ဒီကေဘီကို ကေအဲန်ယူအစည်းအရုံးမှ ဂုဏ်ပြုကြိုဆို
ဒီကေဘီအေတပ်မှ အမှတ်(၉၀၁)တပ်ရင်းမှူး ဗိုလ်မှူးစတီးနှင့် ဌာနချူပ်တပ်မှူးတစ်ဦးဖြစ်သူ ဗိုလ်ရွှေဝတို့ ဦးဆောင်၍ တပ်သား ၁၅၀ ကျော်တို့မှ ပြည်သူများ၏ ထောက်ခံဂုဏ်ပြုကြိုဆိုပွဲကို တက်ရောက်ခံယူခဲ့ကြ.
ပြည်သူကချစ်တဲ့ အနုပညာသည်ကျော်သူ
ပစ်တိုင်းထောင် ရုပ်မှာ အမေစု ပုံကို ဆွဲထားတာပေါ့။ အဓိက အမေစုကလည်း ပစ်တိုင်းထောင် ရုပ်လိုပဲ ဘယ်လို လှဲလှဲ မလဲဘူး ဆိုတဲ့သဘောနဲ့ တင်စားပြီး ဆွဲထားတာပါ။ နောက် ပစ်တိုင်းထောင် ရုပ်တရုပ် မျက်နှာမှာတော့ ဗိုလ်ချုပ်အောင် ဆန်း ကို ထည့်ထားတာပါ။ ဒီနောက်မှာတော့ ဇီးကွက် ၂ ခု ကို ထည့်ဆွဲထားတယ်။ ဒီ ဇီးကွက်က ဘာကို ဆိုလိုချင်တာလဲ ဆိုတော့ အသိဉာဏ်ပညာကြီးမားတဲ့ သဘောကို ဆိုချင်တာပါ။ ပစ်တိုင်းထောင်ရုပ် အောက်ကို သေချာကြည့်ရင် မြန်မာပြည် မြေပုံရယ်၊ မြန်မာ ပြည်သူလူထု လက်သီး လက်မောင်း တန်းနေတာ၊ လက်တွေ မြှောက်နေတဲ့ဟာတွေ ပါတယ်။ (ကျော်သူ).
( We stand with DAW AUNG SAN SU KYI )ံ
”ဒေါ်အောင်ဆန်းစုကြည်လမ်းစဉ် ” တနည်းအားဖြင့် ( We stand with DASSK ) ဖြစ်ပြီး မြန်မာ့လွတ်လပ်ရေး အတွက် အောင်ဆန်းလမ်းစဉ်နဲ့ လွတ်လပ်ရေးအရယူနိုင်ခဲ့သလို အခု ၂၁ ရာစု ဒီမိုကရေစီလွတ်မြောက်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်လမ်းစဉ် ( we stand with DASSK ) ကို ကျနော်တို့ အကြွင်းမဲ့ယုံကြည်တယ်။ ကျနော်တို့ နိုင်ငံရေး ပရောဟိတ်တွေမလုပ်ဘူး ၊ မတွေဝေဘူး ၊ ဟိုဟာထောက်ခံ၊ ဒီဟာကန့်ကွက် အလုပ်မဖြစ်တဲ့အရာတွေနဲ့ အချိန်မကုန်ဘူး ၊ ဒေါ်အောင်ဆန်းစုကြည် လမ်းစဉ်အတိုင်း သူနဲ့အတူရပ်တည်မယ် ။ သူပြောတဲ့အတိုင်းလုပ်မယ်။ သူကထောက်ခံဆို ထောက်ခံမယ်။ သူက ကန့်ကွက်ဆို ကန့်ကွက်မယ်။ သူက အမျိုးသားပြန်လည်သင့်မြတ်ရေး လို့ပဲပြောပြော အမျိုးသားပြန်လည် ရင်ကြားစေ့ရေးလို့ပဲဆိုဆို လုပ်ပါဆို လုပ်မယ်။ ထိပ်တိုက်ရင်ဆိုင်ပါဆို ထိပ်တိုက်ရင်ဆိုင်မယ်။.
Myanmar rebel forces unite against government
Two main ethnic Karen rebel groups that were once rivals along Myanmar's border with Thailand have joined forces to defend themselves against Myanmar's army. The union of the Democratic Karen Buddhist and Karen National Liberation militias comes days after clashes between them and troops. Clashes erupted after the rebels resisted government efforts to recruit them to be a part of a border guard force..
Saturday, August 27, 2011
ပျက်အစဉ် ပြင်ခဏ
Friday, August 19, 2011
နိုင်ငံတော် သမ်မဒကျီး မှ ပေးစာ “သမ်မဒကျီး ”
Saturday, January 22, 2011
ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် မြန်မာသံဃာတော်အချို့ ဖမ်းဆီးပြန်ပို့ခံရသည့်ကိစ္စနှင့် ပတ်သက်ပြီး ကိုယ်တွေ့ကြုံခဲ့ရသည့် သံဃာတော် အရှင် ဦးသူရိယ၏ ပြန်လည်ပြောကြားအကြံပြုချက်
Saturday, December 11, 2010
လူတစ်ယောက်ယောက်ကိုလက်သီးနဲ့ထိုးဖို့ဆိုတာ ကိုယ့်မှာမေးရိုးရှိရတယ်
လူတစ်ယောက်ယောက်ကိုလက်သီးနဲ့ထိုးဖို့ဆိုတာ
ကိုယ့်မှာမေးရိုးရှိရတယ်တဲ့၊
ငါ့လက်သီးတွေက
မင်းဆီသက်ရောက်ဖို့ ၊ ငါ့မှာမေးရိုးရှိတယ်။
ခုတော့မင်းမှာမေးရိုးမရှိပဲ မင်းလက်သီးတွေ ငါ့အပေါ် လာလာသက်ရောက်နေတာ
အမှန်တရားရေ မင်းတရားလွန်လွန်းပြီ၊
( ကဗျာဆရာ-မောင်ချောနွယ် )
“ သမ္မတကြီးခင်ဗျား.. သမ္မတကြီးကို အခုလိုရက်ရက်စက်စက်နှိပ်ကွပ်ခဲ့သူတစ်ယောက်အပေါ် ကလဲ့စားချေခြင်စိတ်၊ အဃာတ တရားတွေမရှိပဲ သဘောထားနိုင်တာဟာ ဘာ့ကြောင့်ပါလဲ” ဆိုတော့
“ ကျနော် နိုင်ငံရေးလုပ်တာ.. ကလဲ့စားချေဘို့ နိုင်ငံရေးလုပ်တာမဟုတ်ဘူး… တိုင်းပြည်တိုးတက်ဘို့်လုပ်တာ ကလဲ့စားအပြန်အလှန် ချေမှုန်းနေခြင်းဖြင့် တိုင်းပြည်တိုးတက်မလာဘူး.. ဆုတ်ယုတ်သွားဘို့ပဲရှိတယ်. နောက်ပြီး .. ဒီကိစ္စတွေဟာ ဘယ်တော့မှ ပြီးဆုံးသွားမှာမဟုတ်ဘူး သံသရာလည်နေမှာပဲ ”
ဒါ့ကြောင့် ထူးခြားတဲ့ခေါင်းဆောင်တွေမှာ ထူးခြားတဲ့ အမူအကျင့်တွေရှိတယ်၊ သာမာန် လူပုဂ္ဂိုတို့ကျင့်နိုင်ခဲတဲ့ ကိစ္စတွေပါ။ အန်တီစုဆို ကျနော်တို့နိုင်ငံသားအားလုံးသိကြတဲ့အတိုင်း အမျိုးမျိုးလုပ်ကြံမှု့တွေနဲ့ သေမင်းထံက အခေါက်ခေါက်ပြန်လာခဲ့ရပြီ၊ ( မပြောကောင်းမဆိုကောင်း ) နောက်ရောဘယ်လိုများကြုံတွေ့ရပါဦးမလည်း၊ စိုးရိမ်စရာပါ၊ လက်ရှိ စစ်ခေါင်းဆောင်အပါဝင် တော်တော်များများရဲ့စိတ်ကဆတ်ဆတ်ထိမခံ၊ ကိုယ်စိတ်နှလုံးနဲ့ အကြမ်းဖက်တုန့်ပြန်မှူကို စန်မလေးတတ်ကြသူတွေပါ၊ ကျနော်ကြုံခဲ့ရတာ လေးဖောက်သည်ချခြင်သေးတယ်…. ဒီလိုပါ…………
ကျနော် နိုင်ငံရေး အကျဉ်းသားဘ၀နဲ့ ထောင်တထောင်မှာနေနေရတဲ့ အချိန်၊ စစ်တပ်က အရာရှိကြီး တချို့ထောင်ကျလာတယ်။ သူတို့ကို သာမာန် ရာဇ၀တ်သားတွေထားတဲ့နေရာမှာလည်း ထားလို့ကမရ ( အရာရှိကြီးကြောင့်ဆိုပြီးတော့ တော့မဟုတ်ပါဘူး ရာဇ၀တ်သားများက ရိုက်သတ်ပစ်မှာဆိုးလို့ပါ ) အဲဒါ ကျနော်တို့ နိုင်ငံရေးအကျဉ်းသားများထားရာနေရာမှာလာထားတယ်။ ထောင်ကလည်းအရမ်းသေးဆိုတော့ တခြားနေရာလည်း သွားထားစရာက မရှိဘူးလေ၊ ကျနော်တို့ဆီလာထားပေမဲ့ ကျနော်တို့ကမဖွယ်မရာ မဆက်ဆံပါဘူး တယောက်နဲ့တယောက် အပြန်အလှန်လေးစားမှု့တွေနဲ့ ဆက်ဆံကြပါတယ်။ တနေ့ ထောင်ပိုင်လှည့်လည် စစ်ဆေးတော့ အရာရှိကြီးတယောက်ကို ထောင်ပိုင်က ပြောတယ်…
“ ခင်ဗျားတို့ ဒီနေရာ နယ်နမိတ်ကနေကျော်ပြီး အပြင်မထွက်ပါနဲ့.. အန္တရာယ်ရှိလို့ပါတဲ့ ” ပြောသွားတာဒါလေးပါပဲ၊ တကယ်တော့ ထောင်ပိုင်အနေနဲ့ ပြောသင့်တဲ့စကားပါ ဘာလို့လည်းဆိုတော့ သူတို့က ကျနော်တို့နေရတဲ့ ပရ၀ဏ် အပြင်ဘက်ကိုထွက်ထွက်ပြီး စကားတွေပြော၊ ပစ္စည်းအပေးယူတွေလုပ်နဲ့ဆိုတော့ ၊ သူတို့ကို မုန်းတဲ့သူတယောက်ယောက်က တခုခုလုပ်လိုက်ရင် ထောင်ပိုင်မှာပါ လာပြသနာတက်မှာလေ…… ထောင်ပိုင်ပြောသွားတာကလည်း လူကြီးလူကောင်းဆန်ဆန် ယဉ်ယဉ်ကျေးကျေးပြောသွားတာပါ.. ထောင်ပိုင်လည်းပြန်သွားရော..
