Saturday, December 11, 2010

ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ခြင်း အပိုင်း (၃)

မွန်ကိုယ်စားလှယ် တင်ပြချက်သည် ဗမာလူမျိုးများအားလုံး စဉ်းစားရမည့် အချက်ဖြစ်ပါသည်။ မြန်မာဟုဆိုဆို ဗမာဟုဆိုဆို ၎င်းနံမည်သည် ဗမာလူမျိုးများကို အဓိက ဇောင်းပေး မှည့်ခေါ်ထားသော နံမည်ဖြစ်ပါသည်။ ထိုကြောင့် အများသဘောတူသည့် နိုင်ငံ့အမည်ကို အနာဂါတ် ခေါင်းဆောင်များ စဉ်းစားဘို့လိုလာပါသည်။ စစ်မှန်သော ဖယ်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ချင်လျှင် ဗမာလွှမ်းမိုးမှုကို ပယ်ဖျက်ရာ၌ နိုင်ငံအမည်သည်လည်း အဓိက ပြောင်းလဲရန် လိုအပ်နေသည်ဟု ထင်ပါသည်။

မြန်မာပြည်ဖွား ကိုယ့်လူများသည် မိမိကိုယ်ကို အလွန်သိဒ္ဓိတင်လေ့ရှိသူများ ဖြစ်သည်။ ကိုရီးယားများကို ကကြီးဟု၎င်း၊ ဂျပန်များကို ခွေးဟု၎င်း၊ မိမိကိုယ်ကို ရွှေဟုလည်းကောင်း တင်စားကြပါသည်။ ထို့ကြောင့် ကျွန်တော် အကြံထွက်သည်မှာ မြန်မာနိုင်ငံကို “သုဝဏ္ဏဘူမိ” ခေါ်ရင်ကော တိုင်းရင်းသားအများစုက ကြေနပ်ကြပါမည်လားဟု မေးချင်ပါသည်။ သုဝဏ္ဏ= ရွှေ၊ ဘုမ္မိ= မြေ၊ ရွှေမြေဟု အဓိပ္ပါယ်ရသည်။

ဤသည်က တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို ရှေးရှု၍ တတ်သလောက်နှင့် စိတ်ကူးယဉ် တင်ပြချက်သာ ဖြစ်ပါသည်။ တိုင်းပြည်အမည်ကို န၀တ/ နအဖ တို့က ပြည်သူ့ဆန္ဒမပါဘဲ ပြောင်းလိုပြောင်း၊ အလံတော်ကို ဖြုတ်လိုဖြုတ် လုပ်နေသော်လည်း အကယ်၍ ဖယ်ဒရယ်စစ်စစ် တည်ဆောက်ရာတွင် ပြည်တွင်းရှိ လူအားလုံး၏ သဘောဆန္ဒကို ခံယူ၍ အများကြေနပ်သော အမည်ကို လက်ခံရယူခြင်းသာလျှင် အကောင်းဆုံးဖြေရှင်းခြင်း ဖြစ်ပါလိမ့်မည်။

ဗမာလူမျိုးကြီးကို မယုံကြည်ခြင်း၊ လူအင်အားများသော ဗမာများက မိမိပြည်နယ် ငယ်လေးကို ဖိအားသုံး အနိုင်ကျင့်ခြင်းမှ လွတ်ကင်းရန်ဟု ကြံရွယ်ကာ တိုင်းရင်းသား ခေါင်းဆောင်များက ပြည်မကို ပြည်နယ်တနယ်အဖြစ် သတ်မှတ်ရေးကို ၁၉၆၂ ခုနှစ် ဖေဖေါ်ဝါရီလတွင် ကျင်းပပြုလုပ်ခဲ့သည့် အမျိုးသားနှီးနှော ဖလှယ်ပွဲတွင် အဆိုပြုခဲ့သည်ကို ဖော်ပြခဲ့ပြီးဖြစ်သည်။ ထိုအချက်က တိုင်းရင်းသားများက ပြည်မ၏ သြဇာအာဏာကို ထိမ်းချုပ်ရန် ကြိုးပမ်းမှုပင် ဖြစ်သည်။

