ဇန်န၀ါရီလ ၂၀ ရက်နေ့ အာရုဏ်ဆွမ်း ဆွမ်းခံနေချိန် နံနက် ၆ နာရီလောက်မှာ ဦးဇင်းအပါအင် မြန်မာသံဃာတော် ၁၀ ပါး လောက်ကို နေထိုင်ခွင့်လက်မှတ်မရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းခံရတယ်။ မြို့လယ်က ၀ပ်ချန်ဖုန်း ဆိုတဲ့ ဘုန်းကြီး ကျောင်းကို ကားနဲ့ တင်ခေါ်သွားတယ်။ ကျန်တဲ့ သံဃာတော်တွေက သူ့တို့ ကျောင်းတွေက လာပြန်ရွေးသွားလို့ ပြန်လွှတ်ပေး လိုက်ပေမယ့် ဦးဇင်းအပါအ၀င် သံဃာ ၅ ပါးကိုတော့ လက်မှတ်မရှိဘူးဆိုတဲ့ အကြောင်းပြချက်တခုတည်းနဲ့ ချက်ခြင်း သိက္ခာချ လူဝတ်လဲဖို့ လုပ်တယ်။ အာဏာပိုင်အဖွဲ့အစည်းလား (လ၀က ထင်တယ်) အဲဒီလူတွေက အတင်း သင်္ကန်း တွေ အတင်းဆွဲ ချွတ်ကြတယ်။ ဦးဇင်းကတော့ သိက္ခာချတာကို ရိပ်မိလို့ လိုက်လည်း မဆိုသလို လူဝတ်လည်း အလဲ မခံတော့ နောက်ဆုံး သင်္ကန်းဝတ်နဲ့ပဲ ကျန်တဲ့ လူဝတ်လဲခံရတဲ့ (၄)ပါးနဲ့အတူ အဲဒီမနက်ပိုင်းမှာပဲ မြန်မာထိုင်း နယ်စပ်တံတားနားက လ၀က ရုံးကို ပို့လိုက်တယ်။
လ၀က ရုံးရောက်တော့ ဦးဇင်းကို သင်္ကန်းအတင်းချွတ်ပြီး ကျန်တဲ့ ကိုယ်တော်တွေနဲ့အတူ အချုပ်ခန်းထဲ ထည့်လိုက်တယ်။ ညနေ ၅ နာရီ အထိ နေခဲ့ရသမျှ ဘာ အစားအစာ၊ ရေတောင် အကပ်မခံရဘူး။ နားလည်မှုရှိတဲ့ ကိုအောင်ထွန်းမြင့်ဆိုတဲ့ တကာတယောက်က ဆွမ်းလာကပ်လို့သာ ဆွမ်းမငတ်ခဲ့ရတာပေါ့။
ညနေ ၅ နာရီလောက်ကျတော့ မြန်မာဖက်ခြမ်းကို အပို့ခံရတယ်။ အားလုံး ယောင်္ကျား၊ မိန်းမ လူစုံ အယောက် ၅၀ လောက် ရှိမယ်။ တဖက်ကမ်းက နယ်ခြားစောင့်ခေါ်မလား၊ ဒီကေဘီအေလား ဘာလား အဲဒီလက်ထဲအပ်တယ်။ ဗိုလ်ချစ်သူတို့ အဖွဲ့လား ဘာလား သေချာတော့ ဦးဇင်းမသိဘူး။
အဲဒီဖက်ရောက်တော့ တာဝန်ယူလက်ခံတဲ့သူက အမျိုးသမီး။ လူကြီးကတော်လားဘာလားတော့ မသိဘူး။ သြဇာ အာဏာတော့ ရှိတယ်။ သူက လူဝတ်လဲခံထားရတဲ့ သံဃာတော်တွေ ပါလာမှန်းလည်းသိတယ်။ ဒါပေမယ့် ဘာသာရေးအရ အရိုအသေတွေ မရှိသလို ဘာအကူအညီမှ မရတဲ့အပြင် လူမျိုးအလိုက် ခွဲပြီး ခေါ်ထုတ်တယ်။ ကရင်က သပ်သပ်၊ မွန်ကသပ်သပ်၊ ဗမာက သပ်သပ်ပေါ့။ ဦးဇင်းလည်း ကရင်လူမျိုးပါ။ ဒါပေမယ့် ကရင်စကားမတတ်တော့ ဗမာအုပ်စုတွေနဲ့ အတူ နေရပြီး အများနည်းတူ နေခဲ့ရတယ်။ ဦးဇင်းငယ် ၂ ပါးကတော့ ဘယ်လိုအခြေအနေကြောင့်မသိဘူး။ ခေါ်ထုတ်သွားတယ်။ နောက်တပါးကိုလည်း သူ့ တကာတချို့က လာရွေးသွားလို့ ဦးဇင်းတို့ ၂ ပါးပဲ ည ၉ နာရီအထိ ဒုက္ခခံနေရတယ်။
မဲဆောက်ကျောင်းကြီးကျောင်းက ဦးပညာသီဟနဲ့ တကာကိုအောင်ထွန်းမြင့်တို့က ဒီအကြောင်းသိတော့ မဲဆောက်ကနေ မြ၀တီဂိတ်အထိလာပြီး ဦးဇင်းနဲ့ ဦးဇင်း မိတ်ဆွေ နောက်တပါးကို ည၉ နာရီလောက်မှာ ငွေပေးပြီး လာရွေးတော့မှပဲ ပြန်လွှတ်ပေးလိုက်တယ်။ လာရွေးတဲ့သူက သင်္ကန်း ၂ စုံပါ ယူခဲ့ပေးတာကြောင့် ဦးဇင်းတို့ သင်္ကန်းပြန်ဝတ်ပြီး မြ၀တီက ဘုန်းကြီးကျောင်းမှာ သွားတည်းခဲ့ရတယ်။ အဖြစ်အပျက်က တော့ ဒါပဲ..။