“ ဒီကောင်လူပါးဝါးတယ်… ငါတို့ ဘာရာထူးအာဏာမှမရှိတော့လို့ စော်ကားတာ.. တွေ့မယ်..ငါတို့မှာရာထူးအာဏာမရှိတော့ပေမဲ့လို့.. အစွယ်တော့ကျန်သေးတယ်..တွေ့မယ် ” အသားတွေတောင်တဆတ်ဆတ်တုန်လို့.. ကြိမ်းလိုက်ဝါးလိုက်တာ နေ့စဉ် အစားသောက်တောင်မစားနိုင်လောက်အောင်ကိုဖြစ်သွားတာ.. တော်တော်စိတ်ထိခိုက်သွားပုံရတယ်။ မတော်ဆို ကျနော်တို့လာပြောကြည့်ပါ့လား.. မသွားနဲ့ဆို မသွားဘူးပေါ့ ဒါစည်းကမ်းပဲ၊ ထောင်ပိုင်ပြန်မသွားခင်တောင် သူပြောတာ သတိရမှာမဟုတ်တော့ဘူး.. စိတ်ထဲကပျောက်သွားမှာ အသေအချာပဲ၊ ဘာမှခံစားနေရမယ့် အရာလည်းမဟုတ်ပါဘူး၊ ဒါမျိုးအဖြစ်ပျက်က ဒီတစ်ကြိမ်းလားဆိုတော့ မဟုတ်ဘူး ခဏခဏကိုတွေ့ဘူးတာ အပြင်လောကရောက်ပြန်တော့လည်း တွေ့ဘူးတာပဲ၊ သူတို့က သူတို့ အလှည့်ရောက်ရင် မခံနိုင်ဘူး အားလုံးက ပုံစံခွက်ထဲက ထုတ်လိုက်တဲ့ ကုန်ပစ္စည်းများလို.. အတူတူပဲ၊ သူတို့ရဲ့စိတ်တွေက အရမ်းထိခိုက်ရှနာလွယ်တယ်၊ စောစောကပြောခဲ့တဲ့ အရာရှိကြီးဆို သူတာဝန်ခဲ့ယူခဲ့တဲ့ အချိန်က လူတွေအပေါ်တော်တော်ကို အနိုင်ကျင့်ခဲ့တယ်ဆိုတယ့် အသံတွေလည်းပြန်ကြားရပါတယ်။
ဒေါသကြီးရင်.. အကြောက်လည်းသိပ်ကြီးတယ်တဲ့.. စိုးရိမ်စိတ်လည်းသိပ်ကြီးတယ်၊ ဒီလိုလူတွေက စိတ်အတက်အကျလည်းသိပ်မြန်တတ်တယ်၊
ဒီပဲယင်းခရီးစဉ်မှာ မလိုသူတွေက ၀ိုင်းရိုက်ကြတော့ အန်တီက ပြန်တုန့်ပြန်ဘို့ ညွန်ကြားခဲ့တာမှမဟုတ်တာ၊လုပ်သမျှခါးစည်းခံဘို့ပဲပြောခဲ့တယ်၊အဲဒါအကြမ်းမဖက်လမ်းစဉ်ပေါ့၊ အကြမ်းမဖက်လမ်းစဉ်ဆိုတာ ခရီးရှည်ကောင်းရှည်နိုင်တယ် ဒါပေမဲ့ တိုင်းပြည်အထိနည်းတယ်၊ ကမ္ဘာနဲ့လူထုကထောက်ခံတယ်၊အကြမ်းမဖက်လမ်းစဉ်ကျင့်သုံးဘို့ဆိုတာတော်ရုံလွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး၊
တလောက ငါးမင်းဆွေဆိုတဲ့ပုဂ္ဂိုက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးကိုလာရောက်ပြီး အန်တီစုကို စွပ်ဆွဲတာ တော်တော်များများသိပြီးသားကိစ္စတခုပါ၊ နိုင်ငံတကာက မြန်မာနိုင်ငံအပေါ် စီးပွားပိတ်စို့မှု့ လုပ်တဲ့ အရာပေါ်မှာ အကြမ်းဖက်မှု့လို့သူက တဘက်သတ်ပြောဆိုထားတယ်၊ ကျနော့်အမြင်လေးတခုတင်ပြခြင်တယ်၊ sanction ဆိုတာ အရေးယူပိတ်ဆို့ဆောင်ရွက်မှု့လို့ အကြမ်းအားဖြင့်မှတ်ထားလို့ရပါတယ် ( sanction ) ကိုအမှန်တကယ်ရုတ်သိမ်းလိုတယ်ဆိုရင် နှစ်ဘက်လုံးကတပြိုင်နက်ထဲလုပ်မှတရားမျှတမှာပေါ့နော၊sanctionကိုတဘက်သတ်ရုတ်သိမ်းခိုင်း မယ်ဆိုရင်တော့ ဘယ်တရားမျှတပါ့မလည်း၊
တကယ်တော့ sanction ကို စစ်အာဏာရှင်များကလည်း အတိုက်အခံအင်အားစုနဲ့ပြည်သူလူထုအပေါ်ချမှတ်ထားတာပါပဲ။ပြည်သူတွေကိုနိုင်ငံရေးနဲ့ကင်းရှင်းခိုင်းတာတို့၊နိုင်ငံရေးနဲ့ဆက်နွယ်နေသူများကိုအရေးယူတာတို့၊အဘက်ဘက်ကဖိအားပေးဆောင်ရွှက်တာတို့ဆိုတာတွေဟာ စစ်အာဏာရှင်အစိုးရက ပြည်သူတွေအပေါ်ချမှတ်ထားတဲ့sanctionတွေမဟုတ်ဘူးလား ၊ ပမာပြောရရင် အန်တီစု အင်တာနက်လျှောက်တာကိုတောင်မှ ပိတ်ဆို့ထားတာဟာ အဲဒါ sanction ပေါ့ ဗျာ၊ အဲဒီတော့ တိုးတက်တဲ့ဖွံဖြိုးတဲ့ နိုင်ငံတခုဆီကို ဦးတည်မယ်ဆိုရင် sanction ကိုတဘက်သတ် မဟုတ်ပဲ နအဖ စစ်အာဏာရှင်တွေဘက်ကရော ဖွင့်ပေးဘို့လိုလိမ့်လေ၊ အဲဒါကို အတိုက်အခံဘက်က လိုက်မလုပ်ဘူးဆိုရင်တော့ အတိုက်အခံဘက်က အဆိုးပေါ့၊ တဘက်သတ်ကြီးကတော့ မသင့်တော်ပါ ဘူး၊ ဒီလိုလုပ်ဆောင်ခြင်းဟာ တရားမျှတတဲ့ ကိစ္စတခုပါ ဒါအကြမ်းဖက်မှု့လည်းမဟုတ်ဘူး၊ သူများကိုကြ လက်သီးနဲ့ထိုးခြင်ပြီး မိမိကိုယ်တိုင်ကြ မေးရိုးမဲ့ဖြစ်နေတာ လောကဓမ္မတာနဲ့ကြည့်ရင်.. မသင့်တော်ပါဘူး၊
ကျနော်ပြောနိုင်တာတခုရှိပါတယ်၊ မြန်မာလူထုရဲ့ စိတ်ဓါတ်တွေဟာ ရုတ်ရင်းကြမ်းတမ်းခပ်ထန်တတ်တဲ့ လူမျိုးတွေမဟုတ်ဘူးဆိုတာ သေချာပါတယ်။ ခွင့်လွတ်သီးခံ၊ စိတ်ရှည်တတ်တဲ့သူတွေဖြစ်တယ်၊ တကယ်လို့ ဗိုလ်ချုပ်ကြီးများကလည်း တိုင်းပြည်မျက်နှာကိုကြည့်ပြီး အန်တီစုနဲ့အမှန်တကယ် လက်တွဲဆောင်ရွက်သွားဘို့ အချိန်လေးက သာသာယာယာရှိနေဆဲပါ၊ လူထုကရောနိုင်ငံတကာကရော မျှော်လင့်နေဆဲပါ၊ အဲသလိုမဟုတ်ပဲ မုန်တိုင်းထန်တဲ့ အချိန်ရောက်မှဆိုလျှင်တော့ မဖြစ်သင့်တာတွေဖြစ် ကုန်မှာ အမှန်ပဲ ဘယ်သူကမှလည်း အပြန်အလှန်ခွင့်လွှတ်ခြင်တော့မှာ မဟုတ်ဘူးကျနော်တို့ လူထုက လည်းနားလည်ပါတယ်။ ဒီအချိန်မှာ အာဏာကိုလက်ဆုတ်လက်ကိုင် ယူထားတာ ဗိုလ်ချုပ်ကြီးများပါ၊ တချို့အခွင့်အလမ်းများက တပြိုင်နက်ထဲ တောင်းဆိုလို့ ယူလို့မရတာရှိတယ် ( ဆရာအောင်သင်း အဆိုအမိန့်ပေါ့ ) ဥပမာ.. ကော်ဖီသောက်မလား မုန့်စားမလားဆိုရင် ကော်ဖီလည်းသောက်မယ် မုန့်လည်းစားမယ် နှစ်ခုလုံးသုံးလို့ရတယ်၊ လူတစ်ယောက်ရဲ့ အိုခြင်းနဲ့ ရှင်သန်ခြင်းတစ်ခုခုကို ရွှေးပါဆိုရင်တော့ နှစ်ခုလုံးတပြိုင်နက်ထဲ ရွှေးလို့မရတော့ဘူး၊ မအိုခြင်ရင်သေ ( အုဝဲဆိုကထဲ ကသေလိုက်ရင်.. မအိုတော့ဘူး )၊ မသေခြင်ရင် အိုကိုအိုရမယ်၊ ဒီလိုပါပဲ၊ တိုင်းပြည်ကို အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ တိုးတက်အောင် လုပ်သွားမလား၊ ဗိုလ်ချုပ်ကြီးများရဲ့ ကျူးလွန်ခဲ့တဲ့ အရာတွေအတွက် တုန့်ပြန်မလားဆိုတာမှာ တခုခုကိုပဲ ရွှေးချယ်ရတော့မှာ ဆိုတာကို လူထုက သဘောပေါက်ပါတယ်။ ဒီအဆင့်တွေမှာ အချိန်လေးရနေပါသေးတယ်။ ဒီထက် ကျော်လွန်သွားမယ်ဆိုရင်တော့ ဗိုလ်ချုပ်ကြီးများအတွက် ရသင့်တဲ့အခွင့်ရေးများကို လူထုက အပြီးတိုင်သိမ်းပိုက်ယူသွားပါလိမ့်မယ်
