဆွမ်း ဆွမ်းခံနေချိန် နံနက် ၆ နာရီလောက်မှာ ဦးဇင်းအပါအင် မြန်မာသံဃာတော် ၁၀ ပါး လောက်ကို နေထိုင်ခွင့်လက်မှတ်မရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းခံရတယ်။ မြို့လယ်က ၀ပ်ချန်ဖုန်း ဆိုတဲ့ ဘုန်းကြီး ကျောင်းကို ကားနဲ့ တင်ခေါ်သွားတယ်။ ကျန်တဲ့ သံဃာတော်တွေက သူ့တို့ ကျောင်းတွေက လာပြန်ရွေးသွားလို့ ပြန်လွှတ်ပေး လိုက်ပေမယ့် ဦးဇင်းအပါအ၀င် သံဃာ ၅ ပါးကိုတော့ လက်မှတ်မရှိဘူးဆိုတဲ့ အကြောင်းပြချက်တခုတည်းနဲ့ ချက်ခြင်း သိက္ခာချ လူဝတ်လဲဖို့ လုပ်တယ်။ အာဏာပိုင်အဖွဲ့အစည်းလား (လ၀က ထင်တယ်) အဲဒီလူတွေက အတင်း သင်္ကန်း တွေ အတင်းဆွဲ ချွတ်ကြတယ်။   ဦးဇင်းကတော့ သိက္ခာချတာကို ရိပ်မိလို့ လိုက်လည်း မဆိုသလို လူဝတ်လည်း အလဲ မခံတော့ နောက်ဆုံး သင်္ကန်းဝတ်နဲ့ပဲ ကျန်တဲ့ လူဝတ်လဲခံရတဲ့ (၄)ပါးနဲ့အတူ အဲဒီမနက်ပိုင်းမှာပဲ မြန်မာထိုင်း နယ်စပ်တံတားနားက လ၀က ရုံးကို ပို့လိုက်တယ်။

လ၀က ရုံးရောက်တော့ ဦးဇင်းကို သင်္ကန်းအတင်းချွတ်ပြီး ကျန်တဲ့ ကိုယ်တော်တွေနဲ့အတူ အချုပ်ခန်းထဲ ထည့်လိုက်တယ်။ ညနေ ၅ နာရီ အထိ နေခဲ့ရသမျှ ဘာ အစားအစာ၊ ရေတောင် အကပ်မခံရဘူး။ နားလည်မှုရှိတဲ့ ကိုအောင်ထွန်းမြင့်ဆိုတဲ့ တကာတယောက်က ဆွမ်းလာကပ်လို့သာ ဆွမ်းမငတ်ခဲ့ရတာပေါ့။
ညနေ ၅ နာရီလောက်ကျတော့ မြန်မာဖက်ခြမ်းကို အပို့ခံရတယ်။ အားလုံး ယောင်္ကျား၊ မိန်းမ လူစုံ အယောက် ၅၀ လောက် ရှိမယ်။ တဖက်ကမ်းက နယ်ခြားစောင့်ခေါ်မလား၊ ဒီကေဘီအေလား ဘာလား အဲဒီလက်ထဲအပ်တယ်။ ဗိုလ်ချစ်သူတို့ အဖွဲ့လား ဘာလား သေချာတော့ ဦးဇင်းမသိဘူး။
အဲဒီဖက်ရောက်တော့ တာဝန်ယူလက်ခံတဲ့သူက အမျိုးသမီး။ လူကြီးကတော်လားဘာလားတော့ မသိဘူး။ သြဇာ အာဏာတော့ ရှိတယ်။ သူက လူဝတ်လဲခံထားရတဲ့ သံဃာတော်တွေ ပါလာမှန်းလည်းသိတယ်။ ဒါပေမယ့် ဘာသာရေးအရ အရိုအသေတွေ မရှိသလို ဘာအကူအညီမှ မရတဲ့အပြင် လူမျိုးအလိုက် ခွဲပြီး ခေါ်ထုတ်တယ်။ ကရင်က သပ်သပ်၊ မွန်ကသပ်သပ်၊ ဗမာက သပ်သပ်ပေါ့။ ဦးဇင်းလည်း ကရင်လူမျိုးပါ။ ဒါပေမယ့် ကရင်စကားမတတ်တော့ ဗမာအုပ်စုတွေနဲ့ အတူ နေရပြီး အများနည်းတူ နေခဲ့ရတယ်။ ဦးဇင်းငယ် ၂ ပါးကတော့ ဘယ်လိုအခြေအနေကြောင့်မသိဘူး။ ခေါ်ထုတ်သွားတယ်။ နောက်တပါးကိုလည်း သူ့ တကာတချို့က လာရွေးသွားလို့ ဦးဇင်းတို့ ၂ ပါးပဲ ည ၉ နာရီအထိ ဒုက္ခခံနေရတယ်။
မဲဆောက်ကျောင်းကြီးကျောင်းက ဦးပညာသီဟနဲ့ တကာကိုအောင်ထွန်းမြင့်တို့က ဒီအကြောင်းသိတော့ မဲဆောက်ကနေ မြ၀တီဂိတ်အထိလာပြီး ဦးဇင်းနဲ့ ဦးဇင်း မိတ်ဆွေ နောက်တပါးကို ည၉ နာရီလောက်မှာ ငွေပေးပြီး လာရွေးတော့မှပဲ ပြန်လွှတ်ပေးလိုက်တယ်။ လာရွေးတဲ့သူက သင်္ကန်း ၂ စုံပါ ယူခဲ့ပေးတာကြောင့် ဦးဇင်းတို့ သင်္ကန်းပြန်ဝတ်ပြီး မြ၀တီက ဘုန်းကြီးကျောင်းမှာ သွားတည်းခဲ့ရတယ်။ အဖြစ်အပျက်က တော့ ဒါပဲ..။