ထိုသို့ဖြစ်ရခြင်းမှာ လူမျိုးရေးအမြင်ဖြစ်သော ရှမ်း၊ ဗမာ၊ ကရင်၊ ကချင်စသည့် အစွဲများရှိနေပြီး ဗမာမုန်းတီးရေး (သို့) ဗမာဆန့်ကျင်ရေးစိတ်ဓာတ်များ တိုင်းရင်းသားခေါင်းဆောင်များတွင် ကိန်းဝပ်နေခဲ့၍ ဖြစ်သည်။ ပြည်နယ်များနှင့် ပြည်မဟူသည့် ကွဲပြားမှုက အားပြိုင်မှုကို ဖြစ်စေခဲ့သည်။ ထိုကိစ္စသည် ဗမာအများစုက လက်ခံကျင့်သုံးနိုင်သည့် တောင်းဆိုမှုဟု မထင်ပါ။ ပြည်နယ်အားလုံး စုပေါင်းထားသော လူဦးရေထက် များနေသော ဗမာအုပ်စုကို တပြည်နယ်တမဲစံနစ်နှင့် သွားမည်ဆိုသည်က ဗမာများက လက်သင့်ခံမည့်စံနစ် မဟုတ်ချေ။

အဓိကပြဿနာမှာ လူမျိုးစု အခြေခံသည့် ပြည်နယ်များ ဖြစ်နေကြ၍ ဖြစ်သည်။ ရှမ်းပြည်နယ် တခုတည်းတွင်ပင် ပြဿနာများစွာ ရှိသည်။ ကျွန်တော်၏ ဖြေရှင်းချက်သည် တုံးတိတိဖြစ်ကောင်း ဖြစ်ပေလိမ့်မည်။ သို့ရာတွင် ပြည်နယ်ပြည်မ ပြဿနာများအားလုံးကို ဖြေရှင်းပေးနိုင်မည့် တခုတည်းသော ဖြေရှင်းနည်း ဖြစ်သည်ဟု မြင်သဖြင့် တင်ပြပါမည်။

မိမိတို့ လူမျိုးစုအတွက်လည်း မိမိလူမျိုးစုပြည်နယ် လိုချင်ပါသည်ဟူသော တောင်းဆိုမှုကို ပြေပျောက်စေပါလိမ့်မည်။ ရှမ်း(ကမ္ဘောဇ) ပြည်နယ်တွင်း နေထိုင်သူများအားလုံးက မိမိယုံကြည် အားထားသူကို ခေါင်းဆောင်တင်၍ ပြည်နယ်အစိုးရ ဖွဲ့နိုင်ခွင့်ရှိရမည်။ ထိုအခါ ထိုပြည်နယ်ရှိ ပြည်သူများက ပအို့ဝ်လူမျိုးကို ကြိုက်လျှင် ထိုပအို့ဝ်လူမျိုးသည် ကမ္ဘောဇပြည်နယ်၏ ခေါင်းဆောင် ဖြစ်လာပေမည်။ ထိုခေါင်းဆောင်သည် ထိုပြည်ရှိ ရှမ်းလူမျိုးတို့၏ ခေါင်းဆောင်လည်း ဖြစ်သည်။

ထို့အတူ လူမျိုးစု ပြည်နယ်များဖြစ် သော ချင်း၊ ကချင်၊ ကရင်၊ မွန်၊ ရခိုင်ပြည်နယ် တို့ကိုလည်း လူမျိုးစွဲပြည်နယ်များ အဖြစ်မှ နယ်မြေကို အခြေပြုသည့် ပြည်နယ်များအဖြစ် ပြောင်းလဲရမည် ဖြစ်သည်။

ထို့အတူ ပြည်မရှိ တိုင်းရင်းသားကိုလည်း တိုင်းအဖြစ်မှ ပြည်နယ်အဖြစ် ပြောင်းလဲ သတ်မှတ်ခြင်းဖြင့် မြန်မာနိုင်ငံတွင် တိုင်းနှင့်ပြည်နယ်ဟူ၍ ကွဲပြားမှု မဖြစ်တော့ဘဲ ပြည်နယ် (၁၄) ပြည်နယ်ဖြင့် ဖွဲ့စည်းထားသော ဖယ်ဒရယ်ပြည်ထောင်စုအဖြစ် အကောင်အထည် ပေါ်လာမည် ဖြစ်သည်။