တကယ်လို့ခေါင်းမာစွာနဲ့ ၂၀၀၈ အခြေခံဥပဒေအတိုင်း ဆက်သွားမယ်၊ ပုံစံမပြောင်းဆက်လက်ချီတက်မယ် ဆိုရင်တော့ တိုင်းပြည်စီးပွားရေးဟာ အောက်ဆုံးအထိကျဆင်းသွားပြီး အငတ်ဆိုက်ပြသနာ တွေနဲ့ကြုံလာပါလိမ့်မယ် အခုလည်းကြုံနေရပါပြီ ဒါဆိုရင်လူထုကသီးခံနိုင်တော့မှာ မဟုတ်တော့ပါဘူး၊ အဆုံးစွန်အထိ ပေါက်ကွဲထွက်လာရင် ဗိုလ်ချုပ်ကြီးများအတွက် ထွက်လမ်းပိတ်သွားနိုင်ပါတယ်။ နိုင်ငံတကာမကြည်ညိုသော စစ်ခေါင်းဆောင်ကြီးများ၊ လျှပ်စစ်စွမ်းအင်အားနည်းသောနိုင်ငံ၊ လာဒ်ပေးလာဒ်ယူ ကြီးထွားနေသော ယဉ်ကျေးမှု့ရဲ့ အောက်မှာရှိနေတဲ့ ကျနော်တို့လက်ရှိ နိုင်ငံအခင်အကျင်းကို ဘယ်နိုင်ငံတကာကမှ လာရောက်စီးပွားရေး မြုတ်နှံမှာ မဟုတ်ဘူးဆိုတာကို သေသေချာချာပြောနိုင်ပါတယ်။ အခုမြန်မာပြည်ကို လာရောက်ရင်းနှီးမြုတ်နှံနေတဲ့ နိုင်ငံတကာဆိုတဲ့ သူတွေကအသေးစားလေး တွေပါ၊ တိုင်းပြည်စီးပွား ဦးမော့လာအောင် မစွမ်းဆောင်နိုင်ပါဘူး၊ တိုင်းပြည်စီးပွားဦးမော့လာဘို့ တရုတ် လောက်အားကိုးနေရုံနဲ့ မဖြစ်ဘူးဆိုတာ ပြောပရစေ၊ အမေရိကန်နဲ့ အနောက်အုပ်စုမပါပဲ တိုင်းပြည်စီးပွား ဦးမော့လာဘို့ဆိုတာ စိတ်ကူးယဉ်မျှသာဖြစ်ပါလိမ့်မယ်၊ နအဖ စစ်ဗိုလ်ချုပ်ကြီးများ ဟစ်ကြွေးနေသလို ကျနော်တို့နိုင်ငံဟာ သယံဇာတပေါကြွယ်ဝတယ်ဆိုတာ တကယ်တော့ တိုင်းပြည်တပြည်ကိုစီးပွား တိုးတက်လောက်အောင်အထိ ပေါကြွယ်ဝတာမဟုတ်ပါဘူး၊ အရေးကြီးဆုံးက လူသားအရင်းမြစ်ပါ ၊ စင်္ကာပူနိုင်ငံဟာ ဘာသယံဇာတမှမရှိပဲ နိုင်ငံတိုးတက်အောင် ထူထောင်သွားနိုင်ပါတယ်။ ဒါဟာ စနစ်ကောင်း၊ ခေါင်းဆောင်ကောင်းနဲ့၊ လူသားအရင်းမြစ်များ ကြောင့်ပဲဖြစ်ပါတယ်။
ဒီနေ့မြန်မာနိုင်ငံမှာ ဆိုးဝါးလှတဲ့စစ်အာဏာရှင်များရဲ့ စနစ်ဆိုးဒဏ်ကို ပြည်သူတွေတွင် မဟုတ်ပါဘူး၊ တပ်မတော်သားများလည်း ခါးစည်းခံနေရတာပါ၊
အတိုင်းတာတခုထိအချိန်လေးရနေသေးတုန်းပါပဲ။
အားလုံးကိုလေးစားစွာဖြင့်
( မောင်မောင်ဝမ်း )
နှင်းရနံ့တွေ ကျွံဝင်လာတဲ့အခါ……….( ၁၉၉၆ – ကျောင်းသားလှုတ်ရှားမှု )
အသံ (၁)
ကျနော်တို့နဲ့မလှမ်းမကမ်းမှာ စားသောက်နေတဲ့သူတွေက စည်ပင်သာယာကရဲတွေ။ သိတ်မကြာဘူးဗျ။ သူတို့အရှိန်ရလာတယ်ထင်တယ်။ ကျနော်တို့စကားပြောတာဆူတယ်တဲ့။ တယောက်က မျက်နှာဆွဲထိုးခံချင်လို့လားလို့မေးတယ်။
ကျနော်တို့လည်း လူငယ်ပဲလေ။ ပြန်ပြီး မိုက်ကြည့်ကြည့်တာပေါ့။ အခြေအနေတေကွ တစထက်တစတင်းမားလာတယ်။ “မအေ -ိုးတွေ၊ဘာလူပါးဝတာလဲ။ ကြာတယ်ကွာ။ရိုက်ပစ်”တဲ့။ သူတို့လေးယောက် ဝုန်းကနဲထလာတယ်။ ကျနော်တို့က ကျောင်းသားတွေပါလို့ပြောတယ်။ မရဘူးဗျာ။ အဲ့ဒီမူးနေတဲ့ စည်ပင်သာယာရဲတွေက၊
“ အေး– ကျောင်းသားဆိုရင် ငါတို့က ပိုပြီးရိုက်ချင်တယ်” တဲ့။ ကျနော်တို့ ဘာမှပြန်ပြောချိန် မရလိုက်တော့ဘူး။ သူတို့လက်ထဲကဒုတ်တွေ။ ကျနော်တို့ ခန္ဓာကိုယ်အနှံ့ပလူပျံလာတယ်။ ကျနော်က ထွက်ပြေးနိုင်ခဲ့ပေမဲ့ ကျနော့သူငယ်ချင်းနှစ်ယောက်ကိုတော့ ထိုးကန်ရိုက်နှက်ပြီး အင်းစိန်ရဲစခန်း ခေါ်သွားတယ်လို့သိရတယ်။
မှတ်မှတ်ရရ-အဲ့ဒီနေ့က အဆောင်မှာ အထူးညနေစာ ( Special Dinner) ရှိတယ်။ Special Dinner ကျွေးတယ်ဆိုတာစာမေးပွဲနားနီးရင် တပတ်တခါ အသားကောင်းကောင်း ချက်ကျွေးတဲ့နေ့ကိုပြောတာ။ ထောင်ထမင်းလို နေ့တိုင်းစားနေရတာထက်စာရင် အဲ့သလို Special Dinner နေ့ရောက်လာရင်တော့ မဆိုးပါဘူး။ ညနေ (၅) နာရီလောက်ဆို လူစုံမှာ အသေအချာပဲ။
စော်ဘွားကြီးကုန်းမှာ ရိုက်နှက်ဖမ်းဆီးခံရတဲ့ ကျောင်းသားတွေကိစ္စကို ညနေစာစားနေတဲ့အချိန်မှာ အားလုံးကိုညှိနှိုင်းကြမယ်လို့ သဘောတူလိုက်ကြတယ်။ တကယ်တော့ အဲ့ဒီညနေက အထူးညနေစာစားပွဲမှာ အစည်းအဝေးတခုလို လုပ်ဖြစ်ခဲ့တာမဟုတ်ဘူး။
စော်ဘွားကြီးကားဂိတ်မှာ ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာကို ကျောင်းသားတယောက်က လက်ရေးနဲ့ရေးပြီး ရှင်းထားတယ်။ ညနေစာ စားပြီးတာနဲ့ အင်းစိန်ရဲစခန်း ကို ဝိုင်းကြမယ် ဆိုတဲ့ အစီအစဉ်တရပ်ကို ဆွေးနွေးထားတယ်။
ဆရာတွေက ကျနော်တို့ဘာလုပ်မလဲဆိုတာကို မျက်စိဒေါက်ထောက် စောင့်ကြည့်နေတာမို့လား။
ညနေစာ စားနေတုံးမှာ ကျနော်တို့ရဲ့စာရွက်လေးကို တဝိုင်းပြီးတဝိုင်း လက်ဆင့်ကမ်းဖတ်လိုက်ကြတယ်။
ကျောင်းသားတယောက်ကတိုးတိုးလေးပြောတယ်။ “ ကိုယ့်လူတို့ ဒီကနေ့ညနေစာကို အဝကြိတ်ထားနော်။ ပွဲက တညလုံးဖြစ်ချင်ဖြစ်သွားနိုင်တယ်” တဲ့။
A ဆောင်-အဆောင်မှူး ဦးအေးအောင်က အနားကိုကပ်လာတယ်။ “ဘာပွဲလဲက။ွ မင်းတို့ဖဲဝိုင်း တညလုံးထောင်ကြမလို့လား” တဲ့။ သူမေးတာက သဘာဝကျပါတယ်။ ကျနော်တို့ကလည်း ဖဲတအားရိုက်တဲ့ကောင်တွေမို့လား။ “ ဆရာရော ရှယ်ယာပါအုံးမလား” ဆိုတော့ နထင်ကို ခပ်ဖွဖွရိုက်ပြီး လှည့်ထွက်သွားတယ်။ ဖြစ်နိုင်ရင် ကျောင်းသားတွေ ဒီညမှာ ဖဲရိုက်၊အရက်သောက် ကြိုက်တာလုပ်။ ဆရာတွေအတွက် ပြဿနာမရှိဘူး။ အစိုးရနဲ့ထိပ်တိုက်တွေ့မဲ့ကိစ္စတွေ ဖြစ်လာမှသာ သူတို့လည်း ကြားကစိတ်ညစ်ရတာမို့လား။
သူတို့စိတ်ထဲမှာ ကျောင်းသားတွေ တခုခုပြန်လုပ်တော့မယ်ဆိုတာ ရိပ်မိလို့ ကျနော်တို့ကို စောင့်ကြည့်နေတာနေမှာပေါ့။ ကျနော်တို့ကလည်း ညနေစာ စားပြီးတာနဲ့ ကျောင်းရှေ့လက်ဘက်ရည်ဆိုင်လေးမှာ ဆုံကြဖို့ အချက်ပြထွက်လိုက်တယ်။
အသံ(၂)
တချို့ကကျောင်းရှေ့လက်ဘက်ရည်ဆိုင်လေးမှာထိုင်နေကြသလို၊ တချို့က ကွမ်းယာဆိုင် လေးဘေးက ကားမှတ်တိုင်မှာ မယောင်မလည်ရပ်နေကြတယ်။ အုပ်စုနှစ်စုခွဲလိုက်ကြပြီး (၄၅) ဘတ်စ်ကားပေါ် လှမ်းတက်လိုက်ကြတယ်။