ဒီအဖြစ်အပျက်အပေါ် ဦးဇင်းအဓိက ပြောချင်တဲ့အချက် တချို့ရှိတယ်။ ပထမ တချက်က ထိုင်းဖက်က ကိုင်တွယ်ဖြေရှင်းမှု ပေါ့။ တကယ်ဆိုရင် ဆွမ်းခံထွက်နေတဲ့ အခါမျိုးမှာ ဒါမျိုး ပြုမူဖို့ မသင့်ဘူး။ ဖမ်းဆီးခံရတော့လည်း တကယ်ဆို ဘာသာရေးအရ တာဝန်ရှိတဲ့ သံဃာတော်တွေပဲ သေချာမေးမြန်းစစ်ဆေးပြီးမှ ဆောင်ရွက်သင့်တယ်။ အခုတော့ ထိုင်းသံဃာတော်ကလည်း ဘာမှ သေချာ စုံစမ်းမေးမြန်းတာမရှိပဲ အတင်းလူဝတ်လဲစေတယ်။ ဒါမျိုးဟာ ဖြစ်သင့်မသင့်ကို ဆင်ခြင်စေချင်တယ်။ ဒုတိယအချက်ကတော့ မြန်မာဖက်ပိုင်းက တာဝန်ယူ ဆောင်ရွက်သူတွေဟာ ဗုဒ္ဓဘာသာအဖြစ် ခံယူထားသူတွေ၊ ဗုဒ္ဓဘာသာ အမည်ခံထားတဲ့ အဖွဲ့အစည်းဖြစ်ပေမယ့် လူဝတ်လဲ ခံထားရတဲ့ ဗုဒ္ဓဘာသာဝင် သံဃာတော်တွေပါလားလို့ တစက်ကလေးမှ ငဲ့ကွက်မှု၊ အလေးဂရုဓမ္ဓ ပြုမှု မရှိတဲ့အပြင် ဘာသာတရားအရ ရှိသင့်တဲ့ စိတ်ဓါတ်မျိုး လုံးလုံးမတွေ့ရတာ အတော်လေး စိတ်မကောင်းစရာဖြစ်ပါတယ်။
နောက်.. ဦးဇင်းတို့ဟာ တခြား ဘာဥပဒေမှ ချိုးဖေါက်တာမရှိသလို ရာဇ၀တ်မှု ကျူးလွန်တဲ့သူတွေ မဟုတ်ပါဘူး။ သာသနာရေး ကိစ္စ၊ ဘာသာရေးကိစ္စ ဆောင်ရွက်နေသူတွေဖြစ်ပါတယ်။ ထိုင်းတာဝန်ရှိသူ အာဏာပိုင်တွေအနေနဲ့ အမှန်တကယ် ဘာသာသာသနာအတွက် ဆောင်ရွက်နေသူတွေ၊ ထိုင်းနိုင်ငံမှာ နေထိုင်ပြီး ၀ါဆို ၀ါကပ်တော်မူကြတဲ့ သံဃာတော်တွေကို စိစစ်ပြီး သင့်တော်တဲ့ နေထိုင်ခွင့်တခုခု ဖန်တီးပေးစေချင်တယ်။ ထိုင်းဘာသာအရေးအပြော သင်တန်း ပေးပြီး သာသနာပြုခွင့် ရှိစေချင်တယ်။ အခုလို ငွေပေးလိုက် ပြန်လွှတ်လိုက် သံသရာလည်တာမျိုး မဖြစ်သင့်ဘူးလို့ ယူဆပါတယ်။
မြန်မာ ဒကာ ဒကာမတွေအတွက် ပြောရရင်လည်း သူတို့ဟာ ရာဇ၀တ်မှု ကျူးလွန်ဖို့ လာကြသူတွေမဟုတ်ပဲ ကိုယ့်နိုင်ငံ အခြေအနေအရ ရေကြည်ရာ မြက်နုရာမှာ လာရောက်ပြီး ကောင်းရောင်းကောင်းဝယ် လုပ်ကိုင်စားကြရရှာတာမို့ ထိုင်း လူမျိုးတွေအနေနဲ့ နိုင်ငံကြီးသားပီပီ ကိုယ့်အရိပ်ကို လာခိုသူတွေကို မေတ္တာရှေ့ထား ဖေမပြီး သင့်တော်တဲ့ အကူအညီတွေ ပေးစေချင်ပါတယ်။
ဦးဇင်းပြောချင်တာက အခုအဖြစ်အပျက်ဟာ ကျောင်းကျိုးတရားတွေပဲလို့ ဦးဇင်းတို့ နှလုံးသွင်းပါတယ်။ ဘယ်သူ့ကိုမှ လည်း အပြစ်တင်လို၊ နစ်နာစေလိုတဲ့သဘော မရှိပါဘူး။ ဒါပေမယ့် နောက်နောင်လည်း ဒီလို ပြဿနာ အဖြစ်အပျက်တွေ ရှိလာနိုင်တာ မို့ ဆင်ခြင်နှလုံးသွင်း ဖြေရှင်းဆောင်ရွက်နိုင်ကြစေဖို့ပဲ ရည်ရွယ်ပါတယ်။
ဦးသူရိယ