အမေရိကန် ပြည်ထောင်စု၏ ဖယ်ဒရယ်စံနစ်သည် လူမျိုးစုတို့ကို အခြေမခံဘဲ ပြည်နယ်အခြေခံ၍ တည်ဆောက်ထားခြင်းကြောင့် မည်သည့်လူမျိုးစု ပြဿနာမှ ကြီးကြီးကျယ်ကျယ် မကြုံတွေ့ရသော်လည်း လူဖြူလူမဲ ပြဿနာကတော့ အကျွင်းအကျန်အဖြစ် ရှိနေသေးသည်။ လူဖြူလူများစုက အခွင့်အရေးပို၍ ရနေခြင်း၊ အလုပ်အကိုင် အခွင့်အလမ်း ပိုရနေခြင်းကို ထိန်းညှိရန်အတွက် Minority Rights ကို ဥပဒေထဲတွင် လည်းကောင်း ပြည်နယ်အုပ်ချုပ်ရေးအတွက် လည်းကောင်း ထည့်ပေးထားခြင်းဖြင့် လူနည်းစုများ အခွင့်အရေးကို ကာကွယ်ပေးသည်။ မည်သည့်ဥပဒေ၊ နည်းဥပဒေတို့ဖြင့် လူနည်းစု လူမျိုးစုတို့ကို မြှင့်တင်ပေးမည်ဆိုသည်ကို နောင်တိုင်းရင်းသားပေါင်းစုံ ညီလာခံကြီးတွင် ဆွေးနွေးညှိုနှိုင်းကြဘို့ လိုသည်။

ခေတ်သစ်ပင်လုံစာချုပ်

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဗမာအဖွဲ့အစည်းများ တက်ရောက်သည့် မဲသရောထဆွေးနွေးပွဲမှ ကြေငြာချက် ထုတ်ပြန်ခဲ့ခြင်းအပေါ် ထိုမဲသရောထ ကြေငြာစာတမ်းနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က ပင်လုံညီလာခံဟာ တိုင်းရင်းသား ခေါင်းဆောင်များက စာရွက်ပေါ်မှာတင် ရေးထိုးခဲ့ကြတာမဟုတ် ၎င်းတို့ရဲ့ နှလုံးသားပေါ်မှာ စည်းလုံးညီညွတ်မှုကို ယုံကြည်ပါတယ်ဆိုပြီး ထိုးထားတဲ့ စာချုပ်ဖြစ်သည်။

ယ္ခုအချိန်မှာ စစ်မှန်တဲ့ တိုင်းရင်းသား ညီညွတ်မှုကို မစွမ်းဆောင်နိုင်တဲ့အတွက် ပြည်ထောင်စုလို့ အခေါ်ရ ခက်နေပါသည်ဟု ၀န်ခံခဲ့သည်။ ဒါကြောင့် စစ်မှန်တဲ့ ညီညွတ်ရေးကို တည်ဆောက်နိုင်ဘို့အတွက် တိုင်းရင်းသားညီအစ်ကို မောင်နှမတွေဟာ မိမိတို့ မကြေနပ်မှုတွေ၊ သဘော မတူညီမှုတွေကို ပွင့်ပွင့်လင်းလင်းအန္တရာယ်မရှိဘဲနဲ့ တင်ပြပေးနိုင်တဲ့ ဆွေးနွေးမှုရှိတဲ့ စံနစ်တခုရှိဘို့ လိုတယ်လို့ ပြောကြားခဲ့ပါသည်။ တိုင်းရင်းသားတွေ ပြည်ထောင်စုပေါ်မှာ ယုံကြည်မှု ကင်းမဲ့လာတာက အင်မတန်ဝမ်းနည်းဘို့ ကောင်းတယ်လို့ ရင်ဖွင့်ခဲ့ပါသည်။

မဲသရောထကြေငြာချက်မှာပါတဲ့ တိုင်းရင်းသားများ လိုလားချက်ဖြစ်သည့်-

(၁) စစ်အာရှင်စံနစ်ဖျက်သိမ်းပြီး ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရန်။

(၂) ဒီမိုကရေစီနိုင်ငံရေးစံနစ် ကျင့်သုံးရန်။

(၃) လူမျိုးတိုင်းတန်းတူ အခွင့်အရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများရရှိရန်။

(၄) ဖယ်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရန် တို့ဖြစ်သည်။

ထွန်းအောင်ကျော်

0 comments:

Share & Enjoy

Twitter Delicious Facebook Digg Stumbleupon Favorites More