အရင်ရောက်နှင့်တဲ့အုပ်စုက အင်းစိန်ဈေးနားမှာ စောင့်ပေါ့။ ရဲစခန်းကို စတင်ဝိုင်းလိုက်တဲ့အချိန်က (၇) နာရီကျော်၊ ရှစ်နာရီလောက်ရှိသွားပြီလေ။ အင်းစိန်ရဲစခန်းက ဝရုန်းသုန်းကား ဆူညံနေတဲ့ ကျောင်းသားတွေရဲ့ အသံကိုလည်းကြားရော ၊မီးတွေအားလုံး ပိတ်ပစ်လိုက်တယ်။ ရဲတွေအားလုံး နေရာယူကြဖို့ သူတို့ရဲ့အရာရှိက အမိန့်ပေးလိုက်တယ်။ အပေါက်တွေကြားကနေ ကျနော်တို့ကိုချိန်ထားတဲ့ သေနတ်တွေ၊ ခိုးကြည့်နေတဲ့မျက်နှာတွေကို နောက်ဆုံးတွေ့လိုက်ရတယ်။ တလောကလုံးမှောင်ကျသွားတယ်။ ညအမှောင်ထဲမှာ သေနတ်မောင်းတင်သံတွေကြားရတယ်။ ဖြောင်း–ဖြောင်း-ကလစ်–ဖြောင်း– ဆိုတဲ့အသံတွေလည်းပါတယ်။
“ကျောင်းသားတွေအနေနဲ့အေးချမ်းစွာပြန်သွားကြဖို့။ တိုက်ခိုက်လာမယ်ဆိုရင် မိမိတို့အနေနဲ့လည်း ပစ်ခပ်ရမှာဖြစ်ကြောင်း” ရဲစခန်းအတွင်းက အော်ပြောတဲ့အသံကိုကြားနေရတယ်။
ကြောက်စိတ်ရှိသလားလို့ကိုယ့်ဘာသာမေးနေချိန်တောင်မရလိုက်ပါဘူး။ ဖြစ်ချင်ရာဖြစ်ကွာ ဆိုတဲ့စိတ်က အရင်ရောက်သွားတယ်။ ရဲစခန်းတံခါးကို တွန်းဖွင့်ပြီးဝင်လိုက်ကြတယ်။ ရုံးခန်းအပေါက်ကိုလည်း ရောက်ရော မီးတွေအကုန်ပြန်လင်းလာတယ်။ သေနတ်နဲ့ထိုးချိန်ထားတဲ့ ရဲသားတွေရဲ့လက်တွေကတုန်နေတယ်။ ကျနော်တို့က “ ဖမ်းဆီးထားတဲ့ကျောင်းသားတွေကို လာခေါ်တာဖြစ်ကြောင်း၊ ကျောင်းသားတွေကိုတွေ့ချင်ကြောင်းပြောတဲ့အခါ၊ ရဲစခန်းမှူးက ဇောချွေးပြန်နေတဲ့ မျက်နှာကိုတချက်သုတ်ပြီး ဖမ်းဆီးထားတယ်ဆိုတဲ့ ကျောင်းသားတွေရဲ့နာမည်ကို မေးတယ်။ နောက်– သူတိုအနေနဲ့ အဲ့ဒီကျောင်းသားတွေကို ဖမ်ဆီးထားခြင်းမရှိကြောင်း၊ စော်ဘွားကြီးကုန်း စည်ပင်ရဲတွေကိုသာ သွားရောက်မေးစေလိုကြောင်း ငြင်းဆိုခဲ့တယ်။
အသံ (၃)
ကျောင်းသားတေ အားလုံးကလည်း အဲ့ဒီကားပေါ်ကိုတက်လိုက်ကြတယ်။ ပထမတော့ ဆရာတွေက ကျနော်တို့တတွေ ကျောင်းဘက်ဆီကိုပြန်ကြတော့မယ်ထင်နေတာ။ အင်းစိန်လမ်းဆုံကိုရောက်မှ သူတို့သဘောပေါက်သွားကြတယ်။ ကျနော်တို့တတွေ စော်ဘွားကြီးကုန်း အဝေးပြေးကားဂိတ်ဝင်းဆီကို ဦးတည်နေပြီဆိုတာ။
အသံ (၄)
ရဲတွေလည်း အခြေအနေကို ခန့်မှန်းမိပုံရတယ်။ ရုံးခန်းကိုပစ်ထွက်ပြေးသွားကြတယ်။ ရှမ်းပြည်နယ်က ကျောင်းလာတက်တဲ့ ကျောင်းသားတယောက်က တံခါးမှန်တွေကိုရိုက်ခဲလိုက်ပြီး ရုံးခမ်းထဲကိုဝင်လိုက်တယ်။
ည(၉) နာရီလောက်ရှိသွားပြီလေ။ စော်ဘွားကြီးကုန်း အဝေးပြေးကားဂိတ်မှာ နယ်ကိုထွက်ခွာတော့မဲ့ ကားတွေက အပြည့်ပဲ ခရီးသည်တွေလည်း စိတ်ဝင်တစားဝိုင်းအုံလာကြတယ်။ဒီ သတင်းက နယ်အသီးသီးကို ပြန့်နှံ့သွားတော့မှာ သေချာတယ်။
ဆရာတွေက “ကဲ သားတို့ဘာဖြစ်ချင်သလဲ၊ လိုချင်တာရရင် အိမ်ပြန်ကြမှာလား” လို့ မေးတယ်။ ကျနော်တို့ကလည်း တာဝန်ရှိသူတွေနဲ့တွေ့မယ်။ ကျောင်းသားတွေကို မလွှတ်ဘူးဆိုရင် ကျနော်တို့လည်းပြန်စရာအကြောင်းမရှိဘူး လို့ အဖြေပေးခဲ့တယ်။
သိတ်မကြာဘူး။ ခရိုင်ရဲမှူးအပြင် စစ်ထောက်လှမ်းရေး တာဝန်ခံတွေ ရောက်လာတယ်။ ကျနော်တို့ဘက်က ကျောင်းသားကိုယ်စားလှယ် (၅) ယောက်နဲ့ဆွေးနွေးမယ် လို့ ဆိုတယ်။ ရတယ်လေလို့ပြောရင်း ကျနော်တို့ဘက်မှာ အလိုလိုခေါင်းဆောင်ဖြစ်လာတဲ့ ကျောင်းသား (၅) ယောက်က ရုံးခန်းထဲကိုဝင်လိုက်တယ်။
အဖြစ်အပျက်တွေကို အသေးစိတ်ပြန်လည် ဇာတ်စုံခင်းကြတယ်။ ဒါပေမဲ့ သူတို့ကခေါင်းမာတယ်။ အလျော့ပေးချင်ပုံမရဘူး။ “ကျောင်းသားကိုရိုက်ခဲ့တဲ့ စည်ပင်ရဲတွေကို ဒီညဖမ်းဆီးဖို့ဆိုတာ မဖြစ်နိုင်ဘူး” တဲ့။ ကျောင်းသားကိုယ်စားလှယ်တယောက်က ဝင်ပြောတယ်။ “ဘာလို့မဖြစ်နိုင်ရမှာလဲ။ ခင်ဗျားတို့ ကျနော်တို့ကိုလာဖမ်းလို့မတွေ့တဲ့အခါ ကျနော်တို့မိသားစုထဲက တယောက်ယောက်ကို ဖမ်းတာမဟုတ်လား။ သူတို့ကိုလည်း အဲ့သလို အကြပ်ကိုင်ဖမ်းဆီးပေါ့” တဲ့
အသံ (၅)
ကျောင်းသားတွေနဲ့ တာဝန်ရှိသူတွေကြား အခြေအတင်စကားပြောနေတာ (၄၅) မိနစ်လောက် ရှိသွားပြီ။ စော်ဘွားကြီးကုန်း ကားဂိတ်အပြင်ဘက်က လမ်းမတွေမှာလည်း ကားတွေကြဲသွားသလို၊ ကားဂိတ်အတွင်းက အဝေးပြေးကားတွေကို တဖြည်းဖြည်း နှင်ထုတ်နေတယ်ဆိုတာကို သိလိုက်ရတယ်။ ကျနော်တို့တတွေ တခုခုလုပ်မှဖြစ်တော့မယ်ထင်တယ်။
မတ်လ (၁၃) ရက်နေ့တုံးက ကျောင်းဝင်းထဲမှာ ပိတ်မိသလိုမျိုးမပိတ်မိဖို့ အရေးကြီးတယ်။ ကျောင်းသားတချို့က အဆောင်ကိုပြန်သွားပြီး လူထပ်ခေါ်တယ်။ ကျနော်တို့ကလည်း ဆွေးနွေးပွဲကို ရပ်ပစ်ဖို့ဆုံးဖြတ်လိုက်တယ်။
“ အန်ကယ်တို့ကို ၁၀ မိနစ်လောက် ထပ်အချိန်ပေးပါမယ်။ ကျောင်းသားတွေကိုရိုက်တဲ့ စည်ပင်ရဲတွေကို ဒီညအတွင်း ဖမ်းဆီးအရေးယူပါမယ်ဆိုတဲ့ အဖြေကိုမရခဲ့ရင်၊ ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေကို ကျနော်တို့တာဝန်မယူနိုင်ဘူး” လို့ပြောရင်းအခန်းထဲက ထွက်လိုက်ကြတယ်။ ညက တဖြည်းဖြည်းမှောင်လာပြီ။ အပြင်မှာ အစီအစဉ်တွေကို စံနစ်တကျကြိုပြင်ထားတဲ့ ကျောင်းသားကြီး တယောက်က အဝေးပြေးကားဂိတ်ထဲဆီဝင်လာတဲ့ ကားကြီးတစင်းကို ချောဆွဲလိုက်တယ်။
မော်ကွန်းထိန်း ဦးစိန်ဋ္ဌေးနဲ့ ဆရာတွေက “ သားတို့ဘယ်သွားကြမှာလဲ” လို့ စိုးရိမ်တကြီးမေးတယ်။
“ဆရာတို့ မကြာခင်သိမှာပါ။ ကျနော်တို့ရှေ့မှာ ကားကိုပိတ်ပြီး မရပ်ဖို့တောင်းပန်ပါတယ်။ မလိုလားအပ်တဲ့ အရာတွေ ဆရာတို့နဲ့ ကျနော်တို့ကြားမှာ မရှိစေချင်ဘူး လို့သတိပေးလိုက်မိတယ်။
ဘယ်သူပဲဖြစ်ဖြစ် ရှေ့ကနေ ပိတ်တားရင် ဖြတ်သာတိုက်ပစ်လိုက်တော့လို့ ကားမောင်းသူကို အော်ပြောလိုက်တယ်။
ကားသမားကလည်း ငါ့ညီတို့ဖြစ်စေချင်တာသာပြောပါ။ အကို့သားလည်း တက္ကသိုလ်တက်နေတယ်လေ။ ငါ့ညီတို့ခံစားနေရတဲ့ကိစ္စကို အကိုနားလည်ပါတယ် တဲ့။ သူကလည်း ကျနော်တို့ကိုလိုက်ပို့ရတာ ပျော်နေပုံပါပဲ။