ဒီအဖြစ်အပျက်အပေါ် ဦးဇင်းအဓိက ပြောချင်တဲ့အချက် တချို့ရှိတယ်။ ပထမ တချက်က ထိုင်းဖက်က ကိုင်တွယ်ဖြေရှင်းမှု ပေါ့။ တကယ်ဆိုရင် ဆွမ်းခံထွက်နေတဲ့ အခါမျိုးမှာ ဒါမျိုး ပြုမူဖို့ မသင့်ဘူး။ ဖမ်းဆီးခံရတော့လည်း တကယ်ဆို ဘာသာရေးအရ တာဝန်ရှိတဲ့ သံဃာတော်တွေပဲ သေချာမေးမြန်းစစ်ဆေးပြီးမှ ဆောင်ရွက်သင့်တယ်။ အခုတော့ ထိုင်းသံဃာတော်ကလည်း ဘာမှ သေချာ စုံစမ်းမေးမြန်းတာမရှိပဲ အတင်းလူဝတ်လဲစေတယ်။ ဒါမျိုးဟာ ဖြစ်သင့်မသင့်ကို ဆင်ခြင်စေချင်တယ်။ ဒုတိယအချက်ကတော့ မြန်မာဖက်ပိုင်းက တာဝန်ယူ ဆောင်ရွက်သူတွေဟာ ဗုဒ္ဓဘာသာအဖြစ် ခံယူထားသူတွေ၊ ဗုဒ္ဓဘာသာ အမည်ခံထားတဲ့ အဖွဲ့အစည်းဖြစ်ပေမယ့် လူဝတ်လဲ ခံထားရတဲ့ ဗုဒ္ဓဘာသာဝင် သံဃာတော်တွေပါလားလိ တစက်ကလေးမှ ငဲ့ကွက်မှု၊ အလေးဂရုဓမ ပြုမှု မရှိတဲ့အပြင် ဘာသာတရားအရ ရှိသင့်တဲ့ စိတ်ဓါတ်မျိုး လုံးလုံးမတွေ့ရတာ အတော်လေး စိတ်မကောင်းစရာဖြစ်ပါတယ်။
နောက်.. ဦးဇင်းတို့ဟာ တခြား ဘာဥပဒေမှ ချိုးဖေါက်တာမရှိသလို ရာဇ၀တ်မှု ကျူးလွန်တဲ့သူတွေ မဟုတ်ပါဘူး။ သာသနာရေး ကိစ္စ၊ ဘာသာရေးကိစ္စ ဆောင်ရွက်နေသူတွေဖြစ်ပါတယ်။ ထိုင်းတာဝန်ရှိသူ အာဏာပိုင်တွေအနေနဲ့  အမှန်တကယ် ဘာသာသာသနာအတွက် ဆောင်ရွက်နေသူတွေ၊ ထိုင်းနိုင်ငံမှာ နေထိုင်ပြီး ၀ါဆို ၀ါကပ်တော်မူကြတဲ့ သံဃာတော်တွေကို စိစစ်ပြီး သင့်တော်တဲ့ နေထိုင်ခွင့်တခုခု ဖန်တီးပေးစေချင်တယ်။ ထိုင်းဘာသာအရေးအပြော သင်တန်း ပေးပြီး သာသနာပြုခွင့် ရှိစေချင်တယ်။ အခုလို ငွေပေးလိုက် ပြန်လွှတ်လိုက် သံသရာလည်တာမျိုး မဖြစ်သင့်ဘူးလို့ ယူဆပါတယ်။
မြန်မာ ဒကာ ဒကာမတွေအတွက် ပြောရရင်လည်း သူတို့ဟာ ရာဇ၀တ်မှု ကျူးလွန်ဖို့ လာကြသူတွေမဟုတ်ပဲ ကိုယ့်နိုင်ငံ အခြေအနေအရ ရေကြည်ရာ မြက်နုရာမှာ လာရောက်ပြီး ကောင်းရောင်းကောင်းဝယ် လုပ်ကိုင်စားကြရရှာတာမို့ ထိုင်း လူမျိုးတွေအနေနဲ့ နိုင်ငံကြီးသားပီပီ ကိုယ့်အရိပ်ကို လာခိုသူတွေကို မေတ္တာရှေ့ထား ဖေမပြီး သင့်တော်တဲ့ အကူအညီတွေ ပေးစေချင်ပါတယ်။
 ဦးဇင်းပြောချင်တာက အခုအဖြစ်အပျက်ဟာ ကျောင်းကျိုးတရားတွေပဲလို့ ဦးဇင်းတို့ နှလုံးသွင်းပါတယ်။ ဘယ်သူ့ကိုမှ လည်း အပြစ်တင်လို၊ နစ်နာစေလိုတဲ့သဘော မရှိပါဘူး။ ဒါပေမယ့် နောက်နောင်လည်း ဒီလို ပြဿနာ အဖြစ်အပျက်တွေ ရှိလာနိုင်တာ မို့ ဆင်ခြင်နှလုံးသွင်း ဖြေရှင်းဆောင်ရွက်နိုင်ကြစေဖို့ပဲ ရည်ရွယ်ပါတယ်။

ဦးသူရိယ

Share & Enjoy

Twitter Delicious Facebook Digg Stumbleupon Favorites More