ည (၁၀) နာရီထိုးသွားပြီ။ ကျနော်တို့တတွေ နာရီကိုတချက်ကြည့်လိုက်ပြီး တယောက်မျက်နှာတယောက် ကြည့်လိုက်ကြတယ်။သူတို့ဘက်က လိုက်လျောမှု တစုံတရာ မရှိတော့တဲ့အခါ၊ ကျနော်တို့ဘက်ကလည်း ပြန်လည်အကြပ်ကိုင်တဲ့နည်းကိုသုံးရတော့မယ်။
မတတ်နိုင်ဘူး။ ကျောင်းသားအုပ်ကို လှည်းတန်းလမ်းဆုံမှာ ရွှေ့ပစ်ရမယ်။ ကျောင်းဝင်းထဲမှာ ဆန္ဒပြရင်ညမှာ လူမသိသူမသိပိတ်ဖမ်းမယ်။ အဖမ်းခံရမဲ့အတူတူ လူမြင်ကွင်းရှေ့မှာ အဖမ်းခံမယ် လို့ ဆုံးဖြတ်လိုက်ကြတယ်။
ဝီစီ မှုတ်သံကိုပေးလိုက်ကြဖို့ ကျနော်တို့ချင်းအချက်ပေးလိုက်ကြတယ်။ ကျနော်တို့ကားစတင်ထွက်ပြီ။
အဆောင်ကိုပြန်သွားတဲ့ ကျောင်းသားတယောက်က သူတို့လည်း ကျောင်းသားတွေနဲ့ ညှိခဲ့ပြီးပြီတဲ့ အင်းစိန်လမ်းမကြီး တလျှောက် နဲ့ ပြည်လမ်းတလျှောက်မှာလည်း ကျောင်းသားတွေ ချီတက်လာနေကြပြီလို့ နောက်ထပ်သူငယ်ချင်းတယောက်က အော်ဟစ်ပြောဆိုနေကြတယ်။ ကျနော်တို့ရည်ရွယ်ချက်က ဒီလို–ကျနော်တို့ ကျောင်းသားတွေ မနက်လင်းချိန်ထိ ကျောင်းသားအုပ်ကို လှည်းတမ်းလမ်းဆုံမှာ စုစည်းထားနိုင်ခဲ့ရင် ပြည်သူတွေသိရှိသွားမယ်။ ကျနော်တို့ တောင်းဆိုချက်တွေကို ဝင်ရောက်ပူးပေါင်း တောင်းဆိုလာနိုင်တယ်။
အသံ(၆)
ည(၁၀း၁၅) လောက်ကတည်းက လှည်းတန်းလမ်းဆုံတခုလုံးကို ကျောင်းသားတွေက သိမ်းပိုက်ထားလိုက်ပြီ။ ပြည်သူတွေကလည်း စိတ်ဝင်တစားပဲ။ ဘာဖြစ်ကြတာလဲ၊ ဘာကူညီပေးရမလဲ ဆိုပြီး အဝိုင်းကြီးဘေးမှာ ရပ်ကြည့်နေကြတယ်။ ရန်ကုန်တက္ကသိုလ်နားက ဓါတ်မီးတိုင်အောက်မှာ ကျနော်တို့တတွေ တောင်းဆိုချက်တွေကို လက်ရေးနဲ့ရေးလိုက်ကြတယ်။
ပြည်သူတွေကြားကို ဝေဖို့အတွက် ကျောင်းသားတချို့က မိတ္တူကူးစက်ဆိုင်ကိုသွားကြတယ်။ ကျနော်တို့တောင်းဆိုချက်ထဲမှာ နောက်ထပ်တိုးလာတဲ့အရာက “ အခုလိုမတရားသဖြင့် ရိုက်နှက်ဖမ်းဆီးမှုကို အစိုးရအသံလွှင့်ဋ္ဌာနတွေကနေတရားဝင် တောင်းပန်ရမယ်” ဆိုတဲ့အချက်ပဲဖြစ်တယ်။ ကျန်တဲ့အချက်တွေက အတူတူပါ။ အာဏာပိုင်တွေကလည်း လည်တယ်ဗျ။ သူတို့ဘက်က တစုံတရာ လိုက်လျောရတော့မယ်ဆိုတာကို သဘောပေါက်နေကြတယ်။
ကျနော်တို့တတွေ လှည်းတန်းလမ်းဆုံမှာ တနာရီခွဲလောက် ဝိုင်းဖွဲ့ထိုင်လိုက်ပြီး လမ်းတွေကို ပိတ်ဆို့ပစ်လိုက်တယ်။ ညသန်းခေါင်ယံလောက်မှာ လက်ထိပ်တန်းလန်းတွေနဲ့ ဖမ်းခေါ်လာတဲ့ စည်ပင်ရဲတွေကို အာဏာပိုင်တွေက လှည်းတန်းလမ်းဆုံမှာ စုဝေးနေတဲ့ ကျောင်းသားအုပ်ဆီ ခေါ်ယူလာတယ်။ ဒီ မျက်နှာတွေဟုတ်လားလို့ မေးတယ်။
နာမည်တွေကိုမိတ်ဆက်ပေးတယ်။ ကျနော်တို့ထဲက ကျောင်းသားတယောက်က သူတို့မျက်နှာတွေကိုကြည့်ပြီး၊ “ဟုတ်တယ်။သူတို့ပဲလို့ဖြေလိုက်တယ်” ကျောင်းသားတွေကို ကန်တော့တောင်းပန်ဖို့လိုက် လို့ အမိန့်ပေးလိုက်တယ်။ ကျနော်တို့ကျောင်းသားတွေက “ မလိုပါဘူး။ သူတို့က ကျနော်တို့ထက်ကြီးပါတယ်။ ခင်ဗျားတို့ဘာသာ ဆက်လက်အရေးယူလိုက်ပါလို့ ပြောရင်း ကျောင်းသားအုပ်ကို အဆောင်ပြန်ကြဖို့ အချက်ပေးလိုက်တယ်။
(အထက်ပါအဖြစ်အပျက်တွေက အောက်တိုဘာ (၂၁) (၂၂) ရက်ညမှာဖြစ်ခဲ့တဲ့အရာတွေဖြစ်တယ်။
ကျောင်းသားတွေကိုရိုက်တဲ့ စည်ပင်ရဲတွေကိုဖမ်းခေါ်ပြအပြီးမှာ ကျောင်းသားအုပ်စုအတွင်း အယူအဆနှစ်ခုကွဲတယ်။
တချို့က စစ်အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဆက်လုပ်ရမယ်ဆိုပြီး ရန်ကုန်တက္ကသိုလ်ထဲမှာ သပိတ်စခန်းဖွင့်ဖို့ လှုံ့ဆော်ကြတယ်။ ကျောင်းသားအများစုကတော့ တိုက်ပွဲဟာ အကန့်အသတ်ရှိရမယ်။ လိုချင်တာရပြီ ဆိုရင် ခေတ္တရပ်ဆိုင်းဖို့လိုတယ်။
အကြောင်းရာတခုခြင်းကိုကြည့်ပြီးမှ တဆင့်ပြီးမှတဆင့် ဆက်အရှိန်မြှင့်သင့်တယ်လို့ ယူဆကြတဲ့အတွက် အဆောင်ပြန်ခဲ့ကြတယ်။ရန်ကုန်တက္ကသိုလ်ထဲ စုဝေးဖို့ရောက်ရှိသွားတဲ့ ကျောင်းသားတွေလည်း ဆန္ဒပြပွဲကို ဆက်လက်လုပ်ဆောင်ဖို့ အခွင့်အရေးမရခဲ့ပါဘူး)
အသံ (၇)
အောက်တိုဘာကျောင်းသားလှုပ်ရှားမှုဟာ အောင်မြင်မှုရခဲ့ပါတယ်။ ဒါပေမဲ့ အ့ဒဲီလှုပ်ရှားမှုမှာ ဦးဆောင်ခဲ့သူတွေကို အရေးယူဖမ်းဆီးမဲ့ ခြေလှမ်းတွေကလည်း ထင်ထင်ရှားရှားမြင်နေရတယ်။ အထူးသဖြင့် ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားခေါင်းဆောင် (၅) ယောက် နေထိုင်တဲ့ အဆောင်အခန်းတွေဆီကို မော်ကွန်းထိန်းရုံးကနေ ဆင့်ခေါ်စာတွေပို့ခဲ့တယ်။
မော်ကွန်းထိန်းရုံးခန်းကိုဆီကိုလည်းရောက်သွားရော၊ အဲ့ဒီအခန်းထဲမှာ မော်ကွန်းထိန်း ဦးစိန်ဋ္ဌေးကိုနောက်ကနေ ထိန်းချုပ်ထားပုံရတဲ့ လူနှစ်ယောက် (ကော်လံကတုံးအဖြူနဲ့ ကချင်လုံချည်ဝတ်ထားတယ်) က ပြောဆိုဆွေးနွေးသမျှကို လိုက်မှတ်နေတယ်။ ပါမောက္ခဦးကြင်စိုးက နောက်နောင် ဒီလိုလှုပ်ရှားမှုတွေကို မလုပ်တော့ပါဘူး ဆိုတဲ့ ဝန်ခံလက်မှတ်တွေကို ရေးထိုးခိုင်းတယ်။ အိမ်တွေမှာ တပတ်ဆယ်ရက်လောက် ပြန်နားကြဖို့၊တိုက်တွန်းတယ်။ ဒါပေမဲ့ ပါမောက္ခဦးကြင်စိုးနဲ့ မော်ကွန်းထိန်းဦးစိန်ဋ္ဌေးကို အာခံငြင်းဆိုတဲ့ ကျောင်းသားခေါင်းဆောင်နှစ်ယောက်ရှိတယ်။ တယောက်က ရုံးခန်းကိုလုံးဝမလာပဲ သပိတ်မှောက်ပြီး၊ တယောက်ကတော့ ရုံးခန်းဆီကိုလာရောက်ပြီး ပါမောက္ခချုပ်ကို မေးခွန်းတွေထုတ်တယ်။
“ အိမ်ကိုပြန်ခိုင်းရအောင် ကျောင်းကတရားဝင်ပိတ်လို့လား” “ အိမ်ရောက်ရင် ထောက်လှမ်းရေးကဖမ်းမှာမို့လား” လို့မေးခွန်းထုတ်တယ်။ ဦးကြင်စိုးက လက်မှတ်ထိုးခိုင်းတဲ့အခါ “ ကျောင်းသားတွေ မတရားသဖြင့် ဖမ်းဆီးရိုက်နှက်ခံထားရာက လွတ်မြောက်အောင် လုပ်တဲ့အရာဟာ မှန်ကန်တဲ့အရာဖြစ်တဲ့အတွက် လက်မှတ်ထိုးစရာ မလိုဘူး” လို့ ငြင်းဆန်ပြီး ရုံးခန်းထဲကထွက်သွားခဲ့တယ်။
အသံ (၈)
နိုဝင်ဘာလတလျှောက်လုံး ကျောင်းထဲမှာ လှုပ်လှုပ်လှုပ်လှုပ်ဖြစ်နေတော့တယ်။ တချို့က ကျောင်းအာဏာပိုင်တွေရဲ့ ကျောင်းသားတွေအပေါ် ဆင့်ခေါ်မေးခွန်းထုတ်နေတဲ့ လုပ်ရပ်ကို ဒေါသထွက်နေကြသလို၊ တချို့ကတော့ အောက်တိုဘာ အောင်မြင်မှုအတွက် အားရကျေနပ်နေကြပြီး စစ်အစိုးရဆန့်ကျင်ရေးကို ဆက်လုပ်ကြဖို့ နည်းလမ်းရှာနေကြတယ်။
အဲ့ဒီအချိန်မှာ ကျောင်းသားတွေရဲ့ ဒေါသကိုထပ်ပြီးမီးရှို့ပေးမဲ့ ဖြစ်ရပ်တခု ပေါ်ပေါက်လာခဲ့တယ်။ ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားများ ဆိုတဲ့အမည်နဲ့ ထုတ်ဝေတဲ့စာစောင်တွေဟာ ကျောင်းသားထုကြားမှာ ပျံ့နှံ့နေခဲ့တယ်။ အဲ့ဒီစာထဲမှာ “ ကျောင်းသားတွေဟာ ကားခမပေးပဲ ဘတ်စ်ကားစပယ်ယာနဲ့ ရန်ဖြစ်လို့ဖြစ်၊ လက်ဘက်ရည်ဆိုင်မှာလည်း ရပ်ကွက်ကလူတွေနဲ့ ရန်ဖြစ်ပြီး ကလေကချေဆန်ဆန် လုပ်နေကြတဲ့အတွက် သိက္ခာမရှိတော့ဘူး။ အေးချမ်းစွာပညာသင်ကြားမှုကို နှောင့်ယှက်ချင်တဲ့သူတွေ ဖြစ်နေတယ်။ ဒါကြောင့် ဒီလိုကျောင်းသားတွေကို ဝိုင်းပြီး ရှုတ်ချကြဖို့” ဆိုတဲ့ နှိုးဆော်စာဖြစ်တယ်။
ကျောင်းသားတွေကလည်း အဲ့ဒီစာကိုယူပြီး ပါမောက္ခချုပ်ရုံးခန်းဆီသွားဝိုင်းကြတယ်။
ဒီစာ ဟာ ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားတွေ ထုတ်ဝေတာမဟုတ်ကြောင်း၊ ပါမောက္ခချုပ်အနေနဲ့ တရားဝင်စာထုတ်ပြန်ပေးပါဆိုတော့ ပါမောက္ခ ဦးကြင်စိုးက မနက်ဖြန်ကြရင် သူကိုယ်တိုင်ထုတ်ပြန်ပေးပါမယ်လို့ ဂတိပေးခဲ့တယ်။
အသံ (၉)
နောက်တနေ့ မနက် (၉) နာရီမှာ ကျနော်တို့တတွေ ပါမောက္ခချုပ် ရုံးခန်းကို သွားရောက်ကြပြန်တယ်။
ပါမောက္ခ ဦးကြင်စိုးက ရုံးခန်းမှာ မရှိဘူး။ မနေ့က သူပေးခဲ့တဲ့ ဂတိကိုချိုးဖောက်ပစ်လိုက်တယ်။ မော်ကွန်းထိန်းရုံးခန်းရှေ့မှာ ကျောင်းသားတွေ ဆူညံပွက်လောရိုက်နေကြပြီ။ ကျန်တဲ့ကျောင်းတွေမှာလည်း အဲ့လိုမျိုးစာတွေပြန့်နေတယ်။ တခြားကျောင်းက ကျောင်းသားတွေနဲ့ တိုင်ပင်ကြတယ်။ ညနေခင်းကိုရောက်လာတဲ့အခါ အောက်တိုဘာလတုံးက လှုပ်ရှားမှုအတိုင်း လှည်းတန်းလမ်းဆုံမှာ စုဝေးကြပြန်တယ်။ ဒီတခါတော့ ကျောင်းသားအုပ်က ပိုများတာပေါ့။ ကျောင်းပေါင်းစုံပါလာပြီကိုး။
ညသန်းခေါင်ယံချိန်ကိုရောက်လာတော့ ကွန်ပြူတာတက္ကသိုလ်ပါမောက္ခချုပ် ဦးကျော်သိန်း၊ ရန်ကုန်စက်မှုတက္ကသိုလ် ဒု-ပါမောက္ခချုပ်ဦးညီလှငယ် ( ဗိသုကာ)တို့တတွေဦးဆောင်ပြီး လှည်းတန်းလမ်းဆုံက ကျောင်းသားတွေကိုလာတွေ့တယ်။
“သက်ဆိုင်ရာ ကျောင်းအသီးသီးကို ပြန်ကြဖို့” ဆိုတဲ့စကားတွေကို အသံချဲ့စက်တွေနဲ့ အော်ဟစ်ကြတယ်။ မကြာဘူး။ ကျောင်းသားအုပ်တွေဆီကို ရောက်ရှိလာတယ်။ အဆောင်ကိုပြန်ဖို့ ကားတွေစီစဉ်ထားကြောင်း၊ ဆရာတို့ရဲ့စိုးရိမ်မှုကို နားလည်စေလိုကြောင်း လာရောက်ပြောဆိုကြတယ်။ ကျောင်းသားတွေကလည်း “ ဆရာတို့ကို ကျနော်တို့က မိဘလိုသဘောထားပါတယ်။
ကျနော်တို့ကိုချစ်တယ်ဆိုရင် ကျနော်တို့ရဲ့ဆန္ဒကိုလည်း နားလည်ပေးပါ ဆိုပြီး ထိုင်ကန်တော့လိုက်ကြတယ်။ သူတို့နားချသလို ပြန်လိုက်သွားဖို့ မဖြစ်နိုင်တော့ဘူးမို့လား။
အသံ(၁၀)
ဒီအတိုင်းဆက်နေရင် ဆရာတွေရဲ့ အပျော့ဆွဲ သိမ်းသွင်းနည်းအောက်မှာ ကျနော်တို့ကျောင်းသားတွေ အားနာနာနဲ့ ပြန်သွားကြတော့မယ်။
ကျနော်တို့တတွေ လှည်းတန်းလမ်းဆုံကနေ ခွာဖို့ဆုံးဖြတ်လိုက်ကြတယ်။ ကြည့်မြင်တိုင်ဘက်ကိုဦးတည်လိုက်ကြပြီး မြို့ထဲကိုချီတက်လိုက်ကြတယ်။ ဆူးလေးဘုရားရှေ့မှာ ခေတ္တနားကြတယ်။ ဘုရားစေတီကြီးကို မျက်နှာမူကြတယ်။ ထိုင်ရှစ်ခိုးသစ္စာဆိုလိုက်ကြတယ်။ လူထုကလည်း ရှစ်လေးလုံးအရေးတော်ပုံတုံးကအတိုင်းပဲ။
တမြို့လုံးအုံးအုံးကြွက်ကြွက် လိုက်အားပေးကြတယ်။ အစားအသောက်တွေ၊ ရေတွေ တိုက်ကျွေးသူတွေကလည်း လမ်းတလျှောက်တွေ့နေရတယ်။ ကျနော်တို့တတွေ အမေရိကန်သံရုံးရှေ့မှာ ခေတ္တရပ်လိုက်တယ်။ တရားဟောကြတယ်။
ရန်ကုန်ဘူတာကြီးရှေ့မှာလည်းအဲ့ဒီအတိုင်းပဲ။ နယ်အသီးသီးကိုထွက်ခွာကြမဲ့ ခရီးသည်တွေကို ကျနော်တို့ရဲ့ လှုပ်ရှားမှုအကြောင်းပြောပေးပါဆိုတော့ ခရီးသည်တွေက လက်ခုပ်တီး အားပေးအော်ဟစ်ကြတယ်။
အသံ(၁၁)
ခင်ဗျားမှတ်မိလားမသိဘူး။ အဲ့ဒီလမ်းကြောင်းကိုပြတဲ့သူက ဆိုက္ကားပေါ်ကလူ၊ သူနဲ့ အဲ ချိန်းအချက်လုပ် မျက်ရိပ်မျက်ကဲ လုပ်နေသူတယောက်က ကျနော်တို့ကျောင်းသားအုပ်ထဲမှာ ရှိနေတယ်။ သူက ခြေတဘက်ထော့နဲ့ထော့နဲ့ နဲ့လေ။ ဒီနှစ်ယောက်က ဘယ်လိုပတ်သက်နေတာလဲ။ ပြန်စဉ်းစားကြည့်စမ်းပါ။
အသံ(၁၂)
ကျနော်တို့တတွေ ရွှေတိဂုံဘုရားတောင်ဘက်မုဒ်က ဦးထောင်ဘို့ လမ်းထဲကို ချိုးကွေ့ လိုက်တဲ့အချိန်မှာ၊ ခရာမှုတ်သံတွေကြားလိုက်ရတယ်။ ဆန္ဒပြကျောင်းသားအုပ်စုရဲ့နောက်မှာ လုံထိန်းရဲတွေက တန်းစီနေရာယူလိုက်ပြီး လမ်းကြောင်းတခုလုံးပိတ်ပစ်လိုက်တယ်။ ရွှေတိဂုံဘုရားမုဒ်ရှေ့မှာတော့ အချုပ်ကားတွေနဲ့ စစ်လုံထိန်းရဲတွေက ပိတ်ဆို့နေရာယူလိုက်တယ်။ မော်ကွန်းထိန်းနဲ့ ပါမောက္ခတွေက “ သားတို့ခဏရပ်ပါအုံးဆွေးနွေးစရာရှိလို့” ဆိုပြီးပြေးလာတယ်။
ကျနော်တို့ကလည်း အဲ့ဒီလမ်းဆုံကိုအမြန်ကျော်တက်သွားချင်တယ်။ ကျနော်တို့ပိတ်မိလို့မဖြစ်ဘူး။ ဒါပေမဲ့နောက်ကျသွားပြီ။ ကျောင်းသားတွေကို ဆရာတွေက အတင်းရပ်ခိုင်း၊ စကားပြောနေတုံးမှာ လုံထိန်းရဲတွေက လမ်းကြောင်းကို ပိတ်ဆို့လိုက်ပြီ။
အသံ (၁၃)
လူဖမ်းပွဲစတော့မယ်ဆိုတာ ကျနော်တို့ သဘောပေါက်လိုက်ကြပြီ။ ကျောင်းသားတော်တော်များများက အတွေ့အကြုံမရှိကြဘူးမို့လား။ မတ်လလှုပ်ရှားမှုမှာ အတွေ့အကြုံရှိတဲ့ သူတွေက အကုန်အဖမ်းမခံကြဖို့။ ခေါင်းဆောင်တချို့ဟာ လွတ်အောင်ထွက်သွားရမယ်လို့ တိုက်တွန်းအကြံပေးတယ်။ တချို့မရဘူး။ အကုန်လိုက်သွားမယ်တဲ့။ ကျောင်းသူတွေကို ရှေ့တက်ထိုင်ခိုင်းတယ်။ ညှိမရတော့လည်း အချိန်ကုန်ခံမနေတော့ဘူး။ ဒီလှုပ်ရှားမှုဟာ ဒီနေရာမှာ ဖမ်းဆီးချိုးနှိမ်ခံရပြီး မီးသေသွားလို့မဖြစ်ဘူး။ ဒီတိုက်ပွဲကို ဆက်မြှင့်မှဖြစ်မယ်။ ရွှေတိဂုံဘက်ဆီက တောင်ကုန်းမို့မို့လမ်းကလေးဆီကို ထွက်နိုင်မယ်ဆိုရင် ထွက်ပေါက်တွေ့နိုင်မယ်။
လုံထိန်းရဲတွေက သူတို့ရဲ့နံပါတ်ဒုတ်တွေနဲ့ရိုက်နှက်ဖို့ ညာသံပေး ပြင်ဆင်လိုက်ကြတဲ့ အချိန်မှာတော့ ကျနော်တို့တတွေလည်း ရွှေတိဂုံပတ်လမ်းဘက်ဆီကနေ ထွက်ပြေးခဲ့ကြတော့တယ်။ ဒီဇင်ဘာ (၃) ရက်နေ့မနင်းခင်းကြီးလေ။ အုတ်တံတိုင်းတွေကိုဘယ်လို ကျော်မိလဲမသိပါဘူး။ ဘုန်းကြီးကျောင်းပေါင်းများစွာကို ဖြတ်အပြီးမှာ လမ်းမပေါ်ရောက်သွားတယ်။ တွေ့တဲ့ဘတ်စ်ကားတစီးပေါ် တက်ပြီး အဆောင်ကိုပြန်ခဲ့တယ်။
အသံ (၁၄)
တကယ်တော့ ကျောင်းဆောင်တွေကို ပြန်သွားဖို့ဆိုတာ မလွယ်ကူတော့ဘူး။ ရွှေတိဂုံဘုရားရှေ့မှာ ဆန္ဒပြကျောင်းသားတွေကို ဘယ်လိုနှိမ်နှင်းပစ်ခဲ့တယ် ဆိုတဲ့အချက်ကို ဆရာတွေက သိပြီးလောက်ပြီထင်တယ်။ ဒါကြောင့်လည်း တက္ကသိုလ်ထဲမှာ ထပ်ပြီးကူးစက်မလာအောင် ကျောင်းတံခါးအားလုံးရှေ့မှာ ဆရာတွေကရပ်စောင့်နေတယ်။ အပြင်ကပြန်လာတဲ့ကျောင်းသားတွေကို ပြန်ဝင်ခွင့်မပေးတော့ဘူး။ ဒါကြောင့် တချို့ကျောင်းသားတွေက မြို့ထဲကိုပြန်သွားပြီး၊ အဆောင်ဖုံးတွေကို လှမ်းဆက်ကြတယ်။ အဆောင်မှူးက ဖုံးဆက်သူတွေကို မေးတဲ့အခါ မြို့ထဲက အမျိုးတွေက စိုးရိမ်လို့ဆက်တာဖြစ်ကြောင်း မိတ်ဆက်ကြတယ်။ ကျောင်းသားတွေ လာကိုင်တဲ့အခါကျမှ ရွှေတိဂုံဘုရားရှေ့မှာကျောင်းသားတွေ အဖမ်းခံလိုက်ရပြီဖြစ်ကြောင်း အသိပေးလိုက်ကြတယ်။ လွတ်မြောက်ရေးအတွက် ပြန်လည်လူစုကြဖို့တိုင်ပင်ကြပြန်တယ်။ တချို့က ကျောင်းရဲ့အရှေ့မြောက်ဘက်မှာရှိတဲ့ ကြို့ကုန်းဘက်က အပေါက်ကနေ ကျောင်းထဲကို ပြန်လည်ခိုးဝင်ခဲ့ကြတယ်။ အဆောင်ကို ပြန်ရောက်တော့ မနက်လင်းတော့မယ်လေ။
အသံ (၁၅)
ရွှေတိဂုံဘုရားရှေ့မှာရောက်သွားကြတဲ့ ကျောင်းသားတွေအပါအဝင်၊ ရန်ကုန်မြို့ထဲတလျှောက် ဆန္ဒပြလမ်းလျှောက်ရမှာ ပါဝင်ခဲ့သူ စုစုပေါင်း (၆၀၉) ယောက် အဖမ်းခံလိုက်ရပြီဆိုတဲ့ သတင်းကြောင့် စာသင်ခန်းမှာရောက်နေတဲ့ ကျောင်းသားတွေအားလုံး ပင်မအဆောက်အဦးအောက်ဆီကို ဆင်းလာကြတယ်။ ဘယ်သူမှ စာဆက်သင်မနေကြတော့ပါဘူး။
ဖမ်းဆီးခံကျောင်းသားတွေကို ချက်ချင်းလွှတ်ပေးဖို့အတွက် ဆန္ဒပြပွဲတွေ ဆက်လက်လုပ်ဆောင်ကြမှာဖြစ်ကြောင်း ကြေငြာလိုက်ကြတယ်။ မှတ်မှတ်ရရ-အဲ့ဒီလှုပ်ရှားမှုမှာ မန္တလေးစက်မှုတက္ကသိုလ်က ပြောင်းလာတဲ့ ကျောင်းသားတွေရဲ့ အင်အားက အများဆုံးပဲ။ ကျောင်းဆောင်တွေထဲမှာလည်း ပွက်လောရိုက်နေပြီ။ မနက် (၁၀)နာရီကျော်ကတည်းက ကျောင်းဝင်းအတွင်းမှာ လှည့်လည်ဆန္ဒပြနေကြပြီ။ မကြာဘူး။ ဒု-မော်ကွန်းထိန်း ဦးသန်းစိန် က သတင်းကောင်းတခုသယ်လာတယ်။
မနက်အစောကြီးက ဖမ်းသွားတဲ့ကျောင်းသားတွေကို ကျိုက္ကဆံကွင်းထဲမှာ ထိန်းသိမ်းထားတာတဲ့။
မကြာခင်ပြန်လွှတ်ပေးမှာမို့၊ ကျောင်းကို နေ့လည် (၁၂) နာရီလောက်မှာ ပြန်ရောက်လာလိမ့်မယ် တဲ့။
သူပြောသလိုပါပဲ ကိုစိုးထွန်း ( ယ္ခု ရှစ်လေးလုံးမျိုးဆက်) အပါအဝင် RIT ကျောင်းသား (၇၅) ယောက်လောက်ပြန်လွတ်လာကြတယ်လေ။ ကျောင်းသားတွေကလည်း အလံတွေကို အမြင့်ဆုံးထိလွှင့်ပြီး အော်ဟစ်နေကြတယ်။
ဒါ ကျနော်တို့ရဲ့ ရန်ကုန်စက်မှုတက္ကသိုလ်လေ။ တိုက်ပွဲတွေနဲ့မြည်ဟိန်းနေတဲ့ ပင်မအဆောက်အဦး ( Building 1)
အသံ (၁၆)
ကျောင်းသားဆန္ဒပြပွဲတွေက ရပ်မသွားပါဘူး။တခြားမြို့တွေကိုလည်းကူးစက်ကုန်ပြီ။ မော်လမြိုင်၊ ပဲခူး၊ မန္တလေး၊မုံရွာ–ဘက်တွေမှာလည်း စာရွက်ကြဲလူစုဖို့လုပ်နေကြပြီ။ တကယ်တော့ ၁၉၉၆ ဆိုတာ မြန်မာပြည်ကို နိုင်ငံခြားသားတွေ လာလည်ဖို့အတွက် ခရီးသွားနှစ်အဖြစ် သတ်မှတ်ထားတဲ့နှစ်လေဗျာ။ ဒီနှစ်မှာ ဗိုလ်ခင်ညွှန့် မျှော်လင့်မထားတဲ့တိုက်ကွက်ကို ကျောင်းသားတွေကရွေ့ကစားလိုက်တယ်။ နိုင်ငံခြားခရီးသွားတွေမလာပဲ ကျောင်းသားဆန္ဒပြပွဲ အော်သံတွေသာ ဆူညံလာခဲ့တယ်။
ရန်ကုန်တက္ကသိုလ်ရှေ့နဲ့လှည်တန်းလမ်းဆုံမှာ ကျောင်းသားခေါင်းဆောင်တွေရဲ့ မိန့်ခွန်းတွေက ကျောင်းသားထုကို လွှမ်းမိုးထားဆဲ။ စစ်အစိုးရအနေနဲ့လည်း ဆက်လက်ခွင့်ပြုထားဖို့ မဖြစ်နိုင်တော့ဘူး လို့ ဆုံးဖြတ်လိုက်ပုံရတယ်။
ဒီဇင်ဘာ (၆)ရက်ညဦးပိုင်းကစပြီး တက္ကသိုလ်အသီးသီးက ကျောင်းသားတွေဟာ လှည်းတန်းလမ်းဆုံဆီကိုပြန်လည်ရောက်ရှိလာကြပြန်တယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရုပ်ပုံကားချပ်ကြီးကို ကိုင်ဆောင်ထားကြတဲ့ လူငယ်တွေက ကျောင်းသားထုအခွင့်အရေးနဲ့
ကျောင်းသားသမဂ္ဂဖွဲ့စည်းရေးကို တောင်းဆိုခဲ့ကြပြန်တယ်။ စစ်ထောက်လှမ်းရေးတွေကလည်း အများကြီးပဲ။ သူတို့က စင်ပေါ်မှာတက်စကားပြောနေတဲ့ ကျောင်းသားတွေထက်၊ ဘေးကနေ စီစဉ်ပေးနေတဲ့သူ ဘယ်သူလဲဆိုတာကိုပဲ လိုက်ရှာကြည့်နေကြတယ်။
ထုံးစံအတိုင်း လုပ်ကြံသတင်းတွေနဲ့ ဇာတ်လမ်းဆင်ပြီး သတင်းစာရှင်းလင်းပွဲ လုပ်မလို့မို့လား။ ဆရာတွေကလည်းရောက်လာပြီး စစ်တပ်ဟာ ဖြိုခွဲမှာဖြစ်ကြောင်း။ ဆရာတို့လာခေါ်နေတဲ့အချိန်မှာ မလိုက်ရင်၊ နောင်ဖြစ်လာမဲ့အကျိုးဆက်တွေကို တာဝန်မယူနိုင်ကြောင်း ရှင်းလင်းပြောဆိုတယ်။ ညသန်းခေါင်ကျော်သွားပြီ။ လှည်းတန်းလမ်းဆုံမှာရှိတဲ့ ဆိုင်တွေကလည်း အစားအစာနဲ့ သောက်ရေတွေကို ကူညီပြီးထောက်ပံ့နေဆဲပဲ။ နောက်မှ သိရတယ် အဲ့ဒီဆိုင်တွေလည်း ချိတ်ပိတ်ခံရ၊
ကျောင်းသားဆန္ဒပြပွဲကို ကူညီခဲ့တဲ့သူတွေလည်း စီးပွားဖျက်ဆီးခံရ၊ ထောင်သွင်းအကျဉ်းကျခံရတယ်။
မနက်(၄း၃၀)လောက်ကစပြီး၊ ကျောင်းသားအုပ်ကိုဖြိုခွဲမဲ့ အဓိကရုဏ်းနှိမ်နှင်းရေးရဲတွေက တဖြည်းဖြည်းကပ်လာပြီ။ မနက်ငါးနာရီထိုးလောက်မှာ ကျနော်တို့ ကျောင်းသားအုပ်ကို မီးသတ်ပိုက်နဲ့ပက်ပြီး ဖြိုခွဲတယ်။ နံပါတ်တုတ်တွေနဲ့ ဝင်ရောက်ရိုက်နှက် ဖမ်းဆီးလိုက်ကြတော့တယ်။
လှည်းတန်းမှာ ကျောင်းသားတွေရိုက်နှက်ဖမ်းဆီးခံနေရပြီလို့ကြားတဲ့ ကြို့ကုန်းဆောင်က ကျောင်းသားအုပ်တွေကလည်း လှည်တန်းလမ်းဆုံဆီကို အကူအညီပေးဖို့ ချီတက်ခဲ့ကြတယ်။ သမိုင်းလမ်းဆုံ နဲ့ ဆင်ရေတွင်းမှတ်တိုင်တွေမှာ အဓိကရုဏ်းနှိမ်နှင်းရေးရဲတွေနဲ့ ထိပ်တိုက်ရင်ဆိုင်လိုက်ကြရတယ်။ လူထုက ရဲတွေကို ခဲနဲ့ ပစ်ပေါက်ခဲ့ကြတဲ့အတွက်ကျောင်းသားတွေ လွတ်ထွက်သွားခဲ့တယ်။ လှည်းတန်းလမ်းဆုံက ကျောင်းသားတွေကိုတော့ မီးသတ်ပိုက်တွေနဲ့ဖြိုခွဲပြီး ဖမ်းဆီးခေါ်ဆောင်သွားနိုင်ခဲ့တယ်။
အသံ (၁၇)
ကျောင်းသားတချို့ မျှော်လင့်ထားသလို၊ တနိုင်ငံလုံးဆီပြန့်နှံ့သွားမဲ့ အထေအွ ထွေသပိတ်အထိတော့ ရောက်မသွားခဲ့ပါဘူး။ ဒါပေမဲ့ မျိုးဆက်တခုနဲ့ တခုအကြား လက်ဆင့်ကမ်း သယ်ဆောင်လိုက်ကြတဲ့ ပွဲတပွဲလို့ပြောရင်မမှားဘူး။ စစ်ထောက်လှမ်းရေးတွေက ၁၉၈၈ အရေးတော်ပုံမှာ ပါဝင်ခဲ့တဲ့ ကျောင်းသားတွေဟာ အဓိကသွေးထိုးလှုံ့ဆော်သူတွေဖြစ်တယ်လို့စွပ်စွဲခဲ့တယ်။
ကျောင်းဝင်နံပါတ်တွေကိုကြည့်ပြီး သံသယရှိသူတွေအားလုံးကို စတင်ဖမ်းဆီးလိုက်တယ်။ ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်စက်မှုတက္ကသိုလ်အပါအဝင် နယ်အသီးသီးက ကျောင်းသားတွေ ရာချီပြီးအဖမ်းခံခဲ့ရတယ်။ အစိုးရစာရင်းတွေအရတော့ ဒီဇင်ဘာ (၇)ရက်နေ့မနက်မှာ ဖမ်ဆီးခဲ့တဲ့ ကျောင်းသားအရေအတွက် (၂၆၄)ယောက်ရှိတယ် လို့ဆိုတယ်။ ကျနော်တို့အထင်တော့ (၄၀၀) ကျော်မယ်။
ဒီဇင်ဘာ (၈) ရက်နေ့မှာ ကျန်ရစ်ခဲ့တဲ့ကျောင်းသားတွေက ရန်ကုန်တက္ကသိုလ်ပင်မမှာ ဆန္ဒပြပွဲထပ်မံကျင်းပကြတယ်။ ဗိုလ်ချုပ်ဈေးနဲ့ သိမ်ကြီးဈေးထဲမှာ ဆက်လက်တရားဟောခဲ့ကြတယ်။ အကန့်အသတ်မရှိ ကျောင်းပိတ်လိုက်ပြီ ဆိုပြီး အဆောင်မှာနေထိုင်တဲ့ကျောင်းသားတွေ တရက်အတွင်းအိမ်ပြန်ကြဖို့ ကျောင်းအာဏာပိုင်တွေက အမိန့်ထုတ်ကြေငြာခဲ့တယ်။
အဆောင်မှာက လူ(၂၂) ယောက်ပဲကျန်တော့တယ်လေ။ စစ်ထောက်လှမ်းရေးတွေက တယောက်ပြီးတယောက်လာဆွဲနေပြီ။
ကျနော်တို့လည်း ရန်ကုန်က ခွာမှဖြစ်တော့မယ်ဆိုတာ သဘောပေါက်နေကြပြီ။ ၁၉၉၆ ဒီဇင်ဘာကျောင်းသားလှုပ်ရှားမှုဟာ အကျအဆုံးများခဲ့ပေမဲ့ မျိုးဆက်တွေကြားမှာမီးညွှန့်တွေကို ပေါင်းကူးပေးခဲ့တဲ့ ဆောင်းညတွေဖြစ်ခဲ့တယ်လေ။ မနက်လင်းအားကြီးအချိန်ရောက်လာတိုင်း နံပါတ်ဒုတ်တွေနဲ့ပြေးဝင်လာတဲ့ စစ်ဖိနှပ်သံတွေကို မှတ်မိကြနေလိမ့်မယ်လို့ ယုံကြည်နေပါတယ်။ ယမ်းနံ့တွေကြားမှာ အိမ်ပြန်ဖို့ကြိုးစားနေတဲ့ ကျနော်လိုကျောင်းသားတွေ အများကြီးရှိနေမယ်ဆိုတာ အမှန်ပါ။
အောင်မိုးဝင်း
အရေးကြီးတဲ့အချက်တချက်
ဒီဇင်ဘာကျောင်းသားလှုပ်ရှားမှုမတိုင်ခင်ကတည်းက ရန်ကုန်စက်မှုတက္ကသိုလ်နယ်မြေအတွင်းမှာ ပြဿနာပေါင်းများစွာ တည်ရှိနေခဲ့ပါတယ်။ ပြဿနာအမျိုးအစား (၄) မျိုးထက်မနည်းရှိခဲ့တယ်။
၁၉၉၁ နိုဘယ်ငြိမ်းချမ်းရေးဆုထောက်ခံဆန္ဒပြပွဲလည်းပြီးရော အထက်ဗမာပြည်က ကျောင်းသားတွေအတွက် မန္တလေးစက်မှုတက္ကသိုလ်ကိုဖွင့်ပေးလိုက်ပြီး လူစုခွဲလိုက်တယ်။ ဒါပေမဲ့ ၁၉၉၅ မှာ မန္တလေးစက်မှုတက္ကသိုလ် ၊ပဉ္စမနှစ် (လျှပ်စစ်) နဲ့ (မြို့ပြ) အတန်းတွေကို ဆက်လက်ဖွင့်နိုင်ဖို့အတွက် လုံလောက်တဲ့ကျောင်းဆရာန့စဲ က်ပစ္စည်းတွေရှိမနေဘူး။ ဒါကြောင့်သူတို့တတွေ ရန်ကုန်စက်မှုတက္ကသိုလ်မှာ ကျောင်းပြန်လာတက်ရတယ်။ အဲ့ဒါဟာ ပြဿနာရဲ့အစလို့ထင်တယ်။ ရန်ကုန်စက်မှုတက္ကသိုလ်ကို ကျောင်းလာတက်ရတဲ့ မန္တလေးစက်မှုတက္ကသိုလ်ကျောင်းသားတွေက ဧည့်သည်တွေလိုမျိုးပါပဲ။
အတန်းထဲမှာ ကျောင်းခေါ်ချိန်အတွက် လက်မှတ်ထိုးစာရွက်ပေးတဲ့အခါ နှစ်မျိုးနှစ်စားဖြစ်နေတယ်။
ရန်ကုန်စက်မှုတက္ကသိုလ်နဲ့ မန္တလေးစက်မှုတက္ကသိုလ်ဟာ ခွဲခြားဆက်ဆံခံနေရတယ်လို့ အဲ့ဒီကျောင်းသားတွေက ခံစားခဲ့ကြရတယ်။
ဒါက ကြို့ကုန်းဆောင်ကျောင်းသားထုကြားမှာ မကျေနပ်မှုဖြစ်နေတဲ့အချက်တချက်၊ ဒုတိယအချက်ကတော့ ကျောင်းဝင်းအတွင်းမှာ နံပါတ်(ဖိုး) ရောင်းချနေတဲ့ကိစ္စ၊ တချို့ကျောင်းသားတွေဆို လက်ဘက်ရည်ဆိုင်ထဲမှာ ဆေးမူးနေတယ်။
စစ်ထောက်လှမ်းရေးက တရားဝင်လာရောက်ရောင်းချနေတယ်ဆိုတဲ့ သံသယစိတ်ကြောင့် ကျောင်းသားထုဟာ ပါမောက္ခတွေ၊ အဆောင်မှူးတွေကို ဖိအားပေးနေခဲ့ကြတယ်။ တတိယအချက်က- ပါမောက္ခဦးကြင်စိုးရဲ့ ကျောင်းဆောင်ဆိုင်ရာစည်းမျဉ်း စည်းကမ်းတွေ၊ ည(၉) နာရီကျော်ရင် ဂစ်တာမတီးရ၊ အမျိုးသမီးဆောင်ရှေ့မှာ သွားရောက်မသီဆိုရ ဆိုတဲ့တားမြစ်မှုတွေက
ကျောင်းသားတွေကို စိတ်အနှောက်အယှက်ဖြစ်နေတယ်။ စတုတ္ထအချက်ကတော့ ကျောင်းဆောင်တွေထဲမှာ ကျောင်းသားချင်း ရိုက်ပွဲတွေ ခဏခဏဖြစ်ခဲ့ကြတယ်။ ( ကျောင်းသားနဲ့အရပ်သားကြားမှာဖြစ်ခဲ့တဲ့ ရန်ပွဲတွေကလည်း ၁၉၉၅-၉၆ ကာလတလျှောက် အများဆုံးဖြစ်မယ်ထင်တယ်)။ ကျောင်းသားထုဟာ ဒီအခြေအနေတွေကို မကျေမနပ်ဖြစ်နေချိန်မှာ ဒီဇင်ဘာကျောင်းသားလှုပ်ရှားမှုကို ဖြစ်ပေါ်စေတဲ့ မီးပွားတွေပေါ်လာခဲ့တယ်။ ကြို့ကုန်းဆောင် (F) နဲ့ ( A ) ဆောင်အတွင်းက အစည်းအဝေးမှတ်တမ်းတွေကို သိမ်းထားပေးတဲ့ စင်္ကာပူ နဲ့ နယူးဇီလန်မှာ ရောက်ရှိနေတဲ့ သူငယ်ချင်းတွေ ကို ကျေးဇူးတင်ပါတယ်။
ပြည်ထောင်စုဆိုင်ရာ တပိုင်းတစအမြင် ” ရဲဘော်ကျော်သန